Canvas

ကျွန်တော်နှင့် Template

ဟိုတစ်နေ့က ဆရာကြီး တစ်ယောက်နဲ့ e-Gov အကြောင်း၊ နိုင်ငံတည်ဆောက်ရေး အကြောင်း၊ Lean Canvas အကြောင်းတွေ ပြောဖြစ်ကြတော့ ကျွန်တော်မှာရော Template မရှိဘူးလားပေါ့။ စဉ်းစားမိတယ်။ တစ်ခါမှ စာရွက်ပေါ်တော့ ချမရေးဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော့်မှာ Canvas တစ်ခု ရှိတာ တွေးမိပါတယ်။

ကျွန်တော့်ရဲ့အလေ့အကျင့်ကို မျှဝေရမယ်ဆိုရင် ပထမဦးဆုံး အလုပ်တစ်ခုလုပ်တော့မယ်ဆိုတာနဲ့

(၁) Danger Zone (အန္တရာယ် ရပ်ဝန်း) ကို အရင်သတ်မှတ်ပါတယ်

အဲဒီလို Danger Zone ကို သတ်မှတ်ဖို့ဆိုတာ အသိပညာ ဗဟုသုတအများကြီး လိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် အရာအားလုံးကို လွှမ်းခြုံစဉ်းစားရတာ ဖြစ်တဲ့အတွက် စာဖတ်များဖို့ ဗဟုသုတ များဖို့လိုပါတယ်။ အဓိကကတော့ ကိုယ့်ကို အန္တရာယ် ဖြစ်စေမယ့် ရပ်ဝန်းတွေ သတ်မှတ်ထားပါ။ ဥပမာ ဒါတွေ လုပ်ရင် ၆၆(ဃ)နဲ့ ငြိမလား၊ အခု နိုင်ငံရေး အခြေအနေနဲ့ ကိုက်လား စသည်ဖြင့်ပေါ့။ ဒါပေမယ့် အန္တရာယ် ရပ်ဝန်းကို သတ်မှတ်တဲ့အခါ သိပ်ကြောက်လွန်းရင် စွန့်စားရမယ့် ရပ်ဝန်းကို ကျုံ့သွားစေပါတယ်။ မစွန့်စားရဲတော့ပါဘူး။

(၂) လိုအပ်မယ့် Foundation (or) Infrastructure က ဘာလဲ

ဒါကတော့ ဒီအလုပ်ကို လုပ်ဖို့ ဘာတွေ အခြေခံအားဖြင့် ရှိထားရမလဲဆိုတာ သုံးသပ်ရတဲ့အပိုင်းပါ။ ကျွန်တော်တို့ နည်းပညာ သမားတွေက ပိုဆိုးပါတယ်။ နည်းပညာ အခြေခံ မကောင်းရင် အလုပ်တစ်ကယ် လုပ်တဲ့အခါ လိုအပ်မယ့် Readiness (အသင့်ဖြစ်မှု), Robustness(ပြောင်းလွယ် ပြင်လွယ်ရှိမှု), Speed(အမြန်နှုန်း), Interoperability(ချိတ်ဆက် အသုံးချနိုင်မှု)၊ Collaboration(အဆင့်မြင့်မြင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း) စတာတွေကို ထိခိုက်လာပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ Foundation သပ်သပ်ဆောက် အလုပ်သပ်သပ် လုပ်တာ ကောင်းပါတယ်။ အလုပ်လုပ်ရင်း Foundation ဆောက်သွားမယ်ဆိုတာ တကယ့်လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။

