Tun Thura Thet

ကိုထွန်းသူရသက်နှင့် အင်တာဗျူးအပိုင်း (၃)

ကိုထွန်းသူရသက်နဲ့ အင်တာဗျူး တတိယပိုင်းပါ။ ဒီအပိုင်းမှာတော့ အရင်နှစ်ပိုင်းက လိုအပ်မယ်ထင်တာတွေကို ထပ်ဖြည့်ပြီး မေးထားတာတွေ စုထားပါတယ်။ အခုမှ စဖတ်မယ့် သူတွေအတွက် အရင်အပိုင်းတွေကို ပြန်ညွှန်းလိုက်ပါတယ်။

သီဟ – ကျွန်တော် ရှေ့မှာ မေးခဲ့တဲ့ မေးခွန်းတွေထဲက consumer-based နဲ့ ဆက်စပ်ပြီးမေးရမယ်ဆိုရင် အခုနောက်ပိုင်း mobile app တွေ ရေးကြတယ်၊ app store တွေဖြစ်လာတယ်။ အဲဒီလို app store တွေက နိုင်ငံတကာအထိ တက်လှမ်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် အဲဒီ အနေအထားအထိ ဖောက်ထွက်နိုင်တဲ့သူက အတော်လေးကို နည်းနေသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ အဲဒီ အပေါ်မှာရော ကျွန်တော်တို့ အခွင့်အလမ်းတွေ ဘယ်လိုရှိနိုင်မလဲ၊ လူငယ်တွေ အနေနဲ့ Android App Store တွေမှာ တင်ရောင်းမယ်၊ Apple App Store မှာ တင်ရောင်းမယ် ဆိုရင် ဘယ်လိုများ ထိုးဖောက်နိုင်မလဲ။ နောက်တစ်ခုက မြန်မာပြည်ရဲ့ market အနေအထားက ဘယ်လို ဖြစ်လာနိုင်သလဲ။ အဲဒါတွေ သိချင်ပါတယ်ခင်ဗျ။

ကိုထွန်း – ကျွန်တော် အဓိက မြင်တာကတော့ vision ပေါ့နော်။ သူက မြန်မာပြည် market ကို သွားချင်တာလား။ international market ကိုသွားချင်တာလား။ အရင်ဆုံး စဉ်းစားဖို့လိုတယ်။ ကျွန်တော် အကြံပေးတာကတော့ ကိုယ်က market အကြီးကြီးတွေ လိုချင်တယ်ဆိုလို့ ရှိရင်တော့ web site ရေးတာ ဖြစ်စေ၊ App ရေးတာ ဖြစ်စေ Myanmar ဆိုတဲ့ စကားလုံးကို ထည့်မသုံးနဲ့တော့။ ကိုယ်ကိုယ်ကို global player တစ်ယောက် အနေနဲ့ မြင်အောင် ကြည့်ရမယ်။ ကျွန်တော် တွေ့တာ အများစုကတော့ Myanmar market ကို အဓိက ထားတယ်။ သူတို့တွေ website ရေးရင် Myanmar ဆိုတာ ပါနေတယ်။ app ရေးလို့ ရှိရင်လည်း ဒီတိုင်းပဲ။ ကျွန်တော်က အဲဒါထက် ကျော်စေချင်တယ်။

ကိုယ်ကိုယ်ကို ယုံကြည်ပါ။ ကျွန်တော်တွေ့တဲ့ လူငယ်တွေထဲက they are genius (above average)ပေါ့နော်၊ နိုင်ငံခြားမှာလည်း ကျွန်တော် တွေ့ခဲ့တယ်၊ တော်ကြတာပဲ။ ဒါပေမယ့် ကျွန်တော် တွက်ကြည့်ရင် သိပ်မကွာဘူး။ ဒါပေမယ့် ကိုယ်ကတွက်ရမှာက ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့။ ကိုယ်ထက် ညံတဲ့ကောင်တွေ တွေ့ပြီးတော့ ကိုယ်ကိုကိုယ် အရမ်းတော်တယ် ဆိုပြီးတော့ ကိုယ်ကိုယ့်ကို မလျှော့လိုက်နဲ့။ ကိုယ်မတွေ့ဖူးသေးတာ၊ ကိုယ့်ထက် အများကြီးတော်တဲ့ နိုင်ငံခြားက လူတွေ အများကြီး ရှိသေးတယ်။ ကျွန်တော် နိုင်ငံခြား ရောက်တဲ့အခါ experience တင်မကဘူး၊ ကိုယ့်ထက် ဆယ်ဆ၊ အဆတရာ တော်တဲ့ သူတွေ မြင်ရတယ်။ မြင်ရတဲ့ အခါ ကိုယ် အမြဲ benchmark လုပ်တာက ကိုယ်ထက် ဆယ်ဆ တော်တဲ့ လူနဲ့ လုပ်တယ်။

