Tun Thura Thet

ကိုထွန်းသူရသက်နှင့် အင်တာဗျူး (စီးပွားရေးအမြင်) အပိုင်း (၂)

ကိုထွန်းသူရသက်နဲ့ အင်တာဗျုး ဒုတိယအပိုင်းပါ။ အခုမှ စဖတ်မယ့်သူတွေအတွက် ပထမပိုင်းကို ပြန်ညွှန်းလိုက်ပါတယ်။

သီဟ – နောက်မေးချင်တဲ့ အပိုင်းက ကိုထွန်းတို့ မျိုးဆက်ပေါ့နော်။ နည်းပညာနယ်ပယ်မှာ အရမ်း အောင်မြင်ကြပါတယ်။ အဲဒီအဆင့်အထိကို ရောက်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်း မျိုးဆက်တွေမှာတော့ အဲဒီလိုမျိုးအောင်မြင်မှုတွေရဖို့ ခက်ခဲလာတယ်လို့ ခံစားရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်တယ်ဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ corporate business တွေရှိမယ်၊ အဲဒီနေရာမှာ နောက်ပေါက်တွေအတွက် နေရာလွတ်တွေ ရှိနိုင်ပါ့မလား။ ဒါမှမဟုတ်ရင် နောက်တစ်နေရာ ဖြစ်တဲ့ consumer-based လို့ခေါ်တဲ့ တိုက်ရိုက်ရောင်းလို့ ရတဲ့နေရာပေါ့။ အဲဒီလို အပေါ်မှာရော မှီခိုလို့ရနိုင်မလား၊ အဲဒီ ပုံစံနဲ့သွားရင် အဆင်ပြေပါ့မလားဆိုတာ သိချင်ပါတယ်။

ကိုထွန်း – ကျွန်တော်တို့ ဒီ case ကတော့ စောရောက်တဲ့ လူတွေမှာ အားသာချက် ရှိနေတယ်။ အဲဒီအပြင် အခုမှစပြီး corporate industry ဝင်မယ်ဆိုရင် လွယ်တော့ မလွယ်ဘူး။ ကျွန်တော်တို့ အမြဲပြောတဲ့ domain knowledge ရှိဖို့ လိုတယ်။ ကိုယ်က ERP system တစ်ခု လုပ်မယ်ဆိုရင် အဲဒီအကြောင်း သိဖို့လိုတယ်။ CRM အကြောင်း လုပ်မယ်ဆိုရင် CRM အကြောင်း သိဖို့ လိုတယ်။ ထို အတူပဲ banking လုပ်ရင် formal banking, internet banking, mobile banking စတာတွေကို အပြင် က user သိတဲ့ ပုံစံ နဲ့ သိလို့ မရဘူး။ ကိုယ်က ဒီ architecture အကြောင်း နားလည်ဖို့ လိုတယ်။ ကျွန်တော့်အမြင်အရ entry barrier ပေါ့၊ အသစ်တွေ new entrance အတွက် barrier က corporate ထက် ပိုခက်တယ်။ သူတို့ အမြဲပြောတဲ့ leveled playing field ပေါ့။ အဲဒီ အပေါ်မှာ ကိုယ်က မယှဉ်နိုင်ဘူး။ ကိုယ်နဲ့ ပြိုင်မယ့်သူက အရမ်း အင်အားကြီးနေတယ်။ ဒီဟာကို ကိုယ်က ဘယ်လိုမျိုး strategy နဲ့ နိုင်အောင် တိုက်မလဲ ဆိုပြီး ပြိုင်ဖို့ က အရေးကြီးတယ်။

