ပရဟိတ အိုင်ဒီယာများနှင့် နိုင်ငံတည်ဆောက်ရေး

ကျွန်တော် နယ်ဖက်တွေကိုရောက်တော့ လူငယ်တွေနဲ့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်က နည်းပညာ သမားတစ်ယောက် ဖြစ်တော့ နည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အဓိက ပြောဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် နယ်ကတက်လာပြီး နည်းပညာနဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေသူဆိုတော့ နယ်မှာ နည်းပညာနဲ့ ပတ်သက်ရင် အခွင့်အလမ်း အင်မတန်နည်းတာ သိတဲ့အတွက် နယ်ဖက်တွေမှာ ဟောပြောဖို့ ဆွေးနွေးဖို့ အများကြီး စိတ်အားထက်သန်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ နည်းပညာနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ အများစုဟာ စစ်တမ်းအရ တောက၊ နယ်ကတက်လာသူတွေ အများစုဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတွက် အိန္ဒိယနိုင်ငံမှာဆိုရင် ပညာရှင်တွေ မွေးထုတ်ဖို့အတွက် မြို့ကနေ မစပဲ၊ တောကနေစတယ်လို့ မှတ်သားရပါတယ်။ တောမှာ ကွန်ပျူတာတွေ သွားထားတယ်။ Digital Divide (နည်းပညာ အသုံးချနိုင်စွမ်း ကွာဟမှု)ကို အကြီးအကျယ် လျော့ချပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ အဲဒီလို နည်းလမ်းမျိုးတွေ ကျင့်သုံးသင့်ပါတယ်။

ကျွန်တော်နယ်တွေရောက်တော့ လူငယ်တွေနဲ့ စကား ပြောဖြစ်တဲ့အခါ နည်းပညာနဲ့ ပတ်သက်ရင် ဈေးကွက် သုံးမျိုး အကြမ်းအားဖြင့် သတ်မှတ်နိုင်ကြောင်း ပြောဖြစ်ပါတယ်။

  • အလုပ်အကိုင်အခွင့်အလမ်း ဈေးကွက်
  • ဝန်ဆောင်မှုဈေးကွက်
  • တီထွင်ဖန်တီးမှု ဈေးကွက်

ဆိုပြီး အကြမ်းအားဖြင့် ကျွန်တော် သတ်မှတ်ထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ဈေးကွက်ဆိုတာကတော့ နည်းပညာနဲ့ ပတ်သက်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အပေါ်မူတည်ထားတဲ့ ဈေးကွက်တွေပါ။ မြို့ကြီးတွေမှာတော့ အခွင့်အလမ်းအရမ်းများပေမယ့် နယ်ဖက်တွေမှာတော့ ဘဏ်တွေ၊ စာစီစာရိုက်ဆိုင် အနည်းအကျဉ်းကလွဲလို့ အလုပ်အကိုင် အခွင့်အလမ်း အင်မတန်နည်းပါတယ်။ နည်းပညာကို အဆင့်မြင့်မြင့် အသုံးချနိုင်စွမ်းလဲ အင်မတန်နည်းတာ တွေ့ရပါတယ်။

နောက်တစ်ခုက ဝန်ဆောင်မှုဈေးကွက်။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ နည်းပညာပေါင်းစပ်မှုတွေ ပြုတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဈေးကွက်ပါ။ နည်းပညာကို သိပ်မသုံးဘူးဆိုရင်လဲ ဈေးကွက်လဲ ဖြစ်လာဖို့ အကြောင်းမရှိပါဘူး။ ဒါလဲ နယ်ဖက်တွေမှာ အင်မတန်နည်းပါတယ်။

နောက်ဆုံးတစ်ခုကတော့ တီထွင်ဖန်တီးမှု ဈေးကွက်ပါ။ နည်းပညာဆိုတာ တီထွင်ဖန်တီးမှုကို အခြေခံပါတယ်။ အဲဒီ တီထွင်ဖန်တီးမှု အသီးအပွင့်တွေက တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ဈေးကွက်၊ ဝန်ဆောင်မှု ဈေးကွက်တွေလဲ ဖြစ်ပေါ် စေနိုင်ပါတယ်။ နယ်က လူငယ်တွေအတွက် နည်းပညာနဲ့ အသက်မွေးဖို့ဆိုရင် တစ်ခုတည်းသော ထွက်ပေါက်ဟာ တီထွင်ဖန်တီးမှု ဈေးကွက်ပဲ ဖြစ်ပါတယ်။

