Tun Thura Thet

ကိုထွန်းသူရသက်နှင့် အင်တာဗျူး (ပညာရေးအမြင်) အပိုင်း (၁)

ကျွန်တော် ဒီတစ်ပတ် အင်တာဗျူးဖြစ်သူက ကိုထွန်းသူရသက်ပါ။ ကိုထွန်းသူရသက်ကို ကိုထွန်းလို့ ကျွန်တော်တို့ ရင်းရင်းနှီးနှီး ခေါ်ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အလွန်လေးစားအားကျရတဲ့ Role Model တစ်ယောက်ဆိုရင်လဲ မမှားပါဘူး။ မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာ လောကမှ MIT လို့ ပြောလိုက်ရင် မသိတဲ့သူ မရှိလောက်အောင် ရှေ့ဆောင်ကုမ္ပဏီကြီးရဲ့ CEO လဲ ဖြစ်သလို founder တစ်ဦးလဲ ဖြစ်ပါတယ်။ အဲဒီအပြင် မကြာသေးခင်ကပဲ PhD ဒေါက်တာဘွဲ့ကို လက်ခံရရှိထားသူလဲ ဖြစ်ပါတယ်။ အခုလို မေးမြန်းခွင့်ပေးတဲ့အတွက် ကိုထွန်းကို ကျေးဇူးအများကြီး တင်ပါတယ်။

ကျွန်တော် ကိုထွန်းကို ကြားဖူးနေတာ ကြာပါပြီ။ ကျွန်တော် လေးစားအားကျရတဲ့ လူတစ်ယောက် အဖြစ်နဲ့ပါ။ ကိုထွန်းအနေနဲ့ Software တွေလဲ ထုတ်နိုင်တယ်၊ အဲဒီအပြင် MIT ဆိုတဲ့ အခုအချိန်မှာ အရမ်းအောင်မြင်နေတဲ့ နည်းပညာ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားနိုင်တဲ့အတွက် ကျွန်တော့်ရှေ့က မျိုးဆက်အနေနဲ့ အရမ်းကို ဂုဏ်ယူအားကျမိပါတယ်။ Software Development လမ်းကြောင်းကို ကျွန်တော်လျောက်စဉ်တုန်းက MIT မှာ အလုပ်ဝင်လုပ်ဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်။

သီဟ – ကျွန်တော် အရင်ဆုံးမေးလိုတာက ပညာတတ်လုပ်ငန်းရှင်၊ ပညာလဲတတ်တယ် လုပ်ငန်းရှင်လဲ ဖြစ်တယ်ပေါ့။ အဲဒီလို လျောက်လှမ်းလာတဲ့ လမ်းကြောင်းမှာ ပညာတတ်ခြင်း၊ ပညာရှာခြင်းနဲ့ လုပ်ငန်းရှင်ဖြစ်ခြင်း သဘောတရားနှစ်ခုအပေါ်မှာ ဘယ်လို မျှမျှတတ လုပ်သွားသလဲ၊ ဘယ်လိုမြင်လဲဆိုတာ သိချင်ပါတယ်။

ကိုထွန်း – အဓိကကတော့ ကျွန်တော်တို့ မြန်မာ အဆိုမှာ ရှိတယ်။ ပညာရှာတဲ့ အရွယ်၊ ဥစ္စာရှာတဲ့ အရွယ်၊ နောက် တရား ရှာတဲ့ အရွယ်ပေါ့။ ပုံမှန်တော့ ကျွန်တော်တို့ ငယ်ငယ်က ပညာနဲ့ စခဲ့တာပေါ့။ ကျွန်တော်တို့ ခေတ်က ၁၉၈၈ ပေါ့နော်။ ၁၉၈၈ ကြုံလိုက်တော့ ကျွန်တော်တို့က ပညာရေးက ပုပ်သွားတဲ့ အချိန် ရှိတယ်။ အဲဒီ အချိန်မှာ ကျွန်တော်က ဒီလမ်းကြောင်းကို စဖြစ်ခဲ့တာပါ။ ကျောင်းတွေ ပိတ်သွားတော့ ကျွန်တော် စောင့်သေးတယ်။ နောက်တော့ နိုင်ငံခြား ထွက်သွားဖြစ်တယ်။

