Fake News

သတင်းအမှားတွေကို ဘယ်လိုပါးပါးနပ်နပ် ရှောင်ရှားမလဲ

အွန်လိုင်းမှာ တင်ထားတဲ့သတင်းတိုင်း အမှန်မဟုတ်ပါဘူး။ သတင်းအတုတွေ ပျံ့နှံ့မှုကနေ ဘယ်လို တားဆီးမလဲ၊ လွယ်ပါတယ်၊ Facebook တို့ Google တို့က သတင်းအတုဖြန့်တဲ့ Website တွေက သတင်းတွေကို မပြဘူး၊ လူတွေကလဲ အဲဒီလို သတင်းအတုတွေကို မဝေမျှဘူးဆိုရင် ဘာမှပြန့်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ သတင်းအတုတွေကို ကိုယ်တိုင်ပဲ ရှောင်ကြဖို့ လိုပါတယ်။

တကယ်တော့ သတင်းအတုတွေ အတုမှန်းသိဖို့ လွယ်ပါတယ်။ ဒါတွေကို စစ်ဆေးလိုက်မယ်ဆိုရင် သတင်းအတု ဖြစ်ကြောင်းအလွယ်တကူ သိနိုင်ပါလိမ့်မယ်။

၁။သတင်းကမမြင်ဘူးမကြားဖူးတဲ့အင်တာနက်လိပ်စာကနေတက်လာတာလား

ဒါကတော့ ပထမဦးဆုံး စစ်ဆေးသင့်တဲ့အပိုင်း ဖြစ်ပါတယ်။ သတင်း Website တွေက တရားဝင် သတင်းဌာနက တက်လာတာလား စသည်ဖြင့် စစ်ဆေးဖို့ပါ။ တရားဝင်သတင်းဌာနတိုင်း သတင်းမှန်တွေ တင်မယ်လို့တော့ မယူဆစေချင်ပါဘူး။ ဒါပေမယ့် တရားဝင် သတင်းဌာနဆိုတာ အပြင်မှာ ရုံးခန်းနဲ့ အဖွဲ့အစည်းနဲ့ ရှိကြပါတယ်။ သတင်းမှားလို့ တစ်ခုခုဖြစ်ရင် အနည်းဆုံး သူတို့ကို အပြင်မှာ သွားဆဲလို့ရပါတယ်။ 

ကျွန်တော်တို့ နိုင်ငံမှာ သတင်းမှား သတင်းတုတွေကို အားလုံးနီးပါး Facebook Instance Article တွေက တစ်ဆင့် ဖြန့်ကြပါတယ်။ ဘာကြောင့် Instance Article တွေက ဖြန့်ကြပါသလဲ၊ အဓိကက ပိုက်ဆံရလို့ပါ။ အဲဒီအပြင် IA လို့ခေါ်တဲ့ Instance Article တွေက Facebook Server တွေမှာ တင်ထားတာ ဖြစ်တဲ့အတွက် အရမ်းမြန်ပါတယ်။ ပုံစံတွေကလဲ အတူတူတွေဆိုတော့ တရားဝင် သတင်းဌာနကလား၊ တရားဝင် သတင်းဌာန မဟုတ်ဘူးလားဆိုတာ ဝေခွဲရခက်စေပါတယ်။ သတင်းအတုတွေရဲ့ နောက်မှာ ရုံးတွေ ရှိမနေပါဘူး။ အဲဒီအပြင် ကိုယ်စားပြုမယ့် လူတောင် ရှိမနေပါဘူး။

၂။သတင်းခေါင်းစဉ်နဲ့သတင်းကကိုက်ညီမှုရှိရဲ့လား

လူတွေအနေနဲ့ သတင်းခေါင်းစဉ်လောက် ဖတ်ပြီး အတွင်းကို မဖတ်ပဲ ဝေမျှကြခြင်းဟာ Facebook လို လူမှုကွန်ယက်မှာ သတင်းအတုတွေ၊ သတင်းအမှားတွေ ပြန့်နှံ့ရခြင်းရဲ့ အကြီးဆုံး လက်သည်တရားခံဖြစ်တယ်လို့ နိုင်ငံတကာ အချက်လက် စစ်ဆေးအတည်ပြုရေး ကွန်ယက်က ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ အလက်ဇီယို မန်တာဇာလစ်က ဆိုပါတယ်။ 

သတင်းအတုတွေဟာ ခေါင်းစဉ်မှာ လူတွေ ချက်ချင်း စိတ်ဝင်စားစေမယ့် Issue တွေကို ခေါင်းစဉ်တပ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ “နေပြည်တော်မှာ ဝူဟန်ဗိုင်းရပ်စ် လူနာနှစ်ဦးတွေ့” လို့ ခေါင်းစဉ်တပ်ထားပြီး အတွင်းမှာတော့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ သံသယလူနာ သတင်းကို ကူးတင်ထားပါတယ်။ လူတွေအနေနဲ့က ခေါင်းစဉ်လောက် ဖတ်ပြီး ဝေမျှကြပါတော့တယ်။ 