အိုင်ဒီယာအကြောင်း ပြောရအောင်

တီထွင်ဖန်တီးမှုဆိုတဲ့ နောက်ကွယ်မှာ တစ်ခါတည်း ကပ်ပါလာတာက အိုင်ဒီယာပါ။ အိုင်ဒီယာမရှိပဲ တီထွင်ဖန်တီးမှု မဖြစ်နိုင်ပါဘူး။ အိုင်ဒီယာ ရှိတယ်ဆိုရင်တောင် လက်တွေ့အကောင်အထည် မဖော်ရင် တီထွင်ဖန်တီးမှုက ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် နယ်က လူငယ်တွေကို မေးလေ့ရှိတဲ့ မေးခွန်းက

ခင်ဗျားတို့ ဒီနေ့ ဘယ်လိုအိုင်ဒီယာတွေရလဲ

ဆိုတဲ့ မေးခွန်းပါ။ အဲဒီမေးခွန်းကို မေးလိုက်တဲ့ အားလုံးက ဘာမှမပြောနိုင်ပဲ ထိုင်ကြည့်နေတာ များပါတယ်။ ကျွန်တော် မေးခွန်းတွေကို လျော့လျော့ပြီး မေးသွားပါတယ်။ ဒီနေ့ဆိုများတယ်၊ ဒီလ။ ဒီလဆို များတယ် ဒီနှစ် စသည်ဖြင့် လျော့လျာ့မေးသွားပါတယ်။ ကလေးဘဝတုန်းကရော ဆိုတော့ အားလုံးက အများကြီး တွေးဖူးပါတယ်ပေါ့။ အိုင်ဒီယာတွေ အများကြီး ထုတ်ဖူးတယ်လို့ ဖြေကြပါတယ်။ ကျွန်တော်ဆို ငယ်ငယ်က မျိုးစုံ အိုင်ဒီယာတွေ ထုတ်ဖူးပါတယ်။ အိမ်ရှေ့က သစ်ပင်ကြီးမှာ လင့်စင်ကြီးထိုးပြီး နေမယ်။ ကြက်သွန်ဥတွေ ပြုတ်ကျနေပြီး အညှောင့်ထွက်လာရင်လဲ ကြက်သွန်ပင်တွေစိုက်ပြီး သူဌေးဖြစ်အောင် လုပ်မယ် စသည်ဖြင့် စုံနေအောင် တွေးဖူးပါတယ်။

ကျွန်တော်တို့ ငယ်စဉ်က အိုင်ဒီယာတွေ ထွက်သလောက် ဆိုးဝါးလွန်းတဲ့ အလွတ်ကျက်၊ အသေမှတ် ပညာရေးစနစ်အောက်မှာ မိဘတွေရဲ့ လမ်းညွှန်မှု အမှားတွေအောက်မှာ ကျွန်တော်တို့ အိုင်ဒီယာတွေ အညွန့်တုံးကုန်ပါတယ်။ သူများနိုင်ငံမှာ တက္ကသိုလ်ကျောင်းသားဆိုတာ အိုင်ဒီယာမီးတွေ တရှိန်ရှိန်တောက်နေကြပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ တက္ကသိုလ်ရောက်လေ အိုင်ဒီယာပိုတုံးလေ ဖြစ်ကုန်ပါတယ်။

ကျွန်တော်တို့ အိုင်ဒီယာတွေ ပြန်အသက်သွင်းရအောင်

ကျွန်တော်တို့ အိုင်ဒီယာတွေအကြောင်း ပြောတာနဲ့ တစ်ပြိုင်တည်း တွေးမိတာက ပိုက်ဆံ ဘယ်လောက်ရမလဲဆိုတဲ့ အတွေးပါ။ ကျွန်တော်တို့ နည်းနည်းလောက် လေ့လာကြည့်ရအောင်