အဲဒီအချိန်မှာ ကျွန်တော် ဘာစတွေ့လဲ ဆိုတော့ အခု ခေတ်လူငယ်တွေ တွေ့ချင်မှ တွေ့မယ်။ ပညာရေးဆိုတာ ဘယ်လောက် တန်ဖိုး ရှိသလဲ ဆိုတာကို၊ မိဘတွေ ပြောတဲ့အတိုင်း ကိုယ်ငယ်ငယ်တုံးကတော့ ထုံးစံ အတိုင်း သတ်မှတ် လက်ခံ ခဲ့ပေမယ့် နိုင်ငံခြားရောက်တဲ့ အချိန်မှာ Graduate တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ နဲ့ လူ့ အသိုင်းအဝိုင်းမှာ လက်ခံတဲ့ ပုံစံကို ကျွန်တော်တွေ့လိုက်တဲ့ အခါမှ ကျွန်တော် အရမ်း ဖြစ်ချင်ခဲ့တယ်။ ဘွဲ့ ရတစ်ယောက်ပေါ့နော်။

အဲဒီ အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်ကြည့်တယ်။ အများစုက ဆယ်တန်းအောင်ကို အသိအမှတ် မပြုဘူး။ ကျွန်တော် အဲဒီကို ရောက်တဲ့ အချိန်မှာ ကျွန်တော် ဒီဖက်လည်း ပြန်မလာ ချင်ဘူး။ ကျောင်းပြီးအောင် တက်နေတဲ့ အချိန်မှာ ပညာရေးပိုင်းက ကျွန်တော့်အတွက် အရမ်းကို အရင်းအနှီး ကြီးခဲ့တယ်။ အချိန်ရော၊ လူရော၊ ငွေကြေးရော ပေါ့။

ပထမ ဘွဲ့ရအောင် လုပ်တဲ့ အချိန်မှာ အရမ်း ကြိုးစား ခဲ့ရတယ်။ ကျွန်တော် ပြောတာ ငွေရေးကြေးရေး အပိုင်းရော အချိန် အပိုင်းရောပေါ့၊ ကျွန်တော်ရဲ့ အခန်းကဏ္ဍမှာ ပညာရေး ကို တန်ဖိုးထားတဲ့ စိတ်က သူများ ထက်ပိုတယ်။ ကျွန်တော် ရခဲ့တဲ့ ဘွဲ့တစ်ခုက လွယ်လွယ်ကူကူ မဟုတ်ဘူး။ လမ်းကြမ်းကို ဖြတ်ခဲ့ရပါတယ်။ ပုံမှန် Campus Life မှာလို first year to fifth year တက်ခဲ့ရတာ မဟုတ်ဘူး။

နောက်ပြီးတော့ ကျွန်တော်တို့ မိဘ မျိုးရိုးကတော့ ဝန်ထမ်းဖက်က လာတာ များတယ်။ ကျွန်တော်တို့ ဟို အဖိုးအဖွားတို့ လက်ထက် ကတည်းက အားလုံးက ပညာရေး ဦးစားပေးတယ်။ အခြေခံအားဖြင့်တော့ ပညာရေးဟာ အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ ရောက်တဲ့ အချိန်မှာလည်း ပေးတဲ့ experience တွေကလည်း ပညာတက်ဖို့ အရေးကြီးတယ် ဆိုတာကို သိခဲ့ရတယ်၊ နောက်ပြီးတော့ ကျွန်တော် ကြိုးစားခဲ့ရတယ်။

အဲဒီလိုနဲ့ ပညာ ကြိုးစားရင်းနှင့် တချိန်မှာ ကြတော့ စာတွေ့သည် ကျွန်တော် ဘဝကို ဖြတ်သန်းဖို့ မလုံလောက်ဖူး ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော် တစ်ခြားနိုင်ငံမှာ ကျောင်းပြီးတော့ အလုပ်ဝင်ပါတယ်။ ဝင်တဲ့ အချိန်မှာ ကိုယ့်နိုင်ငံကို ပြန်ကြည့်တော့ ကိုယ်လုပ်ချင်တာတွေ အများကြီးတွေ့တယ်။ ကျွန်တော်တို့က ကြိုသိလို့တော့ မဟုတ်ဘူး။ သို့သော် ကိုယ့်နိုင်ငံမှာ ဖြစ်မယ့်ဟာတွေကို ကိုယ်က ကြိုမှန်းလို့ရတယ်။ နိုင်ငံခြားမှာ ဖြစ်ခဲ့တဲ့ ပုံစံတွေ ကြည့်နိုင်လာတဲ့ အခါမှာ နိုင်ငံခြားက အခြေအနေတွေနဲ့ ချိန်ထိုးကြည့်နိုင်လာတဲ့ အခါမှာပေါ့။

