Start your business with friends

သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခု စတော့မယ်ဆိုရင် အပိုင်း (၁)

သူငယ်ချင်းတွေ စုပြီး လုပ်ငန်းတစ်ခု စတယ်ဆိုတာ တကယ်တော့ လုပ်ရိုး လုပ်စဉ်ပါ။ နိုင်ငံတကာမှာလည်း Entrepreneurship တွေရဲ့ အစဟာ အဲဒီလို သူငယ်ချင်းတွေ စုပြီး စကြတာပါပဲ။ တစ်ယောက် နှစ်ယောက် ကနေ စပြီး တကယ့် Corporation ကြီးတွေအထိ ဖြစ်သွားတာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒါမျိုးတွေ စဉ်းစား စိတ်ကူးမိကြမှာ ဖြစ်သလို လုပ်နေကြတဲ့ သူတွေလည်း မနည်းပါဘူး။

နိုင်ငံ တစ်နိုင်ငံ ကြီးပွားတိုးတက် ဖို့ဆိုတာ အဲဒီလို Middle Class Business တွေ ဖွံ့ဖြိုးလာဖို့ လိုပါတယ်။ Corporation ကြီးတွေ အနေနဲ့ နိုင်ငံတကာအထိ ထိုးဖောက်ကြပြီး ပြည်တွင်း ဈေးကွက်ကိုတော့ Entrepreneur တွေအတွက် ဟပေးဖို့ လိုသလို၊ Policy Maker တွေ အနေနဲ့လည်း Entrepreneur တွေအတွက် ရေခံမြေခံ ကောင်းတွေ ဖြစ်လာအောင်၊ Monopoly တွေ မဖြစ်အောင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ Middle Class Business တွေအတွက် Infrastructure တွေ တည်ဆောက် ပေးဖို့ လိုပါတယ်။

ဘဏ်ချေးငွေ စနစ်၊ စစ်မှန်တဲ့ လွပ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတဲ့ ဈေးကွက် စီးပွားရေး စနစ် စတာတွေကို တည်ဆောက်ပေးဖို့ လိုပါတယ်။ ကြိုးနီစနစ်တွေကိုလည်း ဖယ်ရှားပေးဖို့ လိုသလို၊ လူမှန်နေရာမှန် ဖြစ်အောင်လည်း စီစဉ်ပေးထားဖို့ လိုပါတယ်။ ဒါပေမယ့် ဒါတွေက Policy Maker တွေရဲ့ အပိုင်းပါ။ရေတစ်ခွက်မှာ ရေမရှိတဲ့ အပိုင်းကို မကြည့်ပဲ၊ ရေရှိတဲ့ အပိုင်းကိုပဲ ကြည့်ပြီး စလိုက်ရအောင်။

ကျွန်တော်တို့ အနေနဲ့ သူငယ်ချင်းတွေနဲ့ စုပြီး စီးပွားရေး တစ်ခုကို စတော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲ။ သူများနိုင်ငံတွေမှာတော့ ဈေးကွက် အတိုင်ပင်ခံတွေ၊ စီးပွားရေး အတိုင်ပင်ခံတွေ၊ ရင်းနှီးမြှတ်နှံမှုဆိုင်ရာ အတိုင်ပင်ခံတွေနဲ့ သွားတွေ့လိုက်ပြီး ဘဏ်ချေးငွေတင်ပြီး အတိုင်းအတာ တစ်ခုအထိ သေချာမှ လုပ်ငန်းစလို့ ရပါတယ်။ လုပ်ငန်းတစ်ခုကို လွယ်လွယ်နဲ့ စလို့ မရအောင် (တကယ့်ကို စနစ်ကျတဲ့ အစီအစဉ် မရှိရင် စလို့ မရအောင်) စီစဉ်ထားတတ်ကြသလို၊ တကယ့်ကို စနစ်တကျလည်း စီစဉ်ထားပြီး လုပ်ငန်းလည်း အောင်မြင်နိုင်သူ များကိုတော့ လွယ်လွယ်ကူကူနဲ့ စလို့ရအောင် စီစဉ်ပေးထားတတ်ကြပါတယ်။ ဒါက သူတို့တွေရဲ့ သဘောပါ။