ကျွန်တော်တို့ နည်းပညာ လုပ်ငန်းမှာ ပိုက်ဆံရရန် သေချာတဲ့ အိုင်ဒီယာဆိုတာ အင်မတန် ရှားပါတယ်။ ပုံမှာ ၁ ရာခိုင်နှုန်းလို့ ရေးထားပေမယ့် တကယ်လက်တွေ့မှာ ၁ ရာခိုင်နှုန်းထက် နည်းပါတယ်။ ပိုက်ဆံရရန် မသေချာတဲ့ အိုင်ဒီယာတွေကတော့ ၉ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ နည်းပညာအရ တစ်ခုခု တီထွင်ဖန်တီးတော့မယ်ဆိုရင် အများစုက ၉ ရာခိုင်နှုန်း ရှိတဲ့ အစိမ်းရောင်နယ်ပယ်ထဲကို တိုးဝင်ကြတာ များပါတယ်။

အဲဒီလိုနဲ့ တီထွင်ဖန်တီးမှု အသားပေး နည်းပညာသမားတွေဟာ ပိုက်ဆံရရန် သေချာတဲ့ အိုင်ဒီယာတွေ ရှာဖွေရင်း၊ ပိုက်ဆံရရန် မသေချာတဲ့ အိုင်ဒီယာတွေ နောက်လိုက်ရင် အချိန်ကုန်ကြရပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ သတိထားသင့်တဲ့ အစိတ်အပိုင်းက ၉၀ ရာခိုင်နှုန်းရှိတဲ့ ပရဟိတ အိုင်ဒီယာတွေပါ။ ကျွန်တော် ပရဟိတ အိုင်ဒီယာလို့ အမည်တပ်ထားတာပါ။

ကျွန်တော်တို့ နယ်မြို့တစ်မြို့ကို ရောက်သွာတယ်ဆိုပါစို့။ အဲဒီ နယ်မြို့လေးအကြောင်းကို Google Play Store မှာ ရှာလိုက်တယ်ဆိုရင် တန်းတွေ့ချင်ပါတယ်။ အဲဒီလို တွေ့ပြီဆိုတာနဲ့ မြို့လေးအကြောင်းကို တန်းလေ့လာနိုင်မယ်။ မြို့လေးမှာ လည်စရာ ပတ်စရာ၊ ဝယ်စရာ ခြမ်းစရာတွေကို သိမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ အမြဲတမ်းတွေးမိပါတယ်။ အဲဒီ နည်းပညာ ထုတ်ကုန်တွေဟာ ပရဟိတ အိုင်ဒီယာ အရင်းခံတွေပါပဲ။ ပရဟိတအိုင်ဒီယာတွေ အပေါ်မှာ နည်းပညာအရ တီထွင်ဖန်တီးမယ်ဆိုရင် အများကြီး ဖန်တီးစရာတွေ ရှိနေပါတယ်။ ကိုယ့်မြို့ကိုယ့်ရွာအကြောင်း သိအောင်ပြောမလား။ လူမူရေးလား၊ ဘာသာရေးလား စသည်ဖြင့် နယ်ပယ်စုံ ဖန်တီးလို့ရနိုင်ပါတယ်။ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်၊ ပညာရေးနယ်ပယ်၊ ရပ်ရွေးရွာရေး၊ လူမှုရေး ဘယ်နေရာပဲ ဖြစ်ဖြစ် အခမဲ့ပေးမယ်၊ ပရဟိတ နည်းပညာတွေ ဖန်တီးမယ်ဆိုရင် ဖန်တီးစရာတွေ အများကြီး ရှိနေပါတယ်။

ပရဟိတနည်းပညာက ဘာတွေ အကျိုးရှိလဲ

အကျိုးရှိတာကတော့ အများကြီးပါ။

  • အခြေခံအဆောက်အဦတွေ ဖြစ်လာနိုင်ပါတယ်
  • နည်းပညာ အခြေခံတွေ ဖြစ်လာနိုင်ပါတယ်
  • အတွေ့အကြုံကောင်းတွေ ရလာနိုင်ပါတယ်
  • မိမိရဲ့ စွမ်းဆောင်ရည်ကို ထိထိရောက်ရောက် မြှင့်တင်နိုင်ပါတယ်
  • တစ်ခြား မမျှော်မှန်းနိုင်တဲ့ အခွင့်အလမ်းတွေလဲ ရလာနိုင်ပါတယ်