အဲဒါနဲ့ လုပ်ငန်း စဖြစ်တယ်။ လုပ်ငန်း အစမှာတော့ ကိုယ်က သိပ်နားမလည်ဘူးပေါ့။ လူငယ်ဆိုတော့ ဖြစ်ချင်တာ၊ လုပ်ချင်တာပဲ ရှိတယ်။ အဲဒီအချိန်က ကျွန်တော် အသက် ၂၅ နှစ်ဝန်းကျင်ပါ။ ဘွဲ့ရပြီး တစ်နှစ် အပြင်မှာ အလုပ်လုပ်တယ်။ ပြီးတော့ ဒီပြန်လာတယ်။ လုပ်ငန်း စလုပ်ဖြစ်ပါတယ်။

ပထမတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ဖြစ်တဲ့ software development ပေါ့၊ programming ကို အခြေခံပြီး လုပ်တယ်။ လုပ်ရင်းနဲ့ ကျွန်တော် နားမလည်တဲ့ Management တွေကို Marketing ကိုတွေ့ကြုံရတယ်။ အဲဒီ အချိန်မှာ ကျွန်တော် ကျောင်းပြန်တက် ဖြစ်တယ်။ ပြည်တွင်းမှာ ပါပဲ၊ MBA တက်ဖြစ်တယ်။

ကျွန်တော် အဲဒီလိုတက်ရင်း ဘာတွေ့လဲ ဆိုတော့ ပညာရေးက လုပ်ငန်းတစ်ခုစမယ် ဆိုရင် foundation အရေးကြီးတယ်။ နောက်တစ်ခုက အလုပ်လုပ်တဲ့ အခါမှာလည်း ပညာဟာ အမြဲ လိုအပ်နေတယ်။ အဲဒီအချက်ကို ကိုယ်က ရှာတွေ့ဖို့ လိုပါတယ်။ အဲဒီမှာ သတိထားမိတာ balance တွေ အရေးကြီးတယ်။ စာပဲ တော်လို့ မရဘူး။ အလုပ်ပဲ တော်လို့ မရဘူး။ ဒီနှစ်ခု balance ဖြစ်ဖို့ လိုတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်က အချိန်ပေါ့နော်။ အများစုက အထူးသဖြင့် လုပ်ငန်းမှာ ထူးချွန်တဲ့ လူငယ်တွေ ပေါ့နော်၊ သူတို့ဟာ အောင်မြင်လာတဲ့ အချိန်မှာ ပညာရေးဟာ အရေးမကြီးဘူး ဆိုပြီးတော့ အယူမှားတာ ရှိကြတယ်။ အဓိကကတော့ သူတို့ဆီမှာ ငွေရေးကြေးရေးထက် အချိန်ပေါ့။ ဒီ time balance ကိုလုပ်ရတာ အရမ်း ခက်တယ်။ နိုင်ငံခြားမှာ ကျွန်တော်တို့ တွေ့ပါတယ်။ ဥပမာ ပိုလီ ပြီးတယ်။ အလုပ်အကိုင်ရတယ်။ အရမ်းတော်တဲ့ ကလေးတွေပေါ့။ သို့သော် Graduate Course တွေ Program တွေတက်ဖို့ သူအရမ်း ကြိုးစားရတယ်။ ငွေရေးကြေးရေးတင် မကပါဘူး။ အချိန်လဲ လုပ်ရပါတယ်။ အဲဒီလို လုပ်ရတဲ့အခါမှာ အများစုက give up လုပ်သွားကြပါတယ်။

တစ်ချို့ကတော့ poly ပြီးတဲ့ အခါ degree အတွက် ကြိုးစားကြတယ်။ တစ်ချို့ကြတော့ အဲဒီထက် တစ်ဆင့်တက်ပြီး Master ၊ PhD ပေါ့နော်။ သို့သော် အများစုရဲ့ အဓိက ပြဿနာက အချိန်ပါ။ ကျွန်တော့်မှာ အဲဒီအချိန်အတွက် ပြဿနာပါပဲ။ အလုပ်မှာလည်း ကိုယ်က ထူးချွန်ချင်တယ်၊ အောင်မြင်ချင်တယ်။ တစ်ဖက်မှာလည်း ပညာရေးကို လိုက်စားချင်တယ် ဆိုလို့ ရှိရင် အချိန်ကို Manage လုပ်နိုင်ဖို့ လိုတယ်။ လူတိုင်းမှာ ၂၄ နာရီပဲ ရှိတယ်။ ဒါပေမယ့် အဲဒီ အချိန်ကို ဘယ်လို Manage လုပ်မလဲ။ ကျွန်တော် ပြောတာ လူမှုရေး၊ မိသားစုရေး မပါသေးဘူး။ ဒါတွေ အားလုံး balance ဖြစ်အောင် လို့ အချိန် Manage လုပ်နိုင်ဖို့ လိုပါတယ်။

