programmer

Programmer လုပ်တော့မယ်ဆိုရင် (၂)

ပထမပိုင်းမှာတော့ အခုမှစမယ့်သူတွေ မှားတတ်တဲ့ အမှားတွေကို ရေးခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ အဲဒီ အမှားတွေကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အပိုင်းကို ရေးပါမယ်။

(၁) လမ်းရွေးပါ

Programmer လုပ်တော့မယ်ဆိုရင် ရွေးချယ်စရာ လမ်းတွေ အများကြီးရှိပါတယ်။ Web Development အပိုင်းကို သွားမလား၊ ဒါမှမဟုတ် Mobile Application Development ကိုသွားမလား၊ ဒါမှမဟုတ် Machine Learning, AI စသည်ဖြင့် သွားမလား၊ Desktop Application တွေရေးမှာလား စသည်ဖြင့် လမ်းပေါင်းစုံရှိပါတယ်။ တစ်ခုခုကို ရွေးပြီးပြီဆိုရင်တော့ အဆုံးအထိလျှောက်ဖို့ လိုတာ ဖြစ်တဲ့အတွက် စကတည်းက ကိုယ့်ဝါသနာနဲ့ ကိုက်ညီတာကိုရွေးဖို့ လိုပါတယ်။ 

(၂) အဆုံးအထိလျှောက်ပါ

အဲဒီလို ရွေးပြီးပြီဆိုရင်တော့ အဆုံးအထိလျှောက်ဖို့ လိုပါတယ်။ အဆုံးဆိုတာ ဘယ်လိုမျိုးလဲ၊ ကျွန်တော်တို့  Development တွေ လုပ်တဲ့အခါ Design Pattern တွေဆိုတာ ရှိပါတယ်။ အဲဒါတွေကို လက်တွေ့လုပ်ငန်းခွင်မှာ တစ်သားတည်းကျအောင် သုံးနိုင်တဲ့အဆင့်ကို ဆိုလိုပါတယ်။ အဲဒီလို အဆင့်ကိုရောက်သွားရင်တော့ ငလုံးလဖယ် ထန်းပင်တွေကို ကူးပြီး ထန်းသီးခူးသလို အပင်အောက် ပြန်ဆင်းပြီး တက်စရာမလိုပဲ တစ်ပင်နဲ့ တစ်ပင် ခုန်ကူးလို့ ရသွားစေပါတယ်။ ကိုယ်က PHP နဲ့ Web Development အပိုင်းမှာ Apply Design Pattern အထိ ရောက်ထားရင် Kotlin နဲ့ Android ရေးတဲ့ ချဉ်းကပ်ရလွယ်သွားစေပါတယ်။ အရင် PHP မှာလို အချိန်အများကြီး ပေးစရာ မလိုတော့ပါဘူး။

(၃) အချိန်ပေးပါ

Programmer ဆိုတာ ဥုံဖွဆိုပြီး ဖြစ်မလာပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိ ပေးရပါတယ်။ အထိရောက်ဆုံး လမ်းကြောင်းတစ်ခုနဲ့ အပြင်းထန်ဆုံး ကြိုးစားပြီး လေ့လာမယ်ဆိုရင်တောင် အနည်းဆုံး သုံးလေးနှစ်ကနေ ငါးနှစ်အထိ အချိန်ပေးရပါတယ်။ ဒါတောင် လျော့ပြောထားတာပါ။ အဲဒီလောက် အချိန်ပေးရမှာကို သုံးလလောက် လုပ်ပြီး ငါးကြီးဖမ်းချင်လို့ မဖြစ်နိုင်ပါဘူး။

(၄) ခွက်တစ်လုံးဆောင်ပါ

ပညာရှာပမာ သူဖုန်းစားဆိုတဲ့ စကားရှိပါတယ်။ ပညာရှာမယ်ဆိုရင် သူတောင်းစားလို့ ရှာရမယ်လို့ ဆိုလိုပါတယ်။ အဲဒီအတွက် ခွက်တစ်လုံးလိုပါတယ်။ ထိရောက်တဲ့ ဥပမာပေးတာဖြစ်တဲ့အတွက် ဒီဥပမာပဲ ခေါင်းထဲပေါ်ပါတယ်။ ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ သူများတွေ ရေးထားတဲ့ Resource တွေကို လေ့လာတဲ့အခါ တစ်ခုပြီး တစ်ခု အစအဆုံး လိုက်လုပ်ကြည့်လိုက် ပြီးရင် နောက်တစ်ခု အစအဆုံး လိုက်လုပ်ကြည့်လိုက်နဲ့ လေ့လာနေမယ်ဆိုရင် အကျိုးမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် ခွက်မရှိပဲ သွားတောင်းနေသလို ရလာတာတွေ အဖတ်မတင် ဖြစ်တတ်ပါတယ်။ အဲဒီအတွက် ခွက်တစ်လုံးနဲ့တူတဲ့ ကိုယ်တည်ဆောက်ချင်တဲ့ Business Logic ကို အခြေခံထားဖို့ လိုပါတယ်။ ကျွန်တော်တို့ Framework တွေဆိုတာ အဲဒီလို ခွက်တွေနဲ့ တူပါတယ်။ ဒေါ်လာသိန်းချီသောင်းချီ တောင်းနိုင်ဖို့ ခွက်တွေ ဖန်တီးထားကြတာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ခွက်တစ်လုံး တည်ဆောက်ဖို့ ခက်နေရင် ဆရာကောင်း သမားကောင်းနဲ့ ချဉ်းကပ်ပြီး တောင်းနည်း သင်တာ အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။