(၃) မဖြစ်မနေ ပါဝင်ရမယ့်သူတွေက ဘယ်သူတွေလဲ

ဒီအပိုင်းက HR (လူ့စွမ်းအားအရင်းအမြစ်) နဲ့လဲဆိုင်သလို PR(လူမှုဝန်းကျင် ပေါင်းသင်းဆက်ဆံရေး)နဲ့လဲ ဆိုင်ပါတယ်။ ကိုယ့်မှာ လုပ်ချင်တယ်။ ဒါပေမယ့် တစ်ယောက်တည်း လုပ်ရမယ်ဆိုရင် ဘယ်လိုမှ ခရီးမတွင်နိုင်ပါဘူး။ အဲဒီအတွက် မဖြစ်မနေ ပါဝင်ရမယ့်သူတွေ ထိတွေ့ရမယ့်သူတွေကို အစောကြီး ကတည်းက သတ်မှတ်ထားပါတယ်။ ဥပမာ – Yangon Bus Report ဆိုရင် Developer တွေ လိုမယ်။ နောက် Opeartors တွေ လိုမယ်။ နောက် အာဏာရှိတဲ့ တာဝန်ရှိသူတွေ စသည်ဖြင့်ပါ။ ဒီနေရာမှာ စကတည်းက ပါရမယ့်သူတွေ ရှိသလို အခါအားလေ ျှာ်စွာ ပါလာရမယ့်သူတွေလဲ ပါပါတယ်။

(၄) နောက် ကိုယ့်ပစ်မှတ် ထားရမယ့်အရာတွေက ဘာတွေလဲ

ဒီနေရာမှာ အဓိက Target Audience တွေကို ဆိုလိုတာပါ။ Win-Win အပေါ်အခြေခံထားတဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ပြီး ကိုယ် Target ထားတဲ့ အရာတွေကို ထိရောက်ပစ်နိုင်ဖို့ပါ။ ဥပမာ – Yangon Bus Report မှာဆိုရင် တိုင်ကြားမယ့်သူတွေနဲ့ အရေးယူပေးမယ့်သူတွေပါ။

(၅) Put First Thing First

ဒါကတော့ 7 Habits of the Highly Effective People (Steven Covey)ရဲ့နည်းလမ်းပါ။ လုပ်ရမယ့်အလုပ်ကို အရင်ဆုံး လုပ်တာပေါ့။ အဲဒါကို ကျွန်တော်က Pragmatic Way of thinking ဆိုတာနဲ့ ပေါင်းလိုက်ပါတယ်။ ကိုယ့်မှာ ဘာရှိလဲ၊ ဘာလုပ်နိုင်လဲ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ ချဉ်းကပ်မှုပုံစံပါ။ ကိုယ့်ရှေ့မှာ ကွင်းပြင်ကြီးတွေ့နေတယ်။ အဲဒါကို အရင်ဖြတ်ရမယ်၊ အကောင်းဆုံး ဘယ်လိုဖြတ်မလဲပဲ စဉ်းစားပါတယ်။ ကွင်းပြင်အလွန်က တောင်တန်းကြီးအကြောင်း မစဉ်းစားပါဘူး။

(၆) Be Proactive

ဒါလဲ 7 Habits ထဲက ပါပဲ။ အရာရာကို အော်တိုမစ်တစ် မတုန့်ပြန်ပဲ ဆင်ခြင်တုံတရား၊ သတိ၊ ပညာနဲ့ တုန့်ပြန်တာပါ။ အဲဒီလိုလုပ်နိုင်ဖို့ Emotion နဲ့ ခွာနိုင်ဖို့ လိုပါတယ်။ ဒီအရည်အချင်းမှာတော့ ကျွန်တော့်မှာ အားလုံးပြည့်ဝတယ်လို့ မဆိုနိုင်သေးပါဘူး။

(၇) စွန့်စားရမယ့် နေရာများ သတ်မှတ်ခြင်း

ဒါကတော့ စိတ်အပင်ပန်းရဆုံး နေရာတစ်ခုပါ။ စွန့်စားမှုနဲ့ နောက်မှာ အရင်းအနှီးဆိုတာတွေ ပါလာတယ်။ မသေချာမှုတွေ ပါလာတယ်။ ပျက်စီးလွယ်တာတွေ ပါလာပါတယ်။ မစွန့်စားရင်လဲ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ စွန့်စားမယ်ဆိုရင်လဲ Innovative Risk Taking ကို ပိုအားသန်ပါတယ်။ ဆိုလိုတာက တီထွင်ဖန်တီးမှု အပေါ်အခြေခံတဲ့ စွန့်စားမှုပေါ့။