သီဟ – ကိုထွန်းနဲ့ ပတ်သက်ပြီး ဆယ်တန်းအောင်ပြီးစ အခြေအနေလေး မေးချင်ပါတယ်။

ကိုထွန်း – ကျွန်တော် ဆယ်တန်းကို သာမန်ပဲ အောင်ခဲ့တယ်။ ဆေးကျောင်းတော့ မှီခဲ့တယ်။ ဆေးကျောင်း တက်ခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အရမ်းတော်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ စာတော့ မညံ့ပါဘူး။ ဒါပေမယ့် ပထမဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒ အဲဒီလောက် မပြင်းပြခဲ့ဘူး။ ကျွန်တော် နိုင်ငံခြား မရောက်ခင်အချိန်အထိပေါ့။

သီဟ – အဲဒီတော့ ဆေးကျောင်းကို ပြီးအောင် တက်ဖြစ်ခဲ့လားခင်ဗျ။

ကိုထွန်း – မပြီးဘူး။ First Year ပါပဲ။ First Year မှာ ကျောင်းတွေ ပိတ်သွားတယ်။ ပထမတော့ ကျွန်တော် စောင့်ပါသေးတယ်။ နောက်တော့ ခဏသွားမယ်ဆိုပြီး နိုင်ငံခြားထွက်သွားတယ်။ diploma course တွေတက်တယ်။ တက်တဲ့ အချိန်မှာ အစကတော့ ပြန်လာရမှာပေါ့နော်။ ကျွန်တော် အဖေ၊ အမေကတော့ ခဏသွား ပြီးရင်တော့ ဆရာဝန် ပြီးအောင် လုပ် ဆိုပြီးတော့ ဖြစ်စေချင်တယ်။ အဲဒီ အချိန်မှာ ကျွန်တော် ဖောင်ဖျက်ရတာပေါ့။ တစ်နှစ်ပြီးသွားတော့ ကျွန်တော် ဒီပလိုမာ ရတယ်။ နောက် ကျွန်တော် သိလာတာက ကျွန်တော် Programming အရမ်း စိတ်ဝင်စားသွားတယ် ဆိုတာပါ။ ကိုယ်ရဲ့ passion ကို စမြင်တာပဲ။ အရင်တုံးကတော့ လူကြီးတွေက ပြောတဲ့ ဆေးကျောင်းတက်၊ ဆရာဝန် လုပ် ဆိုတဲ့ ပုံမှန် လမ်းကြောင်း အဖြစ်ပဲ မြင်ခဲ့ပါတယ်။

သီဟ – ဟုတ်ကဲ့ခင်ဗျ။ အဲဒီနေရာမှာ ကျွန်တော် မေးချင်တာ တစ်ခုက ဆရာဝန်ဖြစ်မယ့် လမ်းကြောင်းပေါ်လဲ ရောက်နေတယ်။ ပုံမှန်အတိုင်း ဆက်သွားရင် ဆရာဝန်ဖြစ်ဖို့ ကျိန်းသေတယ်။ အများအားဖြစ့် ဆရာဝန်ဖြစ်မယ့် လမ်းကြောင်းကို ရွေးဖြစ်ကြပါလိမ့်မယ်။ လူကြီးတွေကလဲ အဲဒီလမ်းကြောင်းပေါ် တင်မှာပဲ။ အဲဒီလို အခြေအနေကနေ ဘယ်လို ဖောက်ထွက် လာသလဲဆိုတာ သိချင်ပါတယ်။