ဘယ်သူ ဘယ်လောက်တော်တော် သူထက်တော်တဲ့ သူ ရှိတယ်။ နိုင်ငံခြားရောက် ရင် အခွင့်အရေးရတာ တစ်ခုက ကိုယ့်ထက်တော်တဲ့ လူတွေနဲ့ benchmark လုပ်ခွင့်ရှိတယ်။ အဲဒီမှာ နှိုင်းယှဉ်ပြီး မှီအောင် လိုက်ပြီး ကြိုးစားလို့ရတယ်။ အဲဒီတော့ ကျွန်တော်မြင်တာ နိမ့်နိမ့် မမှန်းနဲ့၊ မြင့်မြင့်မှန်း၊ ကိုယ့်ထက် အမြဲတော်တဲ့ လူနဲ့ compare လုပ်ဖို့လိုတယ်။ ကိုယ်က အမြဲတမ်း ကိုယ်ထက်ညံ့တဲ့ လူကို ကြည့်ပြီးတော့ ကိုယ်အရမ်း တော်တယ်ဆိုတဲ့ စိတ်မျိုးကို တက်နိုင်သရွေ့ မသွင်းပါနဲ့။

သီဟ – အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ passion ဖြစ်မယ့် လူက ရှားနေသလားလို့။

ကိုထွန်း – အဲဒီလို အခြေအနေဆိုရင်လဲ ကိုယ်က ဖြစ်အောင်လုပ်ပေါ့။ ကိုယ်ကိုကိုယ် role model နေရာမှာထား။ ကိုယ်ကိုကိုယ် role model ဖြစ်အောင် လုပ်ပေါ့။ ကိုယ့်ရဲ့ စိတ်က မြင့်မြင့်မှန်းထား၊ မလျှော့လိုက်နဲ့ ပေါ့နော်။ ကျွန်တော်တို့ လုပ်ငန်းက စခဲ့တာ ကြာခဲ့ပြီ။ ကျွန်တော် ၁၅ နှစ်ရှိပြီ။ ကျွန်တော် သိတယ်။ လူငယ်တစ်ယောက် က ၁၅နှစ်မှာ ဘာလုပ်လို့ရတယ်ဆိုတာ။ ဒါကို လူငယ်တွေ ယုံကြည်စေချင်တယ်။ကျွန်တော်တို့တွေတုံးက အခြေအနေ အဲဒီလောက် မပေးဘူး။ သူတို့က ပိုပေးတယ်။ ဒီခေတ်မှာ ပညာရေးသွားမလား၊ နိုင်ငံတကာမှာ မြန်မာကို လက်ခံတယ်။ အခုဆို ပိုကောင်းတယ်။ software industry မှာ မြန်မာကို လက်ခံပြီ။

လွန်ခဲ့တဲ့ ဆယ်နှစ်မှာက မြန်မာ ဆိုတာ ကြားရင် သူတို့က အလုပ်မလုပ်ချင်ဘူး။ အခုအချိန်မှာ အားလုံးက မြန်မာကို ကူညီချင်တယ်။ မြန်မာနဲ့ လက်တွဲတယ် ဆိုတာ သူတို့ အတွက်ကလည်း fashion တစ်ခု ဖြစ်လာပြီ ဆိုတော့ ဒီ timing ကိုယူပြီးတော့ လုပ်လို့ရတယ်။ ဒါကျွန်တော် အမြင်ပေါ့။ ကျွန်တော် အကြံပေးချင်တာကတော့ လူငယ်တွေကို Myanmar Application, Myanmar ဆိုတဲ့ domain လောက်နဲ့ မကျေနပ်စေချင်ဘူး။ ကိုယ်က angry bird ဟာမျိုး game ရေးတယ် ဆိုရင်လည်း သူတို့နဲ့ ယှဉ်နိုင်အောင် လုပ်ဖို့ လိုတယ်။ မြန်မာ ဆိုတဲ့ app တွေ မြန်မာတွေ သုံးဖို့ပဲ မဟုတ်သင့်ဘူးပေါ့။ နိုင်ငံခြားသားတွေ မည်သူမဆို လူမျိုး ဘာသာ မရွေး သုံးနိုင်အောင် လုပ်နိုင်ရင် အကောင်းဆုံးပေါ့။

