One System Unicode

ကွန်ပျူတာသုံး မြန်မာစာ စံစနစ်တစ်ခုတည်း ဖြစ်ဖို့ ဘာကြောင့် လိုအပ်သလဲ

ကျွန်တော်တို့ ယခင်က ခဲစာလုံးများဖြင့် အသုံးပြု၍ စာရွက်တွင် ပုံနှိပ်ခြင်းဖြင့် အသုံးပြုခဲ့ကြသည်။ ထိုမှတစ်ဆင့် ကွန်ပျူတာ ပေါ်လာသောအခါ ကွန်ပျူတာဖြင့် စာစီသော ပုံနှိပ် စာလုံးများအဖြစ် အသုံးပြုခဲ့ကြပြန်သည်။ ထိုကဲ့သို့ ပုံနှိပ်အဆင့်တွက် မြန်မာစာသည် စာရွက်တွင် ပေါ်ဖို့သာ အဓိက ဖြစ်ပြီး  ပုံစံကောင်းကောင်း ပုံရိပ်ကောင်းကောင်း ပေါ်လျှင် အဆင်ပြေပြီ ဖြစ်သည်။ 

နောက်ပိုင်း Desktop Application များတွင် မြန်မာစာများ သုံးလာကြသည်။ သို့သော် မြန်မာစာအသုံးပြု အချက်အလက်များ ဖလှယ်မှု အတိုင်းအတာက အလွန် နည်းပါးနေသေးသည်။ ကွန်ပျူတာ ကွန်ယက်စနစ်များ မထွန်းကားသေးသည့် အတွက်ကြောင့်လဲ အချက်အလက် ဖလှည်မှုစနစ်များ သိပ် မတွင်ကျယ်သေး သိပ် အသုံးမပြုကြသေးသော အခြေအနေဖြစ်သည်။

ပုံနှိပ်စာလုံးများဖက်တွင် အဓိကအားဖြင့် အင်္ဂလိပ်စာလုံးများ နေရာတွင် အစားထိုးထားသော ANSI အခြေပြု မြန်မာဖောင့်များ ဖြစ်သည့် Win-Myanmar စသည့်ဖောင့်ကို အသုံးပြုနေကြသည်။ နောက်ပိုင်းတွင် အင်တာနက် စသည့် ကွန်ယက်ချိတ်ဆက်မှုများ ဖြစ်ပေါ်လာသောအခါ အင်္ဂလိပ်စာလုံးများ နေရာတွင် အစားထိုးထားသော ဖောင့်များ အသုံးပြု၍ မဖြစ်နိုင်တော့ အင်္ဂလိပ်စာလုံး တစ်လှည့် မြန်မာစာလုံးတစ်လှည့် အသုံးပြုရသော အခြေအနေများတွင် လည်းကောင်း Web Page စာမျက်နှာများတွင် Font-family ကိုတစ်ခုတည်း ကြေငြာသုံးစွဲရန် လိုအပ်သည့်အခါတွင် လည်းကောင်း အဆင်မပြေ နိုင်တော့သည့်အတွက် နောက်ထပ် နည်းလမ်း အသစ်တစ်ခု လိုအပ်လာပေသည်။

ထို့ပြင် အင်တာနက်ကွန်ယက် ဖြစ်သည်နှင့်အညီ အချက်အလက် အပြန်အလှန်စီးဆင်းမှု ဖြစ်စဉ်သည် တစ်ပါတည်း ဖြစ်ပေါ်လာသည့်အတွက် မြန်မာစာသည်လဲ မြန်မာများအချင်းချင်း ဆက်သွယ်ရာတွင် အသုံးပြုလာကြသည်။ အချက်အလက် အပြန်အလှန် စီးဆင်းနိုင်စေရန် မြန်မာစာသည် မရှိမဖြစ် လိုအပ်လာပေသည်။ ထိုသို့ လိုအပ်လာချိန်တွင် အင်တာနက် ကွန်ယက်များတွင် အသုံးပြုနိုင်သော မြန်မာစာစနစ်များလဲ ထွက်ပေါ်လာကြသည်။ လူသုံးအများဆုံးကတော့ ဇော်ဂျီဖောင့် ဖြစ်ပြီး အခမဲ့ ဖြန့်ဝေသည့် စနစ်ကြောင့် အသုံးပြုသူများ တစ်မဟုတ်ခြင်း ပြန့်နှံ့သွားသည်။ 