ကျွန်တော်တို့မှာတော့ ဘယ်သူမှ တိုင်ပင်လို့ မရပါဘူး။ ဈေးကွက်ဆိုင်ရာ အချက်အလက် တွေကိုလည်း တိတိကျကျ ရနိုင်ဖို့ မလွယ်ပါဘူး။ ဒီတော့ သူများတွေအနေနဲ့ Risk Taking ပိုင်းမှာ 50% လောက် ယူရတယ်ထား၊ ကျွန်တော်တို့မှာတော့ Risk Taking ကို အနည်းဆုံး 80% လောက် ယူကြရပါတယ်။ ဒီတော့ Risk Taking (အရဲစွန့်ရတဲ့ ပမာဏ) နဲ့ စလိုက်ရအောင်

အရဲစွန့်ရတဲ့ ပမာဏကို ခန့်မှန်းသုံးသပ်ခြင်း (Risk Taking)

Risking Taking ဆိုတဲ့နေရာမှာ Management ဘာသာရပ်တစ်ခုကို ဆွေးနွေးမှာမဟုတ်တဲ့အကြောင်း ကြိုတင် ဝန်ခံပါရစေ။ အဲဒီလို Management ဘာသာရပ်ဆန်ဆန် ထက် ကိုယ်ကိုတိုင် စဉ်းစားကြည့်တဲ့ ပုံစံမျိုးနဲ့ သွားမှာ ဖြစ်ပါတယ်။ ကဲဒီတော့ သူငယ်ချင်းတွေစုပြီး လုပ်ငန်း စလိုက်ရအောင်။ အရင်ဆုံး အရင်းအနှီးကိစ္စတွေ၊ လုပ်ငန်း စီစဉ်တဲ့ကိစ္စတွေ၊ မိဘတွေနဲ့ တိုင်ပင်တဲ့ ကိစ္စတွေ ခဏထားပါဦး။ အရင်ဆုံး Risk Taking ပိုင်းကို လေ့လာကြည့်ရအောင်။

Photo from SecEd

လုပ်ငန်းတစ်ခုကို သူငယ်ချင်းတွေ စမယ်လို့ စိတ်ကူးပြီး လူကြီးတွေ တစ်ယောက်ပြီး တစ်ယောက် တိုင်ပင်ကြည့်ပါ။ သူတို့ ပေးမယ့် အကြံကတော့ မလုပ်သင့်ဘူးဆိုတဲ့ အကြံပဲ ဖြစ်ဖို့များပါတယ်။ ဘာကြောင့် လူကြီးတွေက အဲဒီလို အကြံဉာဏ်ပေးရသလဲ ဆိုရင် Risk Taking များနေလို့ပါပဲ။ Risk Taking နည်းလေ၊ လုပ်ငန်းအောင်မြင်မှု ရာခိုင်နှုန်းများလေ ဆိုတဲ့ အချိုးကလည်း ရှိနေတော့ ပိုဆိုးပါတယ်။ ဘယ်အရာမဆို မသေချာရင် ခြင်တောင် မရိုက်နဲ့ ဆိုတဲ့ လူကြီးကို သွားတိုင်ပင်ရင်တော့ သေချာပေါက် ပစ်ပစ်နှစ်နှစ် ဝေဖန်ခံရမှာပါ။ ဒါပေမယ့် တစ်ခု ပြောစရာရှိပါတယ်။ သူငယ်ချင်းတွေနဲ့ စုပြီး လုပ်မယ့် လုပ်ငန်းက Entrepreneurship ပါ။ စွန့်စားရဲ လုပ်ရဲကိုင်ရဲ တီထွင်ရဲ လမ်းသစ်ဖောက်ရဲ သူတွေပါတဲ့။ ဒီတော့ Risk Taking များများနဲ့ စရမှာပါပဲ။