consumer market ကြတော့ ကျွန်တော်တို့ ပိုလွယ်တယ်ပေါ့။ သူက ပိုလွယ်တယ်ဆိုတာ consumer က နံပါတ် တစ် vendor လို့ခေါ်တဲ့ ရောင်းသူ profile ကို မကြည့်ဘူး၊ product ကိုပဲ ကြည့်ပါတယ်။ consumer ရဲ့ လိုအပ်ချက်က corporate တွေလို complex မဖြစ်ဘူး။ သူက သူသဘောကျ ရင် သူ ဆုံးဖြတ်ချက် ချလို့ ရတယ်။ corporate မှာကြတော့ အဆင့်ဆင့်တွေ သူတို့တွေ့ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ သူအတွက် purchase decision လုပ်ဖို့ အတွက် process က မတူပါဘူး။ consumer မှာကြတော့ ကျွန်တော်တို့ angry bird ပေါ့။ အရမ်း နာမည်ကြီးခဲ့တယ်။ ဒါမျိုး game တစ်ခု ဆိုလို့ရှိရင် သူတို့မှာ track record ရှိစရာ မလိုဘူး။ အဓိက အရေးကြီးတာ ဒီ game သည် သူများထက် ကောင်းဖို့ အရေးကြီးတယ်။ အဲဒီအခါမှာပေါ့ consumer market က ဖောက်ဖို့ ပိုလွယ်တယ်။

အထူးသဖြင့် လူငယ်တွေရဲ့ အခက်အခဲက သူ့မှာ financially အဖွဲ့ အစည်း အကြီးကြီးတွေလောက် မတောင့်ဘူး။ လူအင်အား အဖွဲ့အစည်းအကြီး လောက် မရှိဘူး။ သူမှာ experience မရှိဘူး။ သူမှာ ဘာရှိလဲ ဆိုတော့ nothing to lose ပေါ့ဗျာ။ ရှုံးစရာ မရှိဘူး။ သူမှာ technology အသစ်ကို pick up လုပ်ရတာ မြန်တယ်။ အဖွဲ့အစည်း အကြီးတွေက ချင့်ချိန်ရသေးတယ်။ ဒါမှမဟုတ် management က လူတွေက senior တွေက technology နဲ့ ဝေးပြီးတော့ လုပ်ချင်တိုင်း လုပ်လို့ မရတာ ရှိတယ်။ ကိုယ့် individual team သေးသေးလေးကြတော့ အဲဒါတွေ မရှိဘူး။ ဘယ် technology တက်လဲ။ ဒါကို pick up လုပ်လိုက် ၊ adapt လုပ်လိုက်လို့ ရတယ်။

ကျွန်တော် မြင်တာတော့ ဒီဟာ ကိုယ့်ရဲ့ strength ကိုယ့်ရဲ့ weakness နှစ်ခုကို ချိန်ပြီးတော့ ဘာလုပ်သင့်လဲ ဆိုတာ ကြည့်ဖို့ လိုတယ်။ နိုင်ငံခြားမှာ banking sector မှာ ဥပမာ oracle လို SAP လို Delloit လို အဖွဲ့အစည်း မျိုးမှာ လုပ်ခဲ့တယ်။ သူရဲ့ experience ရှိတယ်။ ပြန်လာမယ်ဆို corporate ကိုဝင်လို့ရတယ်။ ကိုယ်ကနားလည်တယ်။ ဒါပေမယ့် ကိုယ်က fresh graduate ၊ ကိုယ်က အင်တာနက်ပေါ်ကဟာတွေ ဖတ်ပြီးတော့ ဒီ solution တွေကို အပြင်လူ သိတဲ့ အသိနဲ့ လုပ်မယ်ဆိုရင်တော့ corporate level မှာ အရမ်းခက်တယ်။

သီဟ – အဓိက ကွာခြားသွားနိုင်တဲ့ အချက်က domain knowledge အပိုင်ပေါ့။

ကိုထွန်း – ဟုတ်ပါတယ်။ domain knowledge အပိုင်းပါ။ အဓိက နောက်တစ်ခုက size ပါ capacity မတူပါဘူး။ individual နဲ့ corporate မှာ အဲဒီလို တစ်ဖက်စီ မတူတာတွေ ရှိနေပါတယ်။