အခြေခံအဆောက်အဦဆိုတာ နောက်တစ်ဆင့်တက်နိုင်ဖို့ အခွင့်အလမ်းကောင်းပါ။ ပရဟိတနည်းပညာ ထုတ်ကုန်တွေဟာ နောက်တစ်ချိန်မှာ စီးပွားဖြစ် လုပ်ငန်းတွေဖြစ်လာနိုင်သလို နည်းပညာအရ ချိတ်ဆက်နိုင်မယ့် စီးပွားရေးလုပ်ငန်းတွေအတွက်လဲ အခြေခံအဆောက်အဦတွေ ဖြစ်လာနိုင်ပါတယ်။

နည်းပညာ အခြေခံဆိုတာကို လွယ်လွယ်နားလည်အောင် ပြောရရင် Don’t reinventing the wheels ဆိုတဲ့ အင်္ဂလိပ်စကားပုံကို ဥပမာပေးလို့ရပါတယ်။ ဆိုလိုတာက သူများ ဘီးထွင်ပြီးရင် ဘီးထပ်မထွင်ပါနဲ့ ဘီးကို တပ်မောင်းမယ့် ကားကိုထွင်ပါဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲဒီလို နည်းပညာ အခြေခံကောင်းတွေ တည်ဆောက်နိုင်မယ်ဆိုရင် ပရဟိတ နည်းပညာ ဖြစ်တာနဲ့ အညီတစ်ခြားသူတွေကလဲ ဒီထက်အဆင့်မြင့်တဲ့ နည်းပညာတွေ ဖန်တီးလာနိုင်စေပါတယ်။

တစ်ခုခုဖန်တီးနေတယ်ဆိုတာ ဘာမှမလုပ်တာထက်စာရင် အတွေ့အကြုံတွေ အများကြီး ရစေပါတယ်။ တစ်ခုခုကို တီထွင်ဖန်တီးနိုင်စွမ်းကို တည်ဆောက်တယ်ဆိုတာ တော်ရုံဇွဲ၊ သတ္တိနဲ့ မရပါဘူး။ ဘယ်သူမှာ မလုပ်သေးတာ တစ်ခုကို မသေချာခြင်းများစွာ ကြားထဲက ဖန်တီးရတာ ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကြိုးစား အားထုတ်ရလေ့ရှိပါတယ်။ အဲဒီအတွက် မိမိရဲ့ စွမ်းဆောင်ရည်ကို ထိထိရောက်ရောက် မြှင့်တင်နိုင်မှာ အသေအချာပါပဲ။

တစ်ခြားမမျှော်မှန်းနိုင်တဲ့ အခွင့်အလမ်းတွေဆိုတာ ကိုယ့်အနေနဲ့ စေတနာရှေ့ထား ဖန်တီးလိုက်တဲ့ ပရဟိတနည်းပညာဟာ ကိုယ့်အတွက် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်သွားတာမျိုးကို ဆိုလိုပါတယ်။ တစ်ခုခုသာ ပရဟိတစိတ်နဲ့ စေတနာထား ဖန်တီးလိုက်ပါ။ မမျှော်မှန်းနိုင်တဲ့ အခွင့်အလမ်းတွေ ရကို ရလာစေရမယ့်လို့ ကျွန်တော့် အတွေ့အကြုံက ရဲရဲကြီး အာမခံနိုင်ပါတယ်။

ပရဟိတနည်းပညာနဲ့ ကောက်ရိုးမီး

ပရဟိတနည်းပညာဆိုတာ ကောက်ရိုးမီးတွေ ဖြစ်တတ်တာ များပါတယ်။ ကျွန်တော်မိတ်ဆွေတစ်ယောက် ပြောဖူးတာ အမှတ်ရမိပါတယ်။ အခမဲ့ထွက်လာတဲ့ Mobile App တွေ အကုန်လုံး ဗားရှင် (၁) ထက်မကျော်ဘူးဆိုတာပါ။ အဲဒီလို ကောက်ရိုးမီးဖြစ်ရတယ်ဆိုတာလဲ အကြောင်းအမျိုးမျိုးရှိပါတယ်။ အခမဲ့လုပ်ပေးရတယ်ဆိုတယ် ကြီးတော်နွားအလကား ကျောင်းရသလိုပါပဲ။ အူမတောင့်မှ သီလစောင့်နိုင်မယ့် အခြေအနေတွေကလဲ ရှိနေတော့ ပိုဆိုးပါတယ်။ အဲဒီအတွက် ပရဟိတ နည်းပညာ ဖန်တီးမှုတွေဟာ ကောက်ရိုးမီးသာသာ ဟုန်းကနဲတောက် ဝုန်းကနဲငြိမ်းသွားတတ်ပါတယ်။