၃။သတင်းကမကြာခင်ကဖြစ်ခဲ့တာလား၊ဒါမှမဟုတ်အဟောင်းကြီးလား၊တမင်ရည်ရွယ်ချက်ရှိရှိပြန်ဝေမျှနေတာလား

ဒါမျိုးတွေက Facebook မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ COVID-19 ဖြစ်နေတဲ့ အချိန်မှာ H1N1 တုန်းက သတင်းတွေ ပြန်ဝေမျှကြတာမျိုးပါ။ လူတွေက သတင်းရဲ့ နေ့စွဲကို သေချာမကြည့်ပဲ ဝေမျှကြပါတယ်။ အဲဒီက တစ်ဆင့် လူအများဆီ ပြန့်နှံ့ပြီး သတင်းအမှားကွန်ယက်တွေကလဲ အခုပဲ ဖြစ်နေသယောင် ထပ်ဖြန့်ကြပါတယ်။ 

သတင်းတွေဆိုတာ ပုံစံတူတွေအမြဲတမ်းရှိတတ်ပါတယ်။ အဲဒီအပြင် Search Engine တွေကလဲ တူရာကို စုပေးတတ်တဲ့အတွက် Issue တူရင် သတင်းတူတွေ ပြန်ပေါ်လာတတ်ပါတယ်။ အဲဒါကို လူတွေက သတင်းရဲ့ ရက်စွဲကို သေချာမကြည့်ပဲ ဝေမျှကြရာကနေ အခုပဲ ဖြစ်သယောင်လူတွေ ထင်ယောင်ထားမှား ဖြန့်ကြပါတော့တယ်။ 

၄။သတင်းမှာပါတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကအတည်ပြုစစ်ဆေးလို့ရနိုင်သလား

သတင်းတွေမှာ ဗီဒီယိုတွေ ဓာတ်ပုံတွေ ပါပြီဆိုရင် အဲဒီဓာတ်ပုံတွေကို ကြည့်ပြီး သတင်းက အမှန်ဟုတ်မဟုတ် အတုဟုတ်မဟုတ် စစ်ဆေးလို့ရနိုင်ပါတယ်။ အဲဒီအတွက် သတင်းတွေကို ဖတ်ရှုတဲ့အခါ ဓာတ်ပုံတွေ ဗီဒီယိုတွေပါသလားဆိုတာ စစ်ဆေးဖို့လိုပါတယ်။ တရားဝင်သတင်းဌာနတွေအနေနဲ့ သူတို့ သတင်းဌာနမှာ သတင်းထောက်တွေ ရှိနေပါတယ်။ သူတို့ သတင်းတင်ဆက်တဲ့အခါ သတင်းဌာနတွေအနေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်လေ့ရှိပါတယ်။ 

ဒါပေမယ့် အဲဒီလို တရားဝင်သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး တင်တဲ့ IA တွေ ရှိနေတတ်တဲ့ အပြင် မူရင်း သတင်းဓာတ်ပုံ၊ ဗီဒီယိုကို အသုံးပြုပြီး သတင်းအတု ဖန်တီးနေတာမျိုးတွေလဲ ရှိနေနိုင်ပါတယ်။ အဲဒီအတွက် သတင်းဓာတ်ပုံတွေ သတင်းဗီဒီယိုတွေကို သေသေချာချာ စစ်ဆေးပြီး သတင်းအရင်းအမြစ်အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ အဲဒီအပြင် ကူးချခိုးယူထားတဲ့ သတင်းတွေကိုလဲ တိုင်ကြားကူညီပေးခြင်းဖြင့် သတင်းတု ပြန့်နှံ့မှုကို ကူညီပေးနိုင်ပါတယ်။ 

၅။သတင်းအရင်းအမြစ်တွေကမှန်ကန်မှုရှိရဲ့လား

ဒီလို စစ်ဆေးနိုင်ဖို့အတွက်တော့ သာမန်လူအတွက် ခက်ခဲနိုင်ပါတယ်။ သတင်းအတုတွေကို ဖန်တီးရာမှာ မူလသတင်းအရင်းအမြစ်ရဲ့ အချက်အလက်ကို ရယူခြင်းမရှိပဲ လိုရာဆွဲဖန်တီးထားတဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် အတင်းအဖျင်းတွေ ကောလဟာလတွေအပေါ်မှာ အခြေခံလေ့ရှိပါတယ်။ လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာတွေအပေါ် တင်ပြီး သတင်းဖန်တီးတာ ဖြစ်တဲ့အတွက် သတင်းကလဲ အင်မတန် ပြန့်လွယ်ပါတယ်။