သီဟ – ဟုတ်ကဲ့ အခုလို ကွာခြားချက်တွေကို သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ကျွန်တော် မေးချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ corporate market က အထူးသဖြ government sector ပေါ့ အဲဒီနေရာမှာရော လူငယ်တွေအတွက် နေရာလွတ်တွေ ရှိနိုင်မလား။ လူငယ်တွေအတွက် နောက်ပေါက်တွေအတွက် ဘယ်လို အနေအထားမျိုးတွေ ရှိနေမလဲ။ အဲဒီအပြင် အခုအချိန်မှာ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေလဲ ပြောင်းလာပြီ။ ရင်းနှီးမြှတ်နှံမှု တွေလဲ ဝင်လာတော့မယ်။ အဲဒီလို ဝင်လာတဲ့အခါ corporation ကြီးတွေ ဝင်လာနိုင်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါ ဒီဖက် မြန်မာနိုင်မှာ ရှိနေတဲ့ corporation ကြီးတွေနဲ့ ဘယ်လို တိုးတိုက်မှုတွေ ရှိနိုင်သလဲ။ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်။

ကိုထွန်း – ကျွန်တော် မြင်တာကို ပြောရမယ်ဆိုရင် အဲဒါက very complex situation ပါ။ FDI လို့ခေါ်တဲ့ foreign direct investment လာမယ်။ အဲဒီ အခါမျိုးမှာ အခုထက် အဆများစွာ ကြီးတဲ့ company တွေကို ကျွန်တော်တို့ local company တွေက ရင်ဆိုင်ရမှာပဲ။ ဒီကိစ္စက ကျွန်တော်တို့ industry တင်မကဘူး။ ကျွန်တော်တို့ ဘဏ် တွေကို ကြည့်မလား၊ any sector မှာ တွေ့မယ်။ ကျွန်တော်တို့ အဲဒီ inevitable ပါ။ ရှောင်လွှလို့ မရပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ အနေနဲ့ ကြည့်ရမှာ ဒါကို လက်ခံဖို့လိုတယ်။ ဒီ change တွေကို new game၊ game plan အသစ်ကို တည်ဆောက် နိုင်ဖို့ လိုတယ်။

ဒါကတစ်ပိုင်းပါ။ နောက်တစ်ပိုင်းက company အငယ်တွေ၊ ပြီးတော့ team တွေ corporate industry ကို ဝင်လို့ ရနိုင်သလားဆိုတော့ ရနိုင်တာပေါ့။ မရဘူး ပြောတာ မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက company အကြီးကြီးနဲ့ အဖွဲ့အသေးလေး နဲ့ မတူတာတွေ၊ အမြဲတမ်း အကြီးက အားသာတာ မဟုတ်ဘူး။ သူ့မှာမှာ အားနည်းချက်ရှိတယ်။ ဒါပေမယ့် ဒါကို ကိုယ်နားလည် ဖို့လိုတယ်။ ပြိုင်မယ်ဆိုရင် ကိုယ်က ဘယ်နေရာမှာ ပိုအားသာ သလဲ၊ ဒါကို focus လုပ်၊ ကျွန်တော် ခုနက ပြောသလို technology အသစ်ဖြစ်တဲ့ mobile application တွေ ရေးနိုင်တယ်။ ကိုယ်က ရင်းနှီးဖို့ မြှတ်နှံဖို့ လိုတယ်။ company အကြီး လိုတော့ ဒါလေးပြ ယူပါဆိုပြီးတော့ တော့ မှန်း လို့ မရဘူး။ proof လုပ်ဖို့လိုတယ်။ ဥပမာ customer တွေကို။