ပရဟိတအိုင်ဒီယာတွေ အပေါ်မှာ မူတည်ပြီး နည်းပညာတွေ ဖန်တီးတော့မယ်ဆိုရင် ဖန်တီးသူကိုယ်တိုင် ပြင်းထန်သော ပရဟိတ စိတ်ဓာတ်၊ စိတ်ထားတွေ ရှိနေဖို့လိုပါတယ်။ အလကား လုပ်ပေးနေရတယ်လို့ သဘောမထားပဲ ကိုယ်တိုင် အင်မတန် နှစ်သက်တန်ဖိုးထားတဲ့ နည်းပညာတစ်ခုကို ဖန်တီးနေတယ်လို့ စိတ်ထဲမှာ စွဲမြဲပြီး လုပ်ကိုင်ဆောက်ရွက်သင့်ပါတယ်။

အဲဒီအပြင် အချိန်အားနေဖို့လဲ လိုတဲ့အတွက် ပရဟိတအိုင်ဒီယာတွေကို ဖန်တီးတဲ့အခါ တက္ကသိုလ်တက်နေတဲ့ လူငယ်တွေအတွက် အားသာချက်တွေ အများကြီး ရှိနေပါတယ်။ ပူပင်ကြောင့်ကြမရှိ၊ ဝင်ငွေအတွက်လဲ စဉ်းစားစရာမလိုတဲ့အတွက် အခမဲ့ပေးရမယ့် ပရဟိတ အိုင်ဒီယာတွေကို ကောင်းကောင်း အကောင်အထည် ဖော်နိုင်ပါတယ်။

ပရဟိတ နည်းပညာတီထွင်ဖန်တီးမှုတွေကို ကောက်ရိုးမီး မဖြစ်စေဖို့ အစိုးရမှာလဲ အများကြီး တာဝန်ရှိသလို၊ ရပ်မိ၊ ရပ်ဖ၊ မြို့မိမြို့ဖတွေမှာလဲ အများကြီး တာဝန်ရှိပါတယ်။ ပရဟိတ နည်းပညာသမားတွေ ချီးမြှင့်မြောက်စားဖို့ အများကြီး လိုအပ်ပါတယ်။

ပရဟိတနည်းပညာများနှင့် နိုင်ငံတည်ဆောက်ရေး

တစ်ခါက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသွားတုန်းက ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံကို ပြန်လာတဲ့အခါ အသာစံဖို့ ပြန်မလာပါနဲ့။ ပြည်သူတွေ အားလုံးနဲ့ အနာခံဖို့ ပြန်လာကြပါဆိုတဲ့ စကားပါ။ ကျွန်တော်တို့ ပရဟိတနည်းပညာဆိုတာ တစ်ဖက်က ကြည့်မယ်ဆိုရင် အနာခံတဲ့သဘောပါ။ အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ဟာ နိုင်ငံတည်ဆောက်ရေးအတွက် တကယ့်ကို အရေးပါတဲ့ စိတ်ဓာတ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံလို အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ အနေအထားမှာ ကျွန်တော်တို့ နည်းပညာသမားတွေ အနေနဲ့ အနာခံပြီး ပရဟိတ အိုင်ဒီယာတွေကို အသက်သွင်းဖို့ ဖက်စုံထောင့်စုံက လိုအပ်နေပါတယ်။ ပရဟိတနည်းပညာနဲ့ နိုင်ငံငံတည်ဆောက်ရေးဆိုတာ သတင်းအချက်အလက် နည်းပညာခေတ်လို့ ခေါ်တဲ့ အခုခေတ်ကြီးထဲမှာ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တဲ့ အပြန်အလှန် အထောက်အပံ့ကောင်းတွေ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ဘားကမ့် တောင်ငူမှာတုန်းက ပြောဖြစ်ခဲ့တဲ့ ခေါင်းစဉ်ဖြစ်ပါတယ်)