(၅) ဗျာများမနေနဲ့ စသာစ၊ ပြီးအောင်လုပ်

ရဲရဲတင်းတင်း အစပြုချင်းကလဲ အင်မတန်အရေးပါပါတယ်။ ဟိုဟာရမှာလား၊ ဒီဟာရမှာလား၊ ငွေ ဘယ်လောက်ရမှာလဲ၊ ဘယ်သူတွေက ဘာတွေ ပြောနေလဲ၊ ဟိုလူက ဟိုဟာတွေ ဘာတွေ လုပ်နေတာလဲ၊ ငါဒါတွေ လုပ်နေရင် သူတို့က ဘာတွေပြောမှာလဲ စသည်ဖြင့် ဗျာများနေပြီး မစဖြစ်ရင် ခရီးလဲရောက်မှာ မဟုတ်ပါဘူး။ စချင်တဲ့နေရာက စလိုက်ပါ ပြီးရင် ပြီးဆုံးအောင် လုပ်ဖို့လဲလိုပါတယ်။ ကျွန်တော် တပည့်တွေကို ပြောလေ့ရှိတဲ့ အဆင့်တွေရှိပါတယ်။ အဆင့် (၁) ဗျာများနေတဲ့အဆင့်ဆိုရင် Programmer တစ်ယောက် ဗိုက်ထဲတောင် မရောက်သေးဘူး၊ အဆင့် (၂) လေ့လာရမှာ မကြောက်တော့တဲ့အဆင့်ဆိုရင် အနူဖြစ်ပြီ၊ အဆင့် (၃) Project  တစ်ခုလောက် ပြီးအောင် ရေးနိုင်ပြီဆိုရင် အနူတောမှာ လူချောဖြစ်ပြီ၊ အဆင့် (၄) Project နဲ့ ပိုက်ဆံ စရှာနိုင်ပြီဆိုရင်တော့ လူဖြစ်ပါပြီ။ အဆင့် (၅) ကုဒ်ရေးတာကို သူဌေးဖြစ် အသုံးချနိုင်ပြီဆိုမှ တကယ့် လူချောဖြစ်မှာပါလို့။

(၆) ကိုယ်တတ်နိုင်သလောက် ခပ်သေးသေးက စပါ

တစ်ချို့ တပည့်တွေ သူတို့ရေးချင်တဲ့ Project အကြောင်းတွေ လာပြောဖူးတာ ရှိပါတယ်။ သူတို့ စဉ်းစားထားတာတင် စာမျက်နှာ ၁၀၀ နီးပါးရှိပါတယ်။ သေချာပါတယ် အဲဒါဆိုရင် ဘယ်တော့မှ Project ပြီးမှာ မဟုတ်တော့ပါဘူး။ ကိုယ်က အခုမှ စကုဒ်မှာ တစ်ရာဖိုးတောင် မရှိသေးဘူး၊ တစ်သိန်းဖိုး ဟင်းပွဲနှိုက်သလို ဖြစ်နေပါတယ်။ သိပ်သေးလွန်းတာနဲ့လဲ မစပါနဲ့၊ ဥပမာ – Android App တစ်ခု ရေးတယ်ဆိုပါစို့၊ Button တစ်ခုထည့်မယ်၊ အောက်မှာ ကျွန်တော့်ကို ဖုန်းခေါ်ပါဆိုပြီး နှိပ်လိုက်ရင် ဖုန်းဝင်သွားတာလောက် Project သေးသေးလေးတွေနဲ့ မစဖို့ပါ။ တကယ် စသင့်တဲ့ အနေအထားက စွန့်စားမှုလဲ ရှိရမယ်၊ စိန်ခေါ်မှုကိုလဲ တွက်ဆနိုင်ရမယ်၊ အဖြေကိုလဲ ရှာနိုင်မယ့်အနေအထားနဲ့ စဖို့ လိုပါတယ်။

(၇) Programming ဆိုတာ အကုန်သိမှ စရတာ မဟုတ်ပါဘူး

ဒါလဲ ကျွန်တော်တို့ အင်္ဂလိပ်စကားပြောသလိုမျိုးပါပဲ။ အင်္ဂလိပ်တစ်ယောက်လိုသိမှ လေ့လာပြီးမှ အင်္ဂလိပ်စကား ပြောမယ်ဆိုရင် ဒီတစ်သက်မလွယ်ပါဘူး။ Computer Programming ဆိုတာလဲ အဲဒီလိုပါပဲ၊ တုတ်ထိုးအိုးပေါက် အစအဆုံးသိမှ Application ရေးနိုင်တာ မဟုတ်ပါဘူး။ ပြဿနာရှိရင် အဖြေရှာလို့ လွယ်တဲ့ အင်တာနက်ခေတ်ကြီးမှာ သိချင်ရချင်လာဖို့ပဲ လိုပါတယ်။

အဲဒီ (၇) ချက်လောက် ပြုပြင်နိုင်မယ်ဆိုရင် ကျွန်တော် ပထမပိုင်းမှာ ပြောခဲ့တာတွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။