အများစု ကျွန်တော် တွေ့တဲ့ အခါ ဘာကြောင့် company ငယ်တွေကို corporate က စိတ်မဝင်စားတာလဲ၊ သိပ်ပြီးတော့ လက်မခံတာလဲ ဆိုတော့ သူတို့မှာ ခံခဲ့ရတာတွေ များတယ်။ လာလုပ်ပေးတယ်။ နောက်တစ်လ၊ နှစ်လ ကြာတဲ့ အခါမှာ မရှိတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အဖွဲ့က တစ်ယောက် နိုင်ငံခြား ထွက်သွားပြီ။ အဲဒီ sustainability မှာ company အသေးတွေက အားနည်းတယ်။ တစ်ချို့က hit and run ပေါ့၊ အသစ်တစ်ခုရတယ်၊ ပြီးရင် ဒါကို catch လုပ်ပြီးတော့ တခြားနိုင်ငံ သွားတာမျိုး လုပ်ကြတယ်။ အဲဒီလိုမျိုး image ကို ပြန်ဖျက်ဖို့ လိုတယ်။ ကျွန်တော် လုပ်ပေးမယ်၊ ကျွန်တော်ကို အားကိုး လို့ရတယ် ဆိုတဲ့ image မျိုး ပြန်ဖြစ်အောင် လုပ်ဖို့ လိုတယ်။ ကိုယ့်မှာလည်း ဒီလို proof လုပ်ပြဖို့ လိုတယ်။

Company အကြီးကတော့ သူက business လုပ်နေတာ၊ သူ့မှာ ခင်တာမင်တာ မရှိဘူး။ သူ့အလုပ် အဆင်ပြေဖို့ လိုတယ်။ သူ့ အလုပ် အဆင်ပြေဖို့ short term၊ mid term၊ long term ရှိတယ်။ ဒါကို အဆင်ပြေအောင် assurance ပေးနိုင်ရမယ်။ company အကြီးတွေလိုတော့ သွားပြီးတော့ data၊ ဒီ software ဒီလောက် ရှိတယ်၊ ဒီလောက် ပေးရမယ် သွားလုပ်လို့ မရဘူး။ ကိုယ်က proof လုပ်သင့်ရင် လုပ်ရမယ်။ ကျွန်တော့်ဟာ စမ်းကြည့်ပါ စသည်ဖြင့် လုပ်ရပါမယ်။

ကျွန်တော်တို့ နိုင်ငံခြားမှာ သွားပြီးတော့ MIT အနေနဲ့ သွားလုပ်တဲ့ အခါ ဒီတိုင်းပဲ။ ဒီမှာသာ ကြီးတာ၊ ကျွန်တော်တို့ဟာ ဟိုရောက်တဲ့ အခါ အသေးဆုံးထဲမှာ ပါတယ်။ အဲဒီအခါ သွားပြီးတော့ တံခါး ခေါက်ပြီးတော့ ကျွန်တော်တို့ software သုံးပါ၊ ဝယ်ပါ ပြောလို့ မရဘူး။ အရင်ဆုံး ဘာလုပ်ရလဲ ဆိုတော့ ကျွန်တော်တို့က အရမ်းသေးတဲ့ company ကိုသွားရောင်းရင် သိပ်မထူးခြားဘူး။ ကျွန်တော်တို့မှာ ရောင်းရတာပဲ ရှိတယ်။ သိပ်ပြီး reference လုပ်လို့ မရဘူး။

အဲဒီတော့ကျွန်တော်တို့ target လုပ်တယ်။ ဘယ် company တော့ ဒီ sector မှာ အလုပ်ရခဲ့ရင်တော့ reference ကောင်းမယ်။ အဲဒီ အတွက် ကျွန်တော် personal approach လုပ်တယ်။ customer တိုင်းတော့မရဘူးပေါ။ customer ဆယ်ယောက် try လို့ရှိရင် အယောက်နှစ်ဆယ် try လို့ရှိရင် တစ်ယောက်က ကိုယ့်ကို အခွင့်အရေး ပေးလိုက်တယ်။ အခွင့်အရေးပေးတဲ့ဟာကို အခွင့်အရေးလို့ မြင်ရမယ်။ at any costs ပေါ့နော်။ invest လုပ်ဖို့လိုမယ်။ ဘယ်သူနဲ့ ယှဉ်ယှဉ်သာတယ် လို့ မြင်သွားအောင် လုပ်ပြရမယ်။