သီဟ – နောက် အကို ပြောသွားတဲ့ အထဲမှာ နောက် thinker၊ doer၊ shaker၊ mover ဆိုပြီး ရှိနေတဲ့ ထဲမှာ ကျွန်တော်တို့ လူငယ်တွေမျာ အဲဒီလို ပေါင်းလို့ ရရော ရကြရဲ့လားပေါ့။ ပေါင်းလို့ရခဲ့ရင် ရှိတဲ့ ပြဿနာ၊ ပေါင်းလို့မရခဲ့ရင် ရှိတဲ့ ပြဿနာ ဘယ်လို အနေအထားမျိုးတွေ ရှိလဲ မသိဘူးခင်ဗျ။

ကိုထွန်း – ပေါင်းလို့ရမှာပါ။ ပေါင်းလို့ မရရင် ကိုယ် တစ်ယောက်တည်းကနေစပြီး လိုက်ရှာပေါ့။

သီဟ – အခုအနေအထားမှာ အဲဒီလို လိုက်ရှာတဲ့ ပုံစံက ပိုအဆင်ပြေသလားလို့။

ကိုထွန်း – ဟုတ်ကဲ့။ အဲဒီလို လိုက်ရှာတာပဲ ဖြစ်ဖြစ်၊ ပုံမှန်အတိုင်း စုကြတာပဲဖြစ်ဖြစ် အဓိကကျတာက respect ရှိဖို့လိုပါတယ်။ Shaker နဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်း ဖြည့်ပြောချင်တယ်ဗျ။ shaker ရဲ့ အရေးပါမှုပေါ့။ shaker တွေထဲမှာ နိုင်ငံခြားက ပြန်လာတဲ့ အရမ်းအောင်မြင်တဲ့သူတွေ ရှိတယ်။ ဥပမာ ကိုချစ်ထွန်းဖေ၊ သူက shaker လုပ်လို့ရတယ်။ သူ့မှာ အိုင်ဒီယာတွေ အများကြီး ရှိတယ်။ သူ့နားကို သွားမယ်ဆိုရင် အားလုံးက shake ဖြစ်သွားမယ်။ ဒါမျိုးလူတွေလိုတယ်။ ဒါမျိုးလူတွေက motivation တွေ ခွန်အားတွေ ပေးသွားမယ်။ ကိုယ့်ရဲ့ vision ကို ယုံကြည်လာအောင် reinforce လုပ်သွားမယ်။ အဲဒီလို shaker တွေက အရမ်းအရေးကြီးပါတယ်။ ကိုယ်တစ်ယောက်တည်း သွားနေရင် ပျင်းလာတတ်ပါတယ်။ တစ်ယောက်ယောက်က လာပြီး shake လုပ်ဖို့လိုတယ်။ industry မှာလဲ ခါသွားအောင် လှုပ်သွားအောင် လုပ်တဲ့လူတွေ လိုတာပါပဲ။

သီဟ – ဟုတ်အကို။ ကျွန်တော်တို့ လူငယ်တွေ ပေါင်းသင့် မပေါင်းသင့်တဲ့ဖက် ပြန်လှည့်ရအောင်။ အခုခေတ်မှာ ကျွန်တော် လေ့လာမိသလော လူငယ်တွေ ပေါင်းဖို့ အတော်ခက်တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြင်ပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့လဲ သူငယ်ချင်းတွေ ပေါင်းမယ်ဆိုရင် leading role မှာ ရှိဖို့လိုတာ တစ်ယောက်၊ အဲဒီအပြင် thinker, shaker, doer, mover စသည်ဖြင့်လဲ မပြည့်စုံဆိုတော့ စလို့ကော ရပါဦးမလား။

ကိုထွန်း – အဲဒီလိုလဲ ယူဆလို့ မရဘူးဗျ။ အမျိုးမျိုးပဲ။ ကျွန်တော်က ဘယ်ဟာ ပိုကောင်းတယ်လို့ မဟုတ်ဘူး။ ကိုယ့် အနေအထားအပေါ် မူတည်ပါတယ်။ apple နဲ့ orange တို့ compare လုပ်လို့ မရဘူး။ ကိုယ်ဖြစ်နေတဲ့ အနေအထားကို ကိုယ်ပဲ သိတယ်။ အဲဒီအနေအထားကို ကိုယ်က ပေါင်းသင့်ရင်လည်း ပေါင်းပေါ့။ နှစ်ယောက်ရှိရင် တစ်ယောက်ကို တစ်ယောက် respect ရှိဖို့ လိုတယ်။ သုံးယောက်ရှိရင် သုံးယောက်ပေါ့။ အဲဒီမှာ role ခွဲထားပေါ့နော်။