(၈) Fun Factor များ ရှာဖွေခြင်း

Fun Factor ဆိုတာက ကိုယ့်အတွက် စိတ်ညစ်ပြေပျောက်စေမယ့်အရာတွေအတွက် အစောကြီးကတည်းက ပြင်ဆင်ထားတာပါ။ ကျွန်တော်ကတော့ မိသားစု၊ တပည့်တွေနဲ့ ခရီးထွက်တယ်။ ဓာတ်ပုံတွေ လေ ျှာက်ရိုက်လေ့ ရှိပါတယ်။ ဘဝတိုတိုလေးမှာ အလကားနေရင်း ပိုက်ဆံနောက်လိုက်ရင်း စိတ်ပင်ပန်းနေရရင် မတန်ပါဘူး။

(၉ ) ကျန်းမာရေးနှင့် ဂုဏ်သတင်းကျော်ဇောမှု

ဒီနှစ်ခုကို ကျွန်တော် တွဲထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး ကောင်းဖို့ဆိုတာ ကိုယ်က အပင်ပန်းမခံပဲ မရနိုင်ပါဘူး။ ဂုဏ်သတင်းကျော်ဇောဖို့အတွက် ဖြတ်လမ်းနည်းတွေ အများကြီး ရှိပါတယ်။ အဲဒါတွေကို မသုံးမိအောင် ကျန်းမာရေးနဲ့ တွဲထားလိုက်ပါတယ်။ ဒီနိုင်ငံမှာက ကိုယ့်ကိုယ်ကို မကြော်ငြာတတ်ရင် ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် စွတ်ကြော်ငြာပြီး လူတွေ အများကြီး ဝန်းရံလာရင်လဲ အန္တရာယ် အများကြီး ရှိပါတယ်။ ဝန်းရံသင့်တာကို ဝန်းရံလာအောင် တည်ဆောက် ကြော်ငြာရပါတယ်။ ကျန်းမာရေးအတွက်လဲ အမြဲတမ်း သတိမပြတ်ထားဖို့ လိုပါတယ်။ ဂရုမစိုက်တော့တာနဲ့ ကျန်းမာရေးလဲ ထိသလို ဂုဏ်သတင်းလဲ ထိပါတယ်။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ် ကျန်းမာရေးလဲ ထိနိုင်သလို ဂုဏ်သတင်းလဲ ထိပါတယ်။

(၁၀) Portfolio တည်ဆောက်ခြင်း

ကျွန်တော်ကတော့ ကျွန်တော် ပြောသမ ျှ မှတ်တမ်းတင်ပါတယ်။ ပြီးရင် သေသေချာချာ အစအဆုံး ပြန်ကြည့်ပါတယ်။ တပည့်တွေကို အလုပ်ကောင်းကောင်းတွေ ရအောင် ဆောင်ရွက်ပေးပါတယ်။ စာတွေ ကောင်းကောင်း သင်ပါတယ်။ အဲဒါတွေက Portfolio တည်ဆောက်တာပါပဲ။

တစ်ခြား အချက်တွေ အများကြီး ရှိသေးပေမယ့် အမြဲတမ်း စဉ်းစားမိတဲ့ အချက်ကတော့ ဒီအချက် (၁၀)ချက်ပါပဲ။ လိုရင် သုံး၊ ပိုရင်ပယ်ဖို့နဲ့ ထပ်ဖြည့် ပြင်ဆင်ဖို့ ရေးလိုက်ရပါတယ်ခင်ဗျ။