အဲဒီ အခါမှာ customer က ကိုယ့်ကို ယုံကြည်သွားတယ်။ တစ်ယောက်ရရင် နှစ်ယောက်ရလို့ ရတယ်။ တစ်ချို့ကြတော့ complain လုပ်လွန်းအားကြီးတာ တွေ့တယ်။ ကျွန်တော် တွေ့တာပေါ့နော်။ တချို့ လူငယ်တွေတွေ့တာပေါ့နော် ဒီ company က အနိုင်ကျင့်တယ်။ ဒီ company က ကိုယ့်ကို ဗိုလ်ကျတယ်။ ကျွန်တော်မြင်တာ အဲဒီလို မြင်တာမျိုး မမြင်စေချင်ဘူး။ သူ့က ကိုယ့်ဟာကို သုံးတယ်ဆိုတာ နဲ့ ကိုယ့်ကို အခွင့်အရေးပေးနေတာ၊ proof လုပ်ပြရမယ်။ ဒီ company က first company၊ first customer ကို အရှုံးအမြတ် သွားမဆွဲနဲ့။ အားလုံး investment ပဲ။ expense မဟုတ်ဘူးလို့ ကိုယ်က ယူဆဖို့ လိုတယ်။အဲဒီ customer ကိုယ့်ကို သဘောကျသွားပြီ ဆိုတာနဲ့ စပြီးတော့ ကိုယ်က နောက်တစ်ယောက် ရှာလို့ရတယ်။ အဲဒီ customer တစ်ယောက်မှာ စကတည်းက fail ဖြစ်လို့ ရှိရင် ကိုယ်က နောက်တစ်ယောက် မရနိုင်တော့ဘူးပေါ့။ ကျွန်တော်တို့လည်း နိုင်ငံခြားမှာ သွားတုန်းက အဲဒီလို လုပ်ခဲ့တယ်။

မြန်မာပြည်မှာ company စတဲ့အခါ MIT က first မဟုတ်ဘူး။ ကျွန်တော်တို့ ဆီမှာ company အကြီးကြီးတွေ ရှိတယ်။ MCC တို့ ACE တို့ Integra ဆိုတာ ရှိတယ်။ ကျွန်တော် ကျောင်းပြီးလို့ ပြန်လာတဲ့ အချိန် အလုပ်လုပ်ပြီး ပြန်လာတဲ့ အချိန်မှာ ထွန်းသူရသက် ဆိုတဲ့ လူကို တစ်ယောက်မှ မသိကြဘူး။ မကောင်းတာက ကျွန်တော် သွားပြောတဲ့ အခါကြရင် သူတို့ နားမထောင် ချင်ကြဘူး။ ကောင်းတာက ဘာလဲ ဆိုတော့ ကိုယ့်ကို ပြိုင်ဘက်တွေက ရှိတယ်လို့ မယူဆထားကြဘူး။ အဲဒီတော့ ကိုယ်က လှုပ်ရှားလို့ ရတယ်ပေါ့နော်။ ကိုယ်က ကိုယ်လုပ်ချင်တဲ့ strategy ကို plan ချပြီးတော့ လုပ်လို့ရတယ်ပေါ့။ အစမှာတော့ ကျွန်တော်တို့ ဒီတိုင်းပဲ တွေ့မှာပဲ။ MIT ဆို company ကတစ်ယောက်မှ ကျွန်တော်တို့ကို မသိဘူး။ ဘယ်ပြိုင်ဖက်ကမှ ကျွန်တော်တို့ကို မမြင်ရဘူး။ အဲဒီအခါမှာ ကျွန်တော်တို့ ပြင်ဆင်ထားလို့ ရတာပေါ့။