တစ်ယောက်နဲ့ တစ်ယောက် ကျွန်တော် ယုံကြည်တာက ဘယ်သူက ပိုတော်လဲ ဆိုတာ အရမ်းပြောရခက်တယ်။ လူတိုင်းဟာ သူ့နေရာမှာ သူတော်ကြတာပဲ။ အဲဒါကို ကိုယ်နားလည်ဖို့ လိုတယ်။ သူတော်တဲ့ဟာနဲ့ ကိုယ်တော်တဲ့ဟာနဲ့ ကိုက်ညီဖို့ လိုတယ်။ ကိုယ်ညံ့တဲ့ဟာနဲ့ သူတော်တဲ့ဟာနဲ့ ဖြည့်လို့ရတယ် ဆိုရင် ကောင်းတာပေါ့နော်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ ငြင်းခုန်ကြတယ်။ argument ပေါ့နော်။ ဒါကို နားလည်ဖို့လိုတယ်။ argument ရှိတာ ကောင်းတယ်။ ego တွေ မထည့်နဲ့။ တစ်ခု အရေးကြီးတာက argument ပြီးတဲ့ အခါ discussion ပြီးတဲ့အခါ ထားခဲ့နိုင်ဖို့လိုတယ်။ ဒီဟာပြီးတာနဲ့ ပုခုံးဖက်ပြီးတော့ အလုပ်ဆိုတာ ပြောခဲ့ဖို့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် နစ်နာအောင်ပြောတာ မဟုတ်ဘူး။ ဒါက အကြောင်းအရာ တစ်ခုကို ဆွေးနွေးကြတာဆိုပြီး စိတ်ထားတက်ဖို့ လိုတယ်။ အဲဒါမရှိရင် မရဘူး။ ကျွန်တော်တို့ အလုပ်လုပ်ခဲ့စဉ်က ကျွန်တော်နဲ့ ကိုချစ် လုပ်ငန်း စစဉ်ကဆို ကျွန်တော်တို့ ငြင်းခုံကြတာပဲ။ ကျွန်တော်ကလည်း လုံးဝ မလျှော့ဘူးပေါ့။

သီဟ – ကိုချစ် သူကလဲ ပြောမှာပဲ ထင်တယ်။

ကိုထွန်း – ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်တို့ မှတ်မှတ်ရရပေါ့။ ကျွန်တော်တို့ language ရွေးတာ၊ ကျွန်တော်က ဟိုဖက်မှာ အလုပ်လုပ်စဉ်တုံးက C နဲ့ ရေးတယ်။ သူက visual basic ကိုသွားချင်တယ်။ ကျွန်တော်u လက်မခံဘူး။ ကျွန်တော်ကလည်း C က ပိုကောင်းတယ်။ အဲဒီအချိန်တုံးက C ကလည်း ကျောင်းမှာ သင်ခါစဆိုတော့ Java ကလည်း သိပ်ခေတ် မစားသေးပါဘူး။ သူက အဲဒီလို မဟုတ်ဘူး။ လွယ်တဲ့ဟာ သွားချင်တယ်။ ကျွန်တော်တို့ ငြင်းခုန်ကြတယ်။

နောက်ဆုံးကြတော့ ကျွန်တော်ကလည်း သူနားလည်တဲ့ point ကို နားလည်အောင် ကြိုးစားရတယ်။ သူကလည်း ကျွန်တော် ပြောချင်တဲ့ point ကိုကြိုးစားတယ်။ နောက်တော့ ကျွန်တော် visual basic ကို စသုံးခဲ့တယ်။ အဲဒီအခါမှာ ပြီးသွားတဲ့ အခါမှာ ကျွန်တော်တို့ ဒီအကြောင်းအရာက ဆွေးနွေးပြီးပြီပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ။ ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာ အရေးမကြီးဘူး။ အဓိကက collectively ဒီနှစ်ခုကို ပေါင်းပြီး ကျွန်တော်တို့ ချခဲ့တယ်။ ဒါက ကိုယ့် idea၊ သူ idea လားဆိုတော့ မဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုး အရေးကြီးတယ်။ ကျွန်တော် မြင်တာကတော့ တချို့ကလေးတွေက ရန်ဖြစ်ကြတယ်။ ပြီးရင် ဒါကို personal အဖြစ်ယူတဲ့ အခါမှာ လုပ်ရခက်တာပေါ့။

သီဟ – ကျွန်တော် နောက်တခုကတော့ Ph.D (Doctor) ဘွဲ့ကို ယူထားတာ အကို သိပ်မကြာသေးဘူး။ ပညာရေးနဲ့ ရည်ရွယ်ချက် အရမ်းကြီးမားတယ် ဆိုတာ ကျွန်တော်တို့ သိရတယ်။ လုပ်ငန်းလည်း အောင်မြင်နေတယ်။ အောင်မြင်နေတဲ့ အချိန်မှာ ပညာရေးကို လက်မလွတ်ပဲနဲ့ ပညာရေးကို ရှေ့ဆက်တယ် ဆိုတဲ့ အနေအထားမှာ အကိုထွန်း ပထမကတည်းက ပါသွားပါပြီ။ အဲဒါ ပညာရေးကို ပူးသွားတဲ့ ထဲမှာ ခုနကပြောတဲ့ ရည်ရွယ်ချက်ထဲမှာပဲ ပါသွားပြီပေါ့။ ထပ်ဖြည့်ပြီး ပြောချင်တာများ ရှိသလားဗျ။

ကိုထွန်း – ကျွန်တော် တခု အကြံပေးတာကတော့ ဘွဲ့ဆိုတဲ့ ဂုဏ်ကြောင့်တော့ မယူစေချင်ဘူးပေါ့နော်။ ဒီ process ကိုသွားတဲ့ အခါမှာ အကျိုးအမြတ်တော့ ရှိတယ်။ ဒီဟာကို မျှော်ကိုး ပြီးသွားတာ မျိုး ဖြစ်ချင်တယ်။ ဥပမာ Ph.D သွားတာ ဆိုရင် Ph.D က research၊ research ကို ကိုယ်ဝါသနာပါတယ်၊ ဒီဟာကို သိချင်တယ်၊ ဆိုလို့ ရှိရင် တော့ ဒါသွားသင့်တာပေါ့။ ဘွဲ့ဆိုတာ မျိုးနဲ့ သွားမယ်ဆိုရင်တော့ ကိုယ်ခံမှာ မဟုတ်ဘူး။ တစ်ခုတော့ ရှိတာပေါ့။ research မလုပ်ခင်မှာတော့ research ဆိုတာ ဘာလဲ ဆိုတာမျိုးတော့ သိဖို့ ဆိုတာမျိုးတော့ ခက်တယ်။

ပုံမှန်တော့ သူတို့ဆီမှာ master degree တက်လို့ရှိရင် research ဆိုတာ မိတ်ဆက်ပေးတယ်။ အဲဒီအချိန်မှာ ကိုယ်က သဘောကျတယ်။ တစ်ခုခု လုပ်ခဲ့ချင်တယ်။ ကျွန်တော်မြင်တာကတော့ Ph.D degree ဆိုတာ research ပဲ။ research ဆိုတာ ဘာလဲ ဆိုတော့ အသစ်တခုကို ရှာဖွေပြီးတော့ ထားခဲ့ရတဲ့ဟာ တခုပေါ့နော်။ Noble ဖြစ်ဖို့လိုတယ်။ အဲဒီ Ph.D ဖြစ်ဖို့အတွက် Thesis တစ်ခု တင်တဲ့အခါမှာ အရမ်းလွယ်လား။ လွယ်လို့ရှိရင်လည်း မရဘူးပေါ့။ အရမ်းခက်လား။ မဖြစ်နိုင်တဲ့ဟာ ဆိုရင်လည်း မရဘူးပေါ့။ နောက်တစ်ခုကြတော့ အသစ်လားဆိုတာကို ကြည့်တယ်။

Noble ဖြစ်ဖို့လိုတယ် ဆိုတာကတော့ တချို့ကပြောတယ်။ Ph.D က အရမ်း ခက်တယ်တဲ့၊ မခက်ပါဘူး။ ကျွန်တော် မြင်တာကတော့ လူတိုင်းမှာ မတူညီတဲ့ ဦးနှောက်ရှိတယ်။ မတူညီတဲ့ experience ရှိတဲ့အတွက် ဒီ ပြဿနာ တစ်ခုကို ဖြေရှင်းမယ့် solution ကတစ်ယောက်နဲ့ တစ်ယောက် တူစရာ မရှိဘူး။ unless ကိုယ်က copy ကူးတယ်ပေါ့၊ plagiarize ဆိုရင်တော့ တူမှာပေါ့။ တကယ်လို့ ကိုယ်က research ဝါသနာ ပါတယ်။ ဒါဆိုရင်တော့ လုပ်သင့်တယ်။ ဒါမှမဟုတ် ကိုယ်က ဘွဲ့ရချင်တယ်ပေါ့။ ဒါမျိုးဆိုရင်တော့ မလုပ်သင့်ဘူး။

ဆက်ပါဦးမယ် …