ထိုကဲ့သို့သော အခြေအနေအထိ ကွန်ပျူတာသုံး မြန်မာစာ စနစ်သည် အချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အချင်းချင်း နားလည်နိုင်လျှင် သူပြောသည့်စကား ကိုယ်သိ၊ ကိုယ်ပြောသည့် စကား သူနားလည်လျှင် အဆင်ပြေသော အနေအထားဖြစ်သည်။ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုများသည် နောက်တစ်ချိန် အများပြန်လည် အသုံးပြုနိုင်သော အချက်အလက်များ မဟုတ်သည့်အတွက် Private ဆန်သည့်အတွက် အချက်အလက် (data) အဆင့်သို့ ရောက်မလာချေ။

သို့သော် ကွန်ပျူတာသုံး မြန်မာစာစနစ်သည် ထိုမျှနှင့် ရပ်မနေ၊ မြန်ဆန်သော သတင်းအချက်အလက် စီးဆင်းမှုနှင့်အတူ အချက်အလက်များသည် Search Engine များ၊ Website များတွင် အချက်အလက်များ အဖြစ် စုဖွဲ့ ဖြစ်တည်လာကြသည်။ ထိုကဲ့သို့ စုဖွဲ့ဖြစ်တည် လာမှုနှင့်အတူ သတင်းအချက်အလက် အမည်ပေးစနစ်၊ သတင်းအချက်အလက် စုဖွဲ့မှုအဆင့်၊ သတင်းအချက်အလက် ချိတ်ဆက်မှုအဆင့် အဆင့်ဆင့် လိုအပ်ချက်များ ရှိလာခဲ့သည်။ အဆိုပါ အချက် သုံးချက်တွင် အခြေခံအကျဆုံး ဖြစ်သော သတင်းအချက်အလက် အမည်ပေးစနစ်တွင် ဝေဖန်စမ်းစစ်စရာ အချက်အလက်များ များစွာ ထွက်ပေါ်လာခဲ့ပေသည်။

သတင်းအချက်အလက် အမည်ပေးစနစ်နှင့် ကွန်ပျူတာသုံး မြန်မာစာစနစ်

သတင်းအချက်အလက် အမည်ပေးစနစ်သည် အလွန်အရေးပါသော အစိတ်အပိုင်း ဖြစ်ကြောင်း ဆိုခဲ့ပြီး ဖြစ်သည်။ သာမန် အရပ်ပြော ဘာသာစကားများတွင် ကြိုးကို ကြိုးဟု သိလျှင်ပင် အဆင်ပြေပြီ ဖြစ်သော်လဲ ကွန်ပျူတာသည် အရပ်ပြောကို သိမည်မဟုတ်၊ သူသိသည်က code point ဟုခေါ်သည့် မှတ်သား သိမ်းဆည်းသည့် စနစ်တစ်ခု အပေါ်အခြေခံပြီး သိခြင်း ဖြစ်သည်။ ကြိုး ကို အမြင်အားဖြင့် ကြိုးဟု မြင်နိုင်သော်လဲ ယခုလက်ရှိ ကွန်ပျူတာသုံး မြန်မာစာစနစ်များအရ ကွန်ပျူတာပေါ်တွင် ကြိုးဟု အမည်ပေးနိုင်သည့် စနစ် သုံးမျိုးခန့် ရှိနေပေသည်။ (ဒါတောင် ကျွန်တော် သိသော စနစ်များ ဖြစ်သည်။ အခြား မသိသော စနစ်များလဲ ကျန်ရှိနိုင်ပေသည်။)

  • ANSII အခြေခံ Win-Myanmar စနစ်
  • ဇော်ဂျီ မြန်မာစာစနစ်
  • Official Unicode စနစ်