ကိုထွန်း – အဲဒီလို ရွေးချယ်တဲ့အတွက် ကျွန်တော့်မှာ sacrifice လုပ်ရတာတွေ ရှိပါတယ်။ လူကြီးတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ ကိုယ်က ဖြစ်ချင်တဲ့ဟာ လုပ်ရတယ်ပေါ့။ ဒါပေမယ့် ကျွန်တော် မိဘကတော့ very supportive ပါ။ သူတို့ ဖြစ်စေချင်တဲ့ဟာ ကိုယ်က မကြိုက်ဘူး၊ လွတ်သွားတယ်၊ သူတို့ အနေနဲ့ ဆရာဝန် ဖြစ်စေချင်တယ်။ သူတို့ဖြစ်စေချင်တဲ့ဟာကို အတင်း မတိုက်တွန်းဘူး။ ကျွန်တော်ကို အခွင့်အရေးပေးပါတယ်။

တစ်ဖက်ကလည်း ကျွန်တော် စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတော့ ကျွန်တော် လူကြီးတွေ ဖြစ်စေချင်တဲ့ ဆန္ဒကို တသက်လုံး လုပ်ခဲ့တယ်။ အဲဒီ အချိန်ထိပေါ့။ ဒါပေမယ့် တခြား လမ်းကြောင်းကို ရွေးခဲ့တယ်။ ကျွန်တော် အနေနဲ့ လူကြီးတွေကို proof လုပ်ပြဖို့ လိုလာပါပြီ။ ရွေးချယ်တဲ့ လမ်းကြောင်း မှန်ကန်ကြောင်း သက်သေ ပြကိုပြရမယ်။ သူတို့ စိတ်ချမ်းသာအောင် ကိုယ်လုပ်ပြရမယ် ဆိုတာ စိတ်ထဲမှာ ရှိတယ်။ အဲဒါလည်း ခွန်အား တစ်ခုပေါ့။

ကျွန်တော် ရွေးချယ်ပြီးတော့ မအောင်မမြင်ဖြစ်ခဲ့ရင် ကိုယ့်လူကြီးတွေ စိတ်ဆင်းရဲရမယ် ဆိုတာသိတယ်။ သူတို့ ကိုယ်ကို ဘာဖြစ်လို့ ဆရာဝန် ဖြစ်စေချင်လဲ ဆိုတာ လည်း သိတယ်။ ကိုယ်ကောင်းစေချင်ဖို့ဆိုတာ၊ တဖက်ကလည်း ကိုယ်ကောင်းချင်တဲ့ဟာ၊ ကိုယ်ဖြစ်ချင်တဲ့ဟာကို သိတယ်။ အရေးကြီးတာက ကိုယ့်မှာ ဘဝတစ်ခုပဲရှိတယ်။ ကိုယ်ဘာရွေးချယ်လဲ ဆိုတာ ကိုယ့်ရဲ့ choiceပဲ ဖြစ်သင့်တယ်။ မှားပြီး ရွေးချယ်ပြီးမှ လူကြီးတွေ ကြောင့်လို့ ပြောလို့မရပါဘူး။

တစ်ဖက်ကလည်း ကိုယ်က သတ္တိရှိဖို့လိုတယ်။ ကိုယ်ရွေးချယ်တဲ့ဟာကို အနည်းဆုံး ကိုယ်ကိုယ်ကို ယုံကြည်ဖို့ လိုတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ရဲ့ ပတ်သတ်တဲ့ မိသားစု။ ကိုယ်က ယုံကြည်ထားတာ ရှိတယ်၊ ခိုင်မာတဲ့ ယုံကြည်ချက် အပေါ်မှာလဲ ကိုယ်က confident ဖြစ်ဖို့ လိုပါတယ်။ ကိုယ်ပြ နိုင်ရင် သူတို့ကလည်း လက်ခံမှာပါ။ လူကြီး ဆိုတာလည်း ကိုယ့်ကို ချစ်လို့ ကောင်းစေချင်လို့ စိုးရိမ်ပူပန်လို့ ပြောတာ လည်း ရှိပါတယ်။ ကိုယ့်ရဲ့ သတ္တိ၊ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ စိတ်ကို တွေ့တဲ့ အခါမှာ လူကြီးများက ယုံကြည်လာမှာပါ၊ ခွင့်ပြုမှာပါ။