ဥပမာ အနေနဲ့ COVID-19 ကို ကွန်ဒုံးလက်မှာ စွတ်ပြီးကာကွယ်နိုင်တယ်ဆိုတဲ့ ကောလဟာလအပေါ်မှာ သတင်းလုပ်ပြီး ဖြန့်တာမျိုးပါ။ လူအများက ကြောက်ရွံ့နေချိန်ကို အသုံးချပြီး မရေရာတဲ့ သတင်းအရင်း အမြစ်မတိကျတဲ့ သတင်းဖန်တီးမှုပုံစံများ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ သက်ရောက်မှုရှိတဲ့ Follower များတဲ့ သူများရဲ့ ရေးသားချက်များကို သတင်းပြန်လုပ်တာလဲ ဒီ အမျိုးအစားထဲမှာ ပါဝင်လေ့ရှိပါတယ်။

၆။သတင်းမှာပါတဲ့ပြောဆိုချက်များကမှန်ကန်မှုရှိ/မရှိ၊တိုက်ဆိုင်စစ်ဆေးလို့ရနိုင်/မရနိုင်

ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားဟု ဆိုပြီး သတင်းတင်ထားတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ စကားဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မိမိပြန့်စေလိုသည့် သတင်းကို လူအများရိုသေလေးစားသည့် သူတစ်ဦးက ပြောသယောင်ဖန်တီးလိုက်မယ်ဆိုရင် သတင်းပြန့်ဖို့ ပိုလွယ်ပါတယ်။ အဲဒီလို မည်သူက ပြောပါသည်ဆိုပြီး ရေးထားတဲ့ သတင်းတွေကို ဖတ်ရတဲ့အခါ အဆိုပါ ပြောကြားချက် မှန်ကန်မှု ရှိမရှိ၊ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောစကားဆိုလျှင် ပြောထားသည့် ဗီဒီယို (သို့) အသံဖိုင် အထောက်အထား ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို သက်သေအထောက်အထားများ မရနိုင်သည့်တိုင် မည်သည့်ပွဲတွင် ပြောသွားပြီး မည်သူက ကြားကြောင်း၊ ထိုသူမှ တစ်ဆင့်ပြန်ပြောကြောင်း မှတ်တမ်းရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

၇။သတင်းကအရင်းအမြစ်တစ်ခုတည်းကထွက်လာတာလား

လူအများစိတ်ဝင်စားသော သတင်းတစ်ပုဒ်အနေနဲ့ သတင်းအရင်းအမြစ်တစ်ခုတည်းက ထွက်လာပြီး အခြား သတင်းအရင်းအမြစ်များက မဖော်ပြကြဘူးဆိုရင် သတင်းရဲ့ ခိုင်မာမှု လျော့နည်းနိုင်ကြောင်း တွက်ဆလို့ ရနိုင်ပါတယ်။ အဲဒီအပြင် လူအများစိတ်ဝင်စားတဲ့ သတင်းတစ်ခုကို လားရာလမ်းကြောင်း ပြန်လိုက်ကြည့်တဲ့အခါ သတင်းအရင်းအမြစ်တစ်ခုတည်း ဖြစ်နေရင်လဲ သတင်းရဲ့ ခိုင်မာမှု လျေ့ာနည်းနိုင်ကြောင်း သတိပြုနိုင်ပါတယ်။

၈။သင်ကိုယ်တိုင်ကသင်ကြားချင်သည့်သင်ဖြစ်စေချင်သည့်သတင်းများထွက်ပေါ်လာမှုအပေါ်ဘက်လိုက်မှုရှိနေသလား

ဒါကတော့ ကိုယ်ကိုယ်တိုင် ကြားချင်၊ သိချင်၊ ဖြစ်စေချင်နေသော သတင်းအချက်အလက်များအပေါ် ဘက်လိုက်မှု ရှိနေတဲ့အတွက် သတင်းအတုအစစ် ခွဲခြားဖို့ မေ့လျော့နေတတ်တဲ့ သဘောဖြစ်ပါတယ်။ ဥပမာအနေနဲ့ “COVID-19 ပျောက်သည့်ဆေး ပေါ်ပြီ” ဟု ခေါင်းစဉ်တပ်ထားသည့် သတင်းတွေ့ပြီ ဆိုပါစို့။ သင်ကိုယ်တိုင်က ဆေးပေါ်စေချင်နေတဲ့အတွက် အဲဒီသတင်းကို သေချာမဖတ်ပဲ ဝေမျှတာမျိုး ဖြစ်သွားနိုင်ပါတယ်။