ကြိုးဟူသော စကား တစ်လုံးအတွက် အမည်ပေးစနစ်အရ သုံးခုကွဲနေလျှင် အမည်ပေးစနစ် မှားနေပြီဟု ဆိုရမည် ဖြစ်သည်။ သို့သော် လူသုံးအများစုံ ဖြစ်သည့် ဇော်ဂျီကို အခြေတည်ပြီး ကြိုးဆိုလျှင် ဇော်ဂျီနှင့် ရေးထားတာ အတည်ဖြစ်သည်ဟု ယူဆပြန်လျှင်လဲ မဖြစ်သေး။ အဘယ်ကြောင်ဆိုသော် ကြိုးဟူသော စာလုံးသည် မြန်မာစာလုံးတစ်လုံး ဖြစ်သည်နှင့်အညီ မြန်မာစာ၏ စံနှုန်းနှင့်လဲ ကိုက်ညီဖို့ လိုပေသည်။ တကယ်တန်း ကွန်ပျူတာသုံး မြန်မာစာစနစ်သည် မြန်မာစာစနစ် အပေါ်တွင် အခြေခံပြီး ဖြစ်ပေါ်လာရသည်နှင့်အညီ ကွန်ပျူတာနှင့်သုံးမှ မြန်မာစာပျက်ရသည့် အဖြစ်မျိုးလဲ မဖြစ်စေသင့်ပါ။ ထို့ကြောင့် မြန်မာစာ ရေးထုံးများနှင့်လဲ တိုက်ဆိုင် စစ်ဆေးဖို့ လိုပေသည်။

မြန်မာစာရေးထုံးအရ ကြိုးဆိုသော စကားလုံးသည် က ြ —  –ိ  –ု –း စသည်တို့ ပေါင်းထားခြင်း ဖြစ်သည်။ မြန်မာစာရေးထုံး ပုံမှန် အစီအစဉ်အရ

Consonant(ဗျည်း) + Medials(ဗျည်းတွဲ) + Vowels(သရ) 

အစီအစဉ်အတိုင်း မှတ်သားရလေ့ရှိပြီး ရရစ်သည် ဇော်ဂျီမြန်မာစာ စနစ်တွင် ြ– ြ— ြ– ြ— စသည်ဖြင့် ခြောက်မျိုးခန်ရှိနေသော်လဲ အမှန်တကယ် မြန်မာစာစနစ်တွင် ရရစ်သည် တစ်မျိုးတည်းသာ ရှိပြီး ဗျည်း၏ ပုံစံအလိုက် ကြည့်ကောင်းစေရန် ပုံစံပြောင်းပေးရခြင်းသာ ရှိသည်။ သို့သော် မြန်မာစာ၏ Complex structure အရ ထိုကဲ့သို့ ပုံစံပြောင်းသည်ကို OS Level က အထောက်အပံ့ မပေးလျှင် သုံးလို့ မရသည့် အနေအထား ဖြစ်နေသည့်အတွက် သုံးလို့ရသည့် အနေအထား ဖြစ်စေရန် ပုံစံမျိုးစုံ မှတ်သား သိမ်းဆည်းပြီး ပုံစံထွက်စေရန် လုပ်ခဲ့ရသော အဆင့်တစ်ခုကလဲ ရှိနေခဲ့ပြန်သည်။ ထို့ကြောင့် Win-Myanmar စနစ်၊ ဇော်ဂျီ မြန်မာစာ စနစ်စသည်တို့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ယခုအချိန်တွင် OS Level ထောက်ပံ့မှုအရ Windows, OSX, Linux, iOS စသည်တို့တွင် သုံးလို့ရနေပြီ ဖြစ်သည့်အပြင် Android OS တွင်လဲ သုံးလို့ရနေပြီဖြစ်သည်။

ကွန်ပျူတာသုံး မြန်မာစာ အမည်ပေးစနစ် မှန်ကန်စေရန် ထည့်သွင်း စဉ်းစားရမည့် အချက်များကို လေ့လာကြည့်မည် ဆိုလျှင်

  • မူလ အနှစ်သာရဖြစ်သော မြန်မာစာ၏ အနှစ်သာရကို မပျောက်ပျက်စေသော နည်းလမ်း
  • မှတ်သားသိမ်းဆည်းမှု စနစ်အရ တစ်ခုတည်း ဖြစ်သော စံသတ်မှတ်ချက်ကို လိုက်နာပြီး သိမ်းဆည်းနိုင်သော နည်းလမ်း
  • OS Level အရ အထောက်အပံ့ပေးမှု အနေအထား
  • အချက်အလက်များ စုဖွဲ့နိုင်စေရန် မှန်ကန်သော စာလုံးပေါင်း သတ်ပုံစနစ်
  • မြန်မာစနစ် ဖြစ်သည်နှင့်အညီ ဗမာစာတစ်ခုတည်းအတွက် မဟုတ်ပဲ အခြား တိုင်းရင်းသား ဘာသာစကားများ အတွက်ပါ သုံးစွဲနိုင်သော စနစ်