သီဟ – ရွေးချယ်ခွင့်ရှိတယ်၊ ရွေးချယ်ခွင့်မရှိဘူးဆိုတဲ့ အနေအထားတွေ အပေါ်မှာရော အမြင်ကို သိချင်ပါတယ််။ ဥပမာ – ကျွန်တော့်သူငယ်ချင်း တစ်ယောက်၊ သူက computer programming ကို ထူးချွန်တယ်။ အဲဒီဖက်ကိုလဲ သူတော်တော် စိတ်ဝင်စားတယ်။ ဒါပေမယ့် သူ့မိဘတွေက အဲဒီလမ်းကြောင်းကို လက်မခံဘူး။ နောက်ဆုံး သူမလုပ်ချင်တဲ့ သူမရွေးချင်တဲ့ လမ်းကြောင်းကို ရွေးလိုက်ရတယ်။ အဲဒီလို ရွေးလိုက်တဲ့အခါမှာ သူ့ passion မဟုတ်တဲ့အတွက် မထူးချွန်ဘူး။ ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေတယ်ဆိုရင် အဲဒီလိုအနေအထားကို အံလွဲနေတယ်လို့ ဆိုနိုင်မလား။ အဲဒီလို ဖြစ်နေတဲ့အပေါ်မှာ ကိုထွန်းရဲ့ အမြင်ကို သိချင်ပါတယ်။

ကိုထွန်း – ကျွန်တော့် အမြင်အရတော့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ဆရာဝန် ဘွဲ့ရပြီးမှ Industry ဘက်ကိုလာလည်း ရတာပဲ။ အဓိကကတော့ ကိုယ့် passion ဘယ်လောက် ရှိလဲ ပေါ့။ ကိုယ့်ရဲ့ passion ဘယ်လောက်ခံလဲ ပေါ့။ ကိုယ့်ရဲ့ fire က ဘယ်လောက်ခံလဲပေါ့။ ကျွန်တော် ယုံကြည်တာ တခုကတော့ မိဘကို ပြောလို့ မရဘူး ဆိုတာ ကိုယ့်ပေါ်မှာလည်း မူတည်တယ်။ ကိုယ်က ဘယ်လောက် အထိ အင်အား ရှိလဲပေါ့။ ဇွတ် မိုက်မဲ တဲ့ ပုံစံတော့ လုပ်လို့ မရပါဘူး။ အဓိက ကိုယ်က emotional တစ်ခုတည်း မဟုတ်ဘူးပေါ့။ emotion ကော၊ ကိုယ့်ရဲ့ intelligent ကော၊ အားလုံးရဲ့ စဉ်းစားထားတဲ့ decision ဖြစ်တယ်ဆိုတာကို proof လုပ်နိုင်ဖို့ လိုတယ်။ တကယ်လို့ သူတို့ ယုံကြည်လာတဲ့ အခါမှာ သူတို့ လျှော့ပေးလိမ့်မယ်။ သူတို့ မယုံကြည်တဲ့ အခါ test တစ်ခုပဲ ကိုယ့်ကို test လုပ်ကြည့်တဲ့ သဘောပဲ။ ကိုယ့် အလုပ်က အစကတည်းက မခိုင်မာလို့ ရှိရင် အစကတည်းက အရှုံးပေးတာ အကောင်းဆုံးပဲ။ တကယ်လို့ ခိုင်မာလို့ ရှိရင် လူကြီးတွေ ဟုတ်ပြီ၊ ခိုင်မာပြီဆိုပြီး လိုက်လျောတာ များပါတယ်။

အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် ကျွန်တော် မြင်တာကတော့ အဲဒီ အချိန်ကတည်းက အဲဒီ အခက်အခဲကို မကျော်နိုင်တဲ့ သဘောတရား ရှိခဲ့တယ်။ လူကြီးတွေ ဖြစ်နေတာကို မလွန်ဆန် နိုင်ဘူး ဆိုတာကို သူ့ရဲ့ passion က ဒီဖက်မှာ အားနည်းမှု ရှိတယ်ပေါ့ ကျွန်တော် အဲဒီလို မြင်ပါတယ်။နောက်ထပ် မတူညီတာတဲ့ သဘောတွေလဲ ရှိမှာပါ။

(ကိုထွန်းနဲ့ အင်တာဗျူးက အပိုင်းအလိုက် ဖော်ပြပေးမှ အဆင်ပြေပါမယ်။ အခုအပိုင်းကတော့ ကိုထွန်းနဲ့ ပညာရေး အမြင်ပါ၊ နောက်အပိုင်းတွေ ဆက်တိုက် တင်ပေးသွားပါ့မယ်ခင်ဗျ။)

၂၀၁၂ ခုနှစ် ဩဂက်စ်လ လောက်က ကျွန်တော် အင်တာဗျူးခဲ့တာကို ပြန်တင်တာ ဖြစ်ပါတယ်။