လူတိုင်းလူတိုင်းမှာ သန်ရာသန်ရာ အစွဲတွေရှိကြပါတယ်။ အဲဒီအစွဲတွေကို အသုံးချပြီး သတင်းအတုတွေ၊ သတင်းအမှားတွေ ဖန်တီးကြပါတယ်။ လူတွေကလဲ ကိုယ့်အစွဲနဲ့ ကိုက်တဲ့ ကိုယ်ဘက်လိုက်နေတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အခါ ဆင်ခြင် စစ်ဆေးမှု မရှိပဲ ဝမ်းသာအားရ ဝေမျှကြပါတယ်။ သတင်းတွေကို အစွဲကင်းကင်းနဲ့ ဖတ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီအတွက် ဒီအချက်ကတော့ လူတိုင်းသတိထားဖို့ လိုအပ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

၉။ဂုဏ်သရေရှိအချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းများကအတည်ပြုချက်ပေးခြင်းရှိမရှိ

ဒါမျိုးကတော့ နိုင်ငံတကာမှာဆိုရင် အဲဒီလို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မရှိတာများပါတယ်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ဆိုပြီး ထွက်လာတဲ့ သတင်းတွေရဲ့ နောက်ကွယ်မှာ ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ခြင်း ရှိမရှိ၊ အတည်ပြုခြင်း ရှိမရှိ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်သလိုမျိုးပါ။ သတင်းအချက်အလက် အတည်ပြုပေးနိုင်မယ့် အဖွဲ့အစည်းများက လက်နှေးနေမယ်ဆိုရင် သတင်းအတု၊ သတင်းအမှားတွေက ပိုပြီး ပြန့်နှံ့သွားနိုင်ပါတယ်။ 

ဥပမာ – COVID-19 သံသယလူနာ သေဆုံးသွားသည့် ကောလဟာလအပေါ် သတင်းတစ်ခု ထွက်ပေါ်လာသည်ဆိုပါစို့။ ဝန်ကြီးဌာက အချိန်နှင့် တစ်ပြေးညီ အတည်ပြုခြင်း၊ ပယ်ချခြင်း မပြုလုပ်လျင် သတင်းမှား၊ သတင်းတု ပိုမိုပြန့်နှံ့သွားနိုင်ပါတယ်။ အဲအတွက် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ပြီး အတည်ပြုခြင်း၊ ပယ်ချခြင်း စတာတွေ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီအတည်ပြုချက်တွေကို တောင်းဆိုပြီး အတည်ပြုချက်တွေ ရလာမှသာ ယုံကြည်သင့်ပါတယ်။

၁၀။သတင်းအရင်းအမြစ်ကယုံကြည်ရရဲ့လား

ဒီအပိုင်းကတော့ အခက်အခဲဆုံး အပိုင်းဖြစ်ပါတယ်။ သတင်းအရင်းအမြစ်ရဲ့ ယုံကြည်ရမှုအပေါ် အကဲဖြတ်ရတာ ဖြစ်တဲ့အတွက်ပါ။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိသလို မမှားဘူးတဲ့ သတင်းဌာနလဲ မရှိပါဘူး။ သတင်းအရင်းအမြစ်ပိုင်ရှင် သတင်းဌာနအနေနဲ့ သတင်းများကို အတည်ပြုချက်ရယူရမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်ပါတယ်။ သတင်းသမားများအနေနဲ့လဲ လူများဖြစ်သည့်အတွက် အမှားမကင်းနိုင်ပါ။ အဲဒီအတွက် ကျွန်တော်တို့ သတင်းဖတ်သူများအနေနဲ့ ဘယ်သတင်းမဆို သံသယထားတာ အကောင်းဆုံးဖြစ်ပါတယ်။ အစွဲကင်းကင်းနဲ့ချက်ချင်း မယုံဖို့လိုပါတယ်။ 

အဲဒီအပြင် လိုရာဆွဲရေးတဲ့ သတင်းနဲ့ သတင်းအတုကိုခွဲခြား မြင်ဖို့ လိုပါတယ်။ လိုရာဆွဲရေးတဲ့ သတင်းတွေဟာ အမှန်အကန်အချက်အလက်တွေအပေါ်မှာ အခြေတည်ပြီး လိုရာကို ဆွဲကြပါတယ်။ သတင်းအတုကတော့ မူလအချက်အလက်ကိုက မမှန်တာပါ။ သတင်းဌာနတွေအနေနဲ့ ဘက်လိုက်မှုတွေ ရှိနေနိုင်တဲ့အတွက် လိုရာဆွဲတဲ့ သတင်းတွေ ဖြန့်နိုင်ပါတယ်။ 

ဝန်ခံချက် – CNN သတင်းဌာနမှ AJ Willingham ရေးသားသော Here’s how to outsmart fake news in your Facebook feed ကို ဆီလျှော်သလို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။