စသည်ဖြင့် အချက်ပေါင်းများစွာ ထည့်သွင်းသုံးသပ်ဖို့ လိုအပ်နေပေသည်။ မည်သို့ပင် ဖြစ်စေ၊ အချက်အလက် အမည်ပေးစနစ် မှန်ကန်ခြင်းသည် မရှိမဖြစ်လိုအပ်သော သဘောတစ်ခု အဖြစ် သတ်မှတ်နိုင်ပြီး မြန်မာစာရေးထုံး အပေါ် အခြေခံသော စံစနစ်တစ်ခု ရှိရေးမှာလဲ မလွဲမသွေ ရှိနေရမည့် အချက်ဖြစ်ပေသည်။ သို့မှသာ သတင်းအချက်အလက် အမည်ပေးစနစ်မှတစ်ဆင့် သတင်း အချက်အလက် စုဖွဲ့မှုအဆင့်၊ သတင်းအချက်အလက် ချိတ်ဆက်မှု အဆင့်ကို တိုးတက်ရရှိနိုင်ပြီး မြန်မာစာဖြင့် ရေးသားထားသော အချက်အလက်များသည်လဲ အမှန်တကယ် တန်ဖိုးရှိသော နောင်တစ်ချိန်တွင် ပြန်လည် အသုံးချနိုင်သော အချက်အလက် (Data) များ ဖြစ်လာမည် ဖြစ်သည်။

မြန်မာစာဖြင့် ရေးသားထားသော အချက်အလက်များ

အချက်အလက်များသည် ပြန့်ကျဲနေလျှင် စုစည်းမှုမရှိလျှင် Information အဆင့်နှင့်သာ ရပ်တန့် နေလေ့ရှိပြီး အချက်အလက် (Data) အဆင့်သို့ ရောက်မလာချေ။ သတင်းအချက်အလက် information များကို အချက်အလက် (Data) အဆင့်သို့ မည်သို့အဆင့်မြှင့်တင်မည်နည်း။ 

  • အမည်ပေးစနစ် မှန်ကန်ရပါမည်
  • အမည်ပေးစနစ် မှန်ကန်ပြီးသော အချက်အလက်များကို တူရာတူရာ အုပ်စုများ စုဖွဲ့ရပါမည်
  • တူရာတူရာ စုဖွဲ့ထားသော အချက်အလက် အစုများအချင်းချင်း အပြန်အလှန် ချိတ်ဆက်ရပါမည်

Google ကဲ့သို့သော ရှာဖွေရေး အင်ဂျင်များသည် ထိုကဲ့သို့သော အဆင့်များကို ဖော်ဆောင်နိုင်သဖြင့် အလွန်အောင်မြင်သော ရှာဖွေရေးအင်ဂျင် ဖြစ်လာပြီး အင်တာနက်သုံးသူတိုင်း မသုံးမဖြစ် မရှိမဖြစ် အနေအထားသို ရောက်ရှိလာပေသည်။

မြန်မာစာဖြင့် ရေးသားထားသော အချက်အလက်များကို လေ့လာသုံးသပ်ပြီး အမျိုးအစားများ ခွဲခြမ်း စိတ်ဖြာ ကြည့်မယ်ဆိုလျှင်

  • Website စာမျက်နှာများ အပေါ်တွင် တည်ရှိပြီး အချက်အလက်များ
  • အင်တာနက်ပေါ်တွင် ပြန့်နှံ့လျှက်ရှိသော PDF အစရှိသည့် Document များ
  • Social Network စသည်တို့တွင် ပြန့်နှံ့လျှက် ရှိသော အချက်အလက်များ

စသည်ဖြင့် တွေ့နိုင်မည်ဖြစ်သည်။ အဆိုပါ မြန်မာစာဖြင့် ရေးသားထားသော အချက်အလက်များသည် information များ အဖြစ်သာ တည်ရှိနေကြပြီး စုဖွဲ့နိုင်စွမ်း၊ ချိတ်ဆက်နိုင်စွမ်း မဲ့နေကြသည်ဟု ယျေဘူယျအားဖြင့် သုံးသပ်နိုင်သည်။ Website တစ်ခုခြင်းစီ အတွက်ပင် အချက်အလက်များကို စနစ်တကျ ချိတ်ဆက်မှု အလေ့အထ အားနည်းနေပြီး အသုံးဝင်သော အချက်အလက်များ ဖြစ်ပေါ်လာစေရန် အချိန်ပေး တည်ဆောက်ရသလို စနစ်တကျ စီစဉ်ဆောင်ရွက်ရသည့် အလေ့အထ အနေအထားလဲ အားနည်းနေပေသည်။ 

