MegaMind

လူစွမ်းကောင်းတွေရဲ့ တိုင်းပြည်

ဒီနေ့ ကျွန်တော် 3 idiots ဆိုတဲ့ ရုပ်ရှင်ကို ပြန်ကြည့်ဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တကယ့်ကို တော်လှန် ပြောင်းလဲနိုင်စွမ်းရှိတဲ့ အတွေးအခေါ်တွေ ပါတဲ့ကားလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့ ပျောက်နေတဲ့ လူတစ်ယောက်ကို လေယာဉ်ပေါ်က ပြန်ဆင်းပြီး သွားတွေ့ရလောက်အောင် ဖြစ်ရတာလဲ။ အဲဒီလိုမျိုးက အပြင်မှာကော ရှိပါ့မလား။ နောက်ပြီး လူတစ်ယောက် ကြိုးဆွဲချ သေရလောက်အောင်၊ လူတစ်ယောက် ပြတင်းပေါက်က ခုန်ချရလောက်အောင် ပြင်းထန်တဲ့ ပညာရေး မျှော်လင့်ချက်မျိုးက တကယ်ကော အပြင်မှာ ရှိလို့လား စသည်ဖြင့် တွေးမိပါတယ်။

အဲဒါနဲ့ မထူးပါဘူး ဆိုပြီး အွန်လိုင်းပေါ်တက် စာတွေ ဖတ်ဖြစ်တော့။ အားပါး မနည်းပါလားဗျာ။ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတွေ။ အဲဒီတော့ အဲဒီကားက တကယ့် ယုတ္တိရှိတယ်လို့ သိလာရပါတယ်။ ဒါဆိုရင် အဲဒီလို သူငယ်ချင်းတွေ အပေါင်းအသင်းမျိုးတွေ တကယ်ရှိလို့ ရိုက်ထားတာပေါ့လို့ စိတ်ထဲမှာ တွေးမိပါတယ်။ အဲဒီတော့ ကျွန်တော့်မှာကော ရှိသလား။ ဟိုးအရင် တက္ကသိုလ်ကျောင်းသား ဘဝက ရှိခဲ့တဲ့ သူငယ်ချင်းတွေ ခုချိန်မှာ အဆက်အသွယ် ပြတ်နေတာတောင် အတော်ကြာနေပါပြီ။ ကဲဖို့ သက်သက် တွဲခဲ့ကြတယ်လို့ ဆိုရမယ် ထင်ပါတယ်။ ကဲတာ ကုန်သွားတော့၊ ကဲလို့ မရကြတော့ မတွေ့ဖြစ်ကြတော့ပါဘူး။

တစ်ကိုယ်တည်းကြိတ်သမား တစ်ယောက်ရဲ့ ဘဝအစ

ကျွန်တော် ပြောချင်တာက Partner လို့ခေါ်တဲ့ စီးပွားရေးလုပ်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို တီထွင် ဖန်တီးတဲ့ နေရာမှာပဲ ဖြစ်ဖြစ် အပေါင်းအဖော်ကောင်း မိတ်ဆွေကောင်း ဆိုတာလိုပါတယ်။ အဲဒီလို မိတ်ဆွေတွေက ဘယ်နေရာတွေက ရလာနိုင်သလဲ။ အဲဒီအဖြေကို ရှာကြည့်တော့ လွယ်ပါတယ်။ တက္ကသိုလ်တွေကလို့ ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်တို့ခေတ်မှာ တက္ကသိုလ်မှာ စုမိကြတာ ဖြစ်သလို၊ နိုင်ငံခြားက တက္ကသိုလ်တွေမှာလဲ အဲဒီလိုပါပဲ။ တကယ့်ကို တီထွင်ဖန်တီးနိုင်စွမ်းတဲ့ တကယ့်ကို စီးပွားရေး ပေါင်းလုပ်လို့ရတဲ့ Partner တွေဟာ တက္ကသိုလ်တွေက ဖြစ်လာတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။

ကျွန်တော်တို့ကော အဲဒီလို တက္ကသိုလ်က အပေါင်းအဖော်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တီထွင်ဖန်တီး ဆန်းသစ်မှုတွေ မလုပ်နိုင်ဘူးလား။ ကျွန်တော်ကတော့ တစ်ခါမှ အဲဒီလို မတိုင်ပင်ခဲ့ဖူးဘူးလို့ ဝန်ခံရမှာ ဖြစ်ပါတယ်။ အရက်ဆိုင်သွားဖို့ တိုင်ပင်ဖူးတယ်။ ဖဲရိုက်ဖို့ စုဖူးတယ်။ ဒါပေမယ့် တစ်ခါမှာ တစ်ခုခုကို တီထွင်ဖန်တီးဖို့တို့ စီးပွားရေး တစ်ခုခုလုပ်ဖို့တို့ မစုဖူးပါဘူး။ အဲဒီတော့ ကျွန်တော် အတော်လေးကို အံ့အား သင့်မိပါတယ်။ ဘယ်လိုဖြစ်လို့လဲပေါ့။ တစ်ခါတစ်လေ တိုင်ပင်ကြည့်ပြန်တော့ အရက်သာ အတူတူ စုသောက်မယ်။ စီးပွားအတူတူ လုပ်ဖို့တော့ ဘယ်သူမှာ မယုံကြည်နိုင်ကြတာ သွားတွေ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့တွေ တစ်ကိုယ်တည်းကြိတ်ဖို့ လမ်းစပြင်နေကြပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီလို တစ်ကိုယ်တည်း ကြိတ်သမားတွေကို တစ်ကိုယ်ကောင်း သမားလို့ ဆိုနိုင်မလား။ ကျွန်တော်လဲ မသိ။ အဲဒီလိုဆို ကျွန်တော်လဲ တစ်ကိုယ်ကောင်း သမားပဲ ဖြစ်မှာ သေချာပါတယ်။

လူစွမ်းကောင်းများ

ကျွန်တော်တို့ တရုပ်သိုင်းကားတွေ ကြည့်ဖူးကြပါလိမ့်မယ်။ မည်သို့ လုပ်လိုက်သည်မသိ။ ရန်သူတွေမှာ အတုံးအရုံးဆိုသလို တွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလို တစ်ကိုယ်တည်း ကြိတ်သမားတွေဟာ ပါရမီပါတယ်ပဲ ဆိုမလား၊ လူစွမ်းကောင်း ဓာတ်တွေ ပူးယှဉ်နေတာကြောင့်လို့ ဆိုမလား။ မည်သို့လုပ်လိုက်သည်မသိ။ နည်းပညာမှာ တတ်မြောက်ကျွမ်းကျင် လာကြပါတယ်။ သူတို့ ကိုယ်တိုင် မည်သို့ လုပ်လိုက်သည် မသိ တတ်လာတာဆိုတော့ ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် ဆိုတဲ့အတိုင်း Average Person တွေကို Partner တွေကို ဆွဲတင်ဖို့ ဆိုတာ ပြန်ပြောပြဖို့ တော်တော်ခက်တဲ့ အနေအထားကို ရောက်သွားစေပါတယ်။

အဲဒီတော့ နည်းပညာလောကမှာ လူစွမ်းကောင်း ယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်ကိုယ်တည်း ကြိတ်ဖို့ရာ အကြောင်း ဖန်လာပါတော့တယ်။ ကျွန်တော် တရုပ်သိုင်းကားတွေမှာ လူစွမ်းကောင်းတွေ မှန်သမျှ တစ်ယောက်တည်း ဖြစ်နေတတ်တာ သတိထားမိပြီး နှစ်ယောက်တွဲ လူစွမ်းကောင်းဆိုတာ အတော်ရှားပါတယ်။ အဲဒီလိုပါပဲ။ အပြင်လောကက နည်းပညာ လူစွမ်းကောင်းတွေဟာလဲ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ ဆိုပြီး၊တစ်ဂူတည်း ခြင်္သေ့ နှစ်ကောင် မအောင်းတော့ပါဘူး။ ဒါပေမယ့် နည်းပညာ လောကဆိုတာ တစ်ကိုယ်တည်း ကြိတ်လို့ မရပါဘူး။ ကိုယ်က စဦးတီထွင်သူ ဖြစ်စေဦး။ အပြောင်းအလဲ မြန်လွန်းတဲ့ နည်းပညာ လောကမှ တစ်ကိုယ်တည်း ကြိတ်နေလို့ကတော့ တစ်ချက်တည်းနဲ့ ဂိမ်းသွားနိုင်တယ်ဆိုတာ အားလုံး သိကြပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာမှာ Sustainable လို့ ခေါ်တဲ့ အဆင့်အထိရောက်အောင် နည်းပညာ ဘီလူးကြီးတွေက အစ အတော်ဆုံး ဆိုတာတွေ စုပြီး ကြိုးစားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဘာကြောင့် မစုနိုင်ကြတာလဲ

အဓိက လက်ညိုးထိုးရမှာကတော့ Trust မရှိတာပါပဲ။ Trust ဆိုတာ IQ အပေါ်မှာ အခြေခံပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီတစ်ယောက်က ရေလည် IQ မြင့်တယ်။ နည်းပညာအရာမှာ တစ်ဖက်ကမ်းခပ်ပဲ ဆိုပြီး ဘယ်လောက်တော်တာကို သိနေနေ Trust ဖြစ်လာဖို့ မလွယ်ပါဘူး။ အဓိက Trust ဖြစ်ရာ လမ်းကြောင်းက EQ လို့ ခေါ်တဲ့ အစိတ်အပိုင်းပါ။ အဲဒီလို EQ မြင့်လာဖို့ ဆိုတာ ရေစုန်မှာ အတူမျောပြီး မရနိုင်ပါဘူး။ ရေဆန်ကို အတူတက်ဖူးမှ ရနိုင်တာမျိုးပါ။ Easy Going အရက်အတူသောက်လိုက်၊ ဖဲအတူရိုက်လိုက်နဲ့ မရနိုင်ပါဘူး။ တစ်ခုခုကို အောင်မြင်အောင် ကြိုးစားကြတာ၊ တစ်ခုခုကို ပူးပေါင်း ဆောင်ရွက်ကြတာ၊ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းကြတာကနေ ရလာတာမျိုးပါ။ ကျွန်တော်တို့ ဘာကြောင့် မစုနိုင်ကြတာလဲ ဆိုတဲ့ ပထမဦးဆုံး အချက်က တကယ့်ကို မှန်ကန်တဲ့ EQ အပေါ်မှာ အခြေခံထားတဲ့ Trust မရှိလို့ပဲလို့ ဆိုနိုင်ပါတယ်။

EQ Playground များ ပျောက်ဆုံး နေခြင်း

တကယ်တန်း လက်တွေ့ဘဝဆိုတာ လေယဉ်မောင်း သင်တန်းက သင်တန်းသားတွေ လိုပါပဲ။ တကယ့် လေယဉ်နဲ့မှ မောင်းကျင့်မယ်ဆိုရင် အမှားအယွင်း အတိမ်းအစောင်း တစ်ခုဖြစ်တာနဲ့ ပေးဆပ်ရတဲ့ တန်ဖိုး ကြီးမားပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လဲ ငွေအရင်းအနှီးတွေ စိုက်ထုတ်ပြီး တကယ့် စီးပွားရေး တစ်ခုကို Partner တွေနဲ့ စပြီး စမ်းသပ်ရုံကလွဲလို့ တစ်ခြား အခွင့်အရေးမရှိပါဘူး။ တကယ်တန်း ပြန်ပေးဆပ်ရမယ် ဆိုရင်တန်ဖိုးက ကြီးမားလွန်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကော လေယဉ်မောင်းသမားတွေလို အဆောက်အဦးအတွင်းမှာပဲ ပျံသန်း စမ်းသပ်ခွင့် မရှိဘူးလား။ EQ တွေ မြင့်လာအောင် လေ့ကျင့်ရေးကွင်းတွေ မရှိဘူးလား။ ကျွန်တော်တို့အတွက် EQ Playground တွေ ပျောက်ဆုံးနေတယ်လို့ အတိအကျ ခံစားမိပါတယ်။

အမေရိကန် ကျောင်းသားကားတွေကို ကျွန်တော် ကြည့်ဖူးတာ ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ အမူအကျင့်တွေ ပါပေမယ့် တကယ်တန်း သူတို့ ရိုက်ပြနေတဲ့ အနှစ်သာရတွေက Team Work တွေ များပါတယ်။ တစ်ယောက်က အရမ်းထူးချွန်နေတယ်ဆိုတာမျိုး ရိုက်ပြတာ မတွေ့ဖူးပါဘူး။ (ကျွန်တော် မကြည့်ဖူးတာလဲ ဖြစ်နိုင်ပါတယ်) သူတို့ Focus လုပ်တာ အတော်များများက Team Work ပါပဲ။ သူတို့ကျောင်းတွေမှာ တီးဝိုင်ဝါသနာပါတဲ့သူက တီးဝိုင်း၊ အားကစားပိုင်း ဝါသနာပါတဲ့သူက အားကစား တကယ့်ကို Activities တွေ အစုံထည့်သွင်းပေးထားတာ တွေ့ရပါလိမ့်မယ်။ အဲဒါ တကယ်တော့ EQ Playground တွေပါပဲ။

ကျွန်တော်တို့ကတော့ တက္ကသိုလ် ဘောလုံးအသင်းဆိုတာ စာအုပ်ထဲမှာသာ ကြားဖူးပြီး အပြင်မှာ ရှိမရှိတောင် မသိပါဘူး။ (အခုတော့ ကျောင်းတွေမှာ အဲဒီလို အစီအစဉ်တွေ ပြန်အသက်ဝင်လာတာ တွေ့နေရပါတယ်) အဲဒီအပြင် တွေ့ကြတဲ့အခါမှာလဲ စီးပွားရေး တစ်ခုခုလုပ်မယ်၊ တစ်ခုခုဖန်တီးကြမယ်ဆိုတာ ဘယ်တော့မှ မတိုင်ပင်ဖြစ်ပဲ၊ ဘယ်အရက်ဆိုင်ကတော့ ကောင်းတယ်ဟေ့ လစ်ကြရအောင် ဟုသာ တိုင်ပင်ဖူးပါတယ်။

EQ ဆိုတာ အချိန်ယူရတယ်

EQ မြင့်လာဖို့ ဆိုတာ တကယ့်ကို အချိန်ယူရတဲ့ ကိစ္စပါ။ ရေစုန်မှာ မျောပြီး EQ မြင့်လာဖို့ မဖြစ်နိုင်ပါဘူး။ ရေဆန်ကို အတူကူးကြမှ မြင့်လာတာမျိုးပါ။ ပြိုင်ပွဲတစ်ခုမှာ အောင်မြင်အောင် ယှဉ်ပြိုင်ကြတာကလဲ EQ မြင့်လာစေဖို့ တွန်းအားဖြစ်သလို၊ ဝါသနာတူရာ စုဖွဲ့ပြီး တစ်ခုခုကို ပူးပေါင်းဖန်တီး၊ အခက်အခဲကို ပူးပေါင်း ကျော်လွှားဖူးမှသာ ရနိုင်တာမျိုးပါ။ အဲဒီလို အချိန်ယူကြရတဲ့ ကိစ္စကြီးကို တကယ့်ကို လုပ်ငန်းခွင်ထဲ ရောက်မှ တကယ့်ကို စီးပွားရေး လုပ်ငန်းထဲ ဝင်မှ စရမယ်ဆိုတာ ကျွန်တော် အမြင်အရတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ EQ မမြင့်ရင် Trust မဖြစ်ဘူး။ Trust မဖြစ်ရင် မပူးပေါင်းနိုင်ဘူးဆိုမှတော့ ကျွန်တော်တို့တွေ တစ်ကိုယ်တည်း ကြိတ်နေကြတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်သင့်လဲ

လူငယ်တွေ အနေနဲ့ အရက်ဆိုင်သွားဖို့ တစ်ခါတိုင်ပင်ရင် တစ်ခုခုကို တီထွင်ဖို့ တစ်ခါတိုင်ပင် သင့်ပါတယ်။ ဂိမ်းတစ်ပွဲဆော့ဖို့ တိုင်ပင်တဲ့အခါ တစ်ခုခုစမ်းသပ်ကြည့်ဖို့ တိုင်ပင်သင့်ပါတယ်။ အဲဒီလိုပါပဲ။ EQ Playground တွေကို အသက်ဝင်လာအောင် အမြန်ဆုံး ပြုပြင်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ဒီအတိုင်းရှေ့ဆက်သွား နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ လူစွမ်းကောင်းတွေရဲ့ တိုင်းပြည်ကြီး ဆက်ဖြစ်နေဦးမယ်လို့ ဆိုရတော့မှာပါပဲ။ ခက်တာက ကျွန်တော်က လူစွမ်းကောင်း မဟုတ်ပါဘူး။ Average Person လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်လဲ လူစွမ်းကောင်း ဖြစ်အောင်လုပ်ရမလား။ အော် နေပါစေလေ။ မနက်ဖြန် တပည့်တွေကို မည်သို့ လုပ်လိုက်သည် မသိ မဖြစ်အောင် ဂဃနဏ သိအောင် လုပ်ဦးမှပဲ။

(ဟိုးတုန်းက ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ၊ 3 Idiots ပြန်ကြည့်ရင်း သတိရလို့ ပြန်တင်ပါတယ်။)