ဒါပေမယ့် ကိုယ့်မှာ strategy ရှိဖို့လိုတယ်။ ကိုယ်သွားချင်တဲ့ vision ခေါ်တာပေါ့။ 5 years ဘာဖြစ်ချင်လဲ ဆိုတာကို အဲဒါကို မကြည့်နိုင်ရင် လုပ်ငန်းက အဆင်မပြေနိုင်ဘူး။ ဒီ အချိန်မှာ တစ်နှစ်၊ နှစ်နှစ်ကို မကြည့်နဲ့။ ကျွန်တောမြင်တာလေ အဲဒီ ငါးနှစ် ကိုကြည့်။ အဲဒီ ငါးနှစ်ရောက်ဖို့ကို ကိုယ် လမ်းကြောင်းချ၊ အချိန်၊ effort၊ entrepreneur ဆိုရင်လဲ ဝန်ထမ်း တစ်ယောက်လို လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အားလုံး သူလုပ်ဖို့လိုတယ်။ အားလုံး သူထည့်ဖို့ လိုတယ်။

သီဟ – ကျွန်တော်တို့ ဆီမှာ အချိန်ယူဖို့ အတိုင်းအတာ မှာ အားနည်းချက်တွေ အများကြီး ရှိမယ် ထင်ပါတယ်။ တစ်နှစ်လောက် လုပ်၊ မအောင်မြင်ဘူး ဆိုရင် အကုန်လုံး ကွဲသွား ကြတာလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ သူ product က ကောင်းတယ်ပဲ ထားဦး။ support မရှိရင် နောက်ကနေ support မလိုက်နိုင်ရင် လုပ်လို့မရတော့တဲ့ အနေအထား တွေလည်း အများကြီး ရှိမှာပေါ့။

ကိုထွန်း – ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါလည်း ပါတာပေါ့နော်။ သူငယ်ချင်း ငါးယောက်လုပ်လို့ ရှိရင် ကျွန်တော်မြင်တာ တစ်ယောက်ကတော့ leader ဖြစ်ရမယ်။ ဒါကို လက်ခံဖို့ သူ့ရဲ့ structure ရှိဖို့ လိုတယ်။ level တူ သုံးယောက် ပြိုင်တူ လုပ်တယ် ဆိုရင် မဖြစ်ဘူး ထင်တယ်။

သီဟ – leading role မှာရှိတဲ့ လူတစ်ယောက် ရှိဖို့ ကောင်းကောင်း လိုအပ်တယ်ပေါ့။

ကိုထွန်း – ဥပမာ role ခွဲထားဖို့ လိုမယ်။ ကျွန်တော်တို့ လူကြီးတွေ ပြောတာရှိတယ်။ Thinker၊ Doer၊ Shaker၊ Mover ရှိတယ်။ Thinker က စဉ်းစားတဲ့ လူ၊ သူက အရမ်း စဉ်းစားတယ်။ ကျွန်တော်တို့ MIT စတော့ ကိုချစ်ထွန်းဖေ ပါတယ်။ သူက Thinker၊ ကျွန်တော်က Doer ပေါ့နော်။ ကျွန်တော်က Think လုပ်တယ် လက်တွေ့ကျတဲ့ဟာ လုပ်တယ်။ ဒီ နှစ်ခု လိုတယ်ပေါ့နော်။ တစ်ယောက် တည်း ရှိရင် နှစ်ခု လုံး လုပ်ရမှာပဲ။ တစ်ချို့ အဖွဲ့အစည်းတွေမှာတော့ စဉ်းစားတဲ့ လူကတစ်ယောက်၊ လုပ်တဲ့ လူက တစ်ယောက်ပေါ့။ နှစ်ယောက် ဖြစ်လို့ ရတယ်။ ဒါမျိုးပေါ့။ team တော့ ရှိဖို့ လိုတယ်။ structure ရှိဖို့ လိုတယ်။ Thinker က စဉ်းစားတယ် ၊ Doer က လုပ်တယ်၊ Mover ဆိုတာက ရွေ့လျှားလို့ ရတယ်။ အပြောင်းအလဲ လုပ်လို့ရတယ်။ နောက်တစ်ခုက Shaker၊ Shaker က တစ်ခုခု ဖြစ်လာအောင် လုပ်တယ်ပေါ့။ Shaker လည်း လိုတယ်လေ သူက အဖွဲ့အစည်းမှာကော နိုင်ငံ တစ်နိုင်ငံမှာကော လိုတယ်။

ဆက်ပါဦးမယ် ..