ထိုကဲ့သို့ အားနည်းနေရသည့် အပြင် အမြင်အားဖြင့် တူညီသော်လဲ ကွန်ပျူတာက သိရှိမှတ်သားသည့် ပုံစံများ မတူညီသည့်အတွက် အချက်အလက် တစ်ခုတည်း အတွက်ပင် မျိုးစုံ သတ်မှတ်သုံးစွဲနေသည့် အနေအထားတွင် အချက်အလက်များသည်လဲ အမှန်တကယ် အသုံးဝင်သော အချက်အလက်များ ဖြစ်လာရန် ဘယ်လိုမှ မလွယ်ကူသော အနေအထားတွင် ရောက်ရှိနေသည်ဟု ဆိုနိုင်သည်။

ကျွန်တော်တို့ ဘာတွေ လုပ်သင့်သလဲ

အသုံးဝင်သော အချက်အလက်များ ဖြစ်လာစေရန် ပထမဦးဆုံး လုပ်ဆောင်ရမည့် အချက်မှာ အမည်ပေးစနစ်ပင် ဖြစ်သည်။ အဆိုပါ အမည်ပေးစနစ်အတွက် ကွန်ပျူတာသုံး မြန်မာစာစနစ် ပညာရှင်များ တစ်စားပွဲတည်းထိုင်ပြီး ကွန်ပျူတာသုံး မြန်မာစာ စံစနစ်တစ်ခုတည်း ဖြစ်စေရေး တစ်စားပွဲတည်း ဆွေးနွေးသင့်သည်။ ထိုကဲ့သို့ ဆွေးနွေးရာတွင် အောက်ပါ အချက်များကို ထည့်သွင်း ဆွေးနွေးသင့်သည်။

  • မူလ အနှစ်သာရဖြစ်သော မြန်မာစာ၏ အနှစ်သာရကို မပျောက်ပျက်စေသော နည်းလမ်း
  • မှတ်သားသိမ်းဆည်းမှု စနစ်အရ တစ်ခုတည်း ဖြစ်သော စံသတ်မှတ်ချက်ကို လိုက်နာပြီး သိမ်းဆည်းနိုင်သော နည်းလမ်း
  • OS Level အရ အထောက်အပံ့ပေးမှု အနေအထား
  • အချက်အလက်များ စုဖွဲ့နိုင်စေရန် မှန်ကန်သော စာလုံးပေါင်း သတ်ပုံစနစ်
  • မြန်မာစနစ် ဖြစ်သည်နှင့်အညီ ဗမာစာတစ်ခုတည်းအတွက် မဟုတ်ပဲ အခြား တိုင်းရင်းသား ဘာသာစကားများ အတွက်ပါ သုံးစွဲနိုင်သော စနစ်

ယခုလက်ရှိအနေအထားအရ ကွန်ပျူတာသုံး မြန်မာစာ စနစ်သည် အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်သည်ဟု မှတ်ယူသင့်သည်။ မိမိ၏ အကျိုးစီးပွား ဖြစ်ထွန်းမှုအပေါ် အခြေတည်ပြီး ကိုယ်အလုပ် ဖြစ်လျှင်ပြီးရော လစ်လျူမရှုထားသင့်သလို အတိတ်က အချင်းချင်း မတည့်ကြသည့် အနေအထား အညိုးအတေး အာဃာတများအပေါ် အခြေတည်ပြီး တစ်ဖက်သတ်ဆန်သော အမြင်များဖြင့် မချဉ်းကပ်သင့်ချေ။

နောင် အနှစ် နှစ်ဆယ်တွင် ကွန်ပျူတာသုံး မြန်မာစာစနစ် အသုံးပြုမည့် နောင်လာ နောက်သားများအတွက် မှန်ကန်သော စံစနစ်တစ်ခုကို ချမှတ်ပေးနိုင်ရန်ဟူသည့် တူညီသည့် ဘုံရည်မှန်းချက်တစ်ခု ချမှတ်ထားသင့်သည်။ အစိုးရပိုင်း အနေဖြင့်လဲ ကွန်ပျူတာသုံး မြန်မာစာ အကောင်အထည်ဖော်ရေးအဖွဲ့များဖွဲ့ပြီး နောက်ဆုံးတွင် အဖျားရူး လူကြီးများသာ လာဘ်စားပြီး ဘာမှဖြစ်မလာသော အနေအထားကို ခွင့်မပြုသင့်တော့၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့်လဲ ကွန်ပျူတာသုံး မြန်မာစာစနစ်ဆိုလျှင် ရန်ဖြစ်တတ်သည်၊ ငါတို့ ကြားညပ်လိမ့်မည်ဟု မတွေးသင့်ပဲ ငါတို့ ကြားဝင်ဆောင်ရွက်မှ ဖြစ်မည်ဟူသော အနေအထားကို လက်ခံ အကောင်အထည် ဖော်သင့်ပေသည်။

မြန်မာစာဖြင့် ရေးသားထားသော အချက်အလက်များ အမှန်တကယ် အသုံးဝင်သော အချက်အလက်များ  (data) များ ဖြစ်လာစေရေးသည် ကွန်ပျူတာသုံးနေသော အင်တာနက်ကို အသုံးပြုသော မည်သူမဆို တိုက်ရိုက် (သို့) သွယ်ဝိုက် ပတ်သက်နေသည်။ အချင်းချင်း အပြန်အလှန် ဆက်သွယ်ရေး (Communication) အတွက် အသုံးပြုသူများ အနေဖြင့် မြန်မာစာ စနစ်အပေါ် အလေးမပြုပဲ နေနိုင်သော်လဲ အချက်အလက်များအဖြစ် အင်တာနက် ကွန်ယက်ကြီးအတွင်းသို့ ထည့်သွင်းနေကြသူများ အနေဖြင့် မြန်မာစာ စံစနစ်တစ်ခုတည်း ဖြစ်စေရေးအတွက် တောင်းဆိုရန် ကြိုးပမ်းရန် တာဝန်ရှိသည်ဟု မှတ်ယူသင့်သည်။ မိမိတို့ ထည့်သွင်းလိုက်သော အချက်အလက်များသည် နောင်လာ နာက်သားများအတွက် အသုံးဝင်သော အချက်အလက်များ ဖြစ်လာစေရန် မှန်ကန်သော စံစနစ်တစ်ခုအပေါ် အခြေတည်ဖို့ လိုအပ်ကြောင်း မှတ်ယူထားသင့်သည်။ 

ယခုလက်ရှိအနေအထားအရ ယူနီကုဒ် မြန်မာစာစနစ်သည် အစိုးရစံစနစ်များ သတ်မှတ်ချက်အရ မဖြစ်မနေ သုံးရမည့် စနစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် နယ်ပယ်စုံပညာရှင်များ ညီညွှတ်သော အခါကာလလဲ ဖြစ်သည်။ အစိုးရ ဌာနများတွင်လဲ ပြောင်းလဲ အသုံးပြုနေပြီဖြစ်သည်။ ထို့အပြင် ယူနီကုဒ်နှင့် ထိတွေ့ပတ်သက်နေသော နယ်ပယ်စုံကိုလဲ ချဉ်းကပ် စည်းရုံးအကောင်အထည်ဖော်နေပြီဖြစ်သည်။ ထို့ပြင် ယူနီကုဒ်စနစ်သည် တိုင်းရင်းသား ဘာသာစကားများကိုလဲ အထောက်အပံ့ပေးနိုင်သော အခြေအနေကို ရောက်နေပြီဖြစ်သည်။ လာမည့် အောက်တိုဘာလ (၁) ရက်နေ့တွင် အားလုံးတစ်ပြိုင်တည်း ပြောင်းလဲသုံးစွဲရန် ပြင်ဆင်နေပြီလဲ ဖြစ်သည်။ ထို့ကြောင့် ကွန်ပျူတာစနစ်တစ်ခုတည်းသာ တည်ရှိစေရန်လိုအပ်ချက်ကို ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြပါစို့။ ပြိုင်တူတွန်းလျှင် သေချာပေါက် ရွေ့နိုင်ပါလိမ့်မယ်။