ဒါပေမယ့် Risk Taking ဆိုတဲ့နေရာမှာ ကိုယ်ဖက်က ကြိုတင်ဖြည့်စည်းလို့ ရရဲ့သားနဲ့ Risk Taking ထဲ ထည့်ထားရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီတော့ ကြိုတင်ဖြည့်စည်းထားသင့်တဲ့ အပိုင်းတွေကို အရင်ဆွေးနွေးရအောင်။ ဒါမှ Risk Taking ထဲ မပါပဲ ဝန်ထုတ် ဝန်ပိုး အတန်သင့် လျော့သွားအောင်ပါ။

ကြိုတင်ဖြည့်စည်းထားသင့်သည်များ

Dependent မဖြစ်ပဲ Interdependent ဖြစ်အောင် တည်ဆောက်ခြင်း

ဒီခေါင်းစဉ်ကို ရှင်းပြဖို့အတွက် အရင်ဆုံး Dependent ဖြစ်ခြင်း၊ Interdependent ဖြစ်ခြင်း ဆိုတဲ့ စကားနှစ်လုံးကို အရင်ရှင်းပြချင်ပါတယ်။ Dependent ဖြစ်တယ်ဆိုတာ မှီခိုနေတာကို ပြောတာပါ။ သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေရတာမျိုး မဖြစ်သင့်ပါဘူး။ ဒေါက်တွေက တစ်ခုခုနဲ့ တစ်ခု သီးခြားစီထောင်ပြီး စားပွဲတစ်ခု ဖြစ်သင့်တဲ့နေရာမှာ တစ်ခုကို တစ်ခု မှီနေမယ်ဆိုရင် စားပွဲဖြစ်မလာ သလိုမျိုး ဥပမာ ပေးရမယ်ထင်ပါတယ်။

Photo from MyBusiness

Interdependent ဆိုတာ Dependent ဖြစ်နေသူခြင်း စုလို့ မရပါဘူး။ Independent ဖြစ်သူခြင်းမှ စုလို့ ရတဲ့သဘောရှိပါတယ်။ Dependent ကို အပြန်အလှန် မှီခိုမှု၊ Independent ကို လွပ်လပ်မှု၊ Interdependent ကို အပြန်အလှန် အကျိုးပြုနိုင်မှုလို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေတဲ့ အဖွဲ့တစ်ခုကို ပုံဖော်ကြည့်ရအောင်၊ Web Team တစ်ခုကို သူငယ်ချင်းတွေ စုပြီး လုပ်ကြမယ်ဆိုပါတော့။ Web Team တစ်ခုမှာ ဆိုရင် သူ့နေရာနဲ့သူ ကျွမ်းကျင်နေရမယ့် အပိုင်းတွေ ရှိပါတယ်။ Web Graphic ပိုင်းကို ကျွမ်းကျင်သူ၊ Web Programming ပိုင်းကျွမ်းကျင်သူ၊ Web Hosting ပိုင်း ကျွမ်းကျင်သူ၊ Web Marketing ပိုင်း ကျွမ်းကျင်သူ စသဖြင့် စုမိကြရာမှာ ဖြစ်ပေမယ့် တစ်ယောက်တည်းကပဲ ဒိုင်ခံကျွမ်းကျင် နေတာမျိုးဆိုရင် အဲဒီတစ်ယောက်တည်းကို အားလုံးက မှီခိုနေတဲ့ ပုံစံ ဖြစ်လာပါတယ်။

အဲဒီလို ဖြစ်တဲ့အခါ တစ်ယောက်တည်းကပဲ ဒိုင်ခံပြီး အလုပ်တွေကို လုပ်ရပါတော့တယ်။ Design လည်း သူပဲ၊ ကျန်တဲ့သူတွေက ဝိုင်းကြည့်၊ Programming လည်းသူပဲ၊ ကျန်တဲ့သူက ဘေးကယက်ခတ် ဆိုသလို ဖြစ်လာပါတယ်။ အဲဒီတော့ အဖွဲ့အစည်အလိုက် စွမ်းဆောင်ရည်မျိုး ဖြစ်မလာတော့ပဲ တစ်ကောင်တည်း ဆွဲနေတဲ့ လှည်းကို တစ်ခြားသူတွေက တက်စီးနေသလို ဖြစ်လာပါတယ်။ ဒီတော့ အဲဒီ ကျွမ်းကျင်သူ အနေနဲ့လည်း စွမ်းဆောင်ရည်တွေ ကျလာပါတော့တယ်။ အဖွဲ့တစ်ခု စပြီဆိုကတည်းက တစ်ယောက်တည်းက မှီနေတာပဲ ကျန်တဲ့သူတွေက လွတ်လပ်တယ် ဆိုပြီး မလွတ်လိုက် သင့်ပါဘူး။ အဲဒီလို တစ်ယောက်တည်း မှီနေတာကိုက နောင် တစ်ချိန်မှာ ပြောစရာ ပြဿနာ ဖြစ်စရာ ဖြစ်လာပြီး ကွဲကြတဲ့အထိ အဆိုးဆုံး အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။

ဒီတော့ Interdependent ဆိုတဲ့ အပြန်အလှန် အကျိုးပြုတဲ့ ပုံစံကို သွားဖို့ အရင်ဆုံး independent ဖြစ်အောင် အရင်လုပ်ကြဖို့ လိုပါတယ်။ ဘယ်လိုလုပ်ကြမလဲ။ လုပ်ငန်းတစ်ခုချင်းစီ အပိုင်းလိုက် ခွဲခြားပြီး လွတ်လပ်အောင် သင်ယူကြဖို့ပါ။ ကိုယ်က Web Graphic ပိုင်းကို တာဝန်ယူမယ်၊ ဝါသနာပါတယ်ဆိုရင် တစ်ခြားသူကို မှီခိုစရာ မလိုအောင် အထိ သင်ထားဖို့ တတ်ထားဖို့လိုပါတယ်။ ကိုယ်က Web Programming ပိုင်းဆိုရင်လည် အတူတူပါပဲ။ အမှီအခိုကင်းအောင် သင်ထားဖို့ လိုပါတယ်။ ဒီလိုအမှီအခိုကင်းအောင် သင်ထားပြီးပြီ၊ စုမိကြပြီ ဆိုရင်တောင် စနစ်တကျ ပေါင်းစပ်တတ်ဖို့ မလွယ်သေးပါဘူး။ ဒါတွေကို နောက်လာမယ့် အပိုင်းတွေမှာ ဆက်ဆွေးနွေးသွားပါ့မယ်။ မှီခိုတယ်ဆိုတဲ့ နေရာမှာ ငွေရေး ကြေးရေးက အစ မှီခိုနေရင် မကောင်းပါဘူး။ အချိုးကျကျ ညီညီမျှမျှ စတာအကောင်းဆုံးပါပဲ။ အဲဒီလိုမှ မတတ်နိုင်လို့ ငွေရေးကြေးရေးကို မှီခိုရပြီ ဆိုရင်လည်း ငွေရေးကြေးရေးကို လုပ်ငန်းသဘောအရပဲ ထိတွေ့နိုင်အောင် စနစ်တကျ စီစဉ်ထားဖို့လိုပါတယ်။ ဒါကိုလည်း ငွေကြေးစီမံခန့်ခွဲမှု အပိုင်းမှာ ဆက်ဆွေးနွေးသွားပါ့မယ်။ ဒီတော့ ပထမဦးဆုံး အချက်အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မှီခိုပြီး လုပ်ငန်းမစပါနဲ့။ တစ်ယောက်ခြင်းစီ လွပ်လပ်မှု ရှိပြီး အပြန်အလှန် အကျိုးပြုတဲ့ ပုံစံနဲ့သာ လုပ်ငန်းစနိုင်ဖို့ ပြင်ဆင်ပါလို့ ဆိုချင်ပါတယ်။

အချင်းချင်း ယုံကြည်စိတ်ချမှု Trust ကို မြှင့်တင်ခြင်း

သူငယ်ချင်းတွေ စုပြီး အလုပ်လုပ်မယ်ဆိုရင် အဖွဲ့တစ်ခုကို ဖွဲ့တော့မယ်ဆိုရင် ယုံကြည်မှု (Trust) ဆိုတာ အရေးအကြီးဆုံးပါပဲ။ လုပ်ငန်းတစ်ခုကို မစခင်ကတည်းက Trust ကို တည်ဆောက်ဖို့ လိုအပ်သလို၊ လုပ်ငန်းလုပ်နေရင်းလည်း Trust ကို မြင့်သထက်မြင့်အောင် တည်ဆောက် နေဖို့ လိုအပ်ပါတယ်။ Trust ဆိုတဲ့ နေရာမှာလည်း မျက်ကန်း ယုံကြည်မှုနဲ့ အစစ်အမှန် ယုံကြည်မှုဆိုပြီး နှစ်မျိုး ကွဲပြားတတ်တဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ်။ မျက်ကန်းယုံကြည်မှုဆိုတာ တကယ်တော့ dependent ဖြစ်ခြင်း တစ်မျိုးပါပဲ။

Photo from FinTechTalents

Trust (ယုံကြည်မှု) ဆိုတာကို ဘယ်လိုတည်ဆောက်မလဲ။ Trust ဆိုတာ အပြင်ကလာတာလို့ လူတွေက ထင်တတ်ကြပါတယ်။ တကယ်တော့ Trust ဆိုတာ အတွင်းက လာတာပါ။ ကိုယ်ကိုယ်တိုင်က Trust Center ဖြစ်အောင် တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် Trust Center ဖြစ်အောင် တည်ဆောက်တယ် ဆိုတဲ့နေရာမှာ ပြောစရာတွေက အများကြီး ရှိလာပါပြီ။ ပထမဦးဆုံး အလုပ်အပိုင်းမှာ Interdependent ဖြစ်လာ လေလေ ယုံကြည်မှု တက်လာလေလေပါပဲ။ Trust ကတော့ အလုပ်တစ်ခုတည်းနဲ့ တင်မလုံလောက်ပါဘူး။ တစ်ခြား ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ အတ္တပရ မျှတစွာ တွေးတောတတ်မှု၊ EQ မြင့်မှု စတာတွေ အများကြီး လိုပါသေးတယ်။

ဒီနေရာမှာ EQ ဆိုလို့ EQ အကြောင်း အစဖော်လိုပါတယ်။ EQ ဆိုတာ Emotional Quotient ကို အတိုကောက် ခေါ်တာပါ။ IQ ဘယ်လောက် မြင့်မြင့် EQ မမြင့်ရင် အဖွဲ့အစည်း အလိုက် ဆောင်ရွက်နိုင်မှု မရှိဘူးလို့ အဆိုရှိပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခု တည်ဆောက်တဲ့ နေရာမှာ EQ မြင့်ဖို့ဆိုတာ အရေးကြီးတဲ့ အပိုင်းတစ်ခု အနေနဲ့ ပါပါတယ်။ ဒါတွေကို နောက် အပိုင်းတွေမှာ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ (အကြွေးတွေများ နေပြီ :D) Trust Center အားကို ချဲ့နိုင်လေ Influencing Power လည်း တက်လေလို့ အဆိုရှိပါတယ်။ တစ်ခါက လူရွှင်တော်ကြီး တစ်ယောက် ပြောတာ မှတ်သား ဖူးပါတယ်။ လောကကြီးမှာ မယုံကြည်ရဆုံး စကားတစ်ခွန်း ရှိပါတယ်တဲ့ အဲဒါကတော့ ယုံကြည်မှု ဆိုတဲ့ စကားပါပဲတဲ့။ ဒီတော့ ယုံကြည်မှုကို တည်ဆောက်ဖို့ ဘယ်လောက် ခက်တယ်ဆိုတာ သတိထား မိပါလိမ့်မယ်။

အဲဒီလို ယုံကြည်မှုကို တစ်ခြားနိုင်ငံတွေမှာ ဘယ်လို တည်ဆောက်ပေးလဲဆိုတာ လေ့လာကြည့်ရင် Activities တွေကနေ တစ်ဆင့် တည်ဆောက် ပေးတတ်ကြပါတယ်။ တေးဂီတ ဝါသနာပါသူတွေက တေးဂီတ၊ အားကစား ဝါသနာပါသူက အားကစား စသည်ဖြင့် ကျောင်းတွင်း Activities တွေနေ တစ်ဆင့် ယုံကြည်မှုတွေ တည်ဆောက်ပေးပါတယ်။ အချင်းချင်း ရန်တွေ ဖြစ်ကြ၊ ပြီးတော့ ပြန်ညှိလိုက်ကြ၊ ဒီလိုမျိုး တစ်စ တစ်စ လုပ်ရင်း Trust တွေ မြင့်တက်လာတတ်ပါတယ်။ ကျွန်တော်တို့ဆီမှတော့ အဲဒီလို Activities တွေမှာ အားအင်မတန် နည်းတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ သူငယ်ချင်းတွေနဲ့ စုပြီး လုပ်ငန်းစမယ်ဆိုရင် အချိန်ကြာကြာသွားရပြီး ခက်ခက်ခဲခဲသွားရတဲ့ ခရီးမျိုးတွေ အနည်းဆုံး နှစ်ခါ သုံးခါလောက် စုပြီး ထွက်သင့်ပါတယ်။ ဥပမာ – တောင်တက်ရတဲ့ ခရီးလိုမျိုးပေါ့။ အဲဒီလို ခရီးတွေ ထွက်ရင် တစ်ယောက်နဲ့ တစ်ယောက် ကူညီတတ်တဲ့စိတ် တစ်ယောက်နဲ့ တစ်ယောက် နားလည်တတ်တဲ့စိတ်၊ ယုံကြည်မှု စတာတွေ ဖြစ်ပေါ်လာစေပါတယ်။

Brainstorming အလေ့အထကို ထူထောင်ခြင်း

သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခု စတော့မယ်ဆိုရင် Brainstorming အလေ့အထကို ကြိုတင် တည်ထောင်ထားဖို့ လိုပါတယ်။ ဒါပေမယ့် ဒီအလေ့အထက ကျွန်တော်တို့ဆီမှာ တည်ထောင်ဖို့ အခက်ဆုံး အခြေအနေမှာ ရှိပါတယ်။ ငယ်ငယ်ကတည်းက ငါပြောတာ နားထောင် ပြန်မပြောနဲ့၊ ငါပြောသလိုလုပ်၊ စောဒက မတက်နဲ့၊ ငါ မင်းထက်သိတယ်၊ တတ်တယ်၊ မင်း ငါ့နောက်မှ လူဖြစ်လာတာပါကွာ။ မင်းနဲ့ငါနဲ့ ဆွေးနွေးစရာ အကြောင်း မရှိဘူးဆိုတဲ့ အခြေအနေတွေမှာ ကြီးပြင်းခဲ့ရသလို၊ အငြင်းအခုံဖြစ်တိုင်း စိတ်ခံစားမှု အသားပေးပြီး၊ အဆင့်မြင့်မြင့် ငြင်းကြခုန်ကြတာတွေ မတွေ့ဖူး၊ မသင်ဖူးခဲ့လေတော့ ပိုခက်သွားပါတယ်။

Photo from Our Swiss Business

တစ်ချို့ကိစ္စတွေက ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်မှသာ အချိန်ယူမှသာ တကယ့် အသုံးချတဲ့အခါ ပြန်မသင်ရတော့ပဲ၊ အချိန်မကုန်တော့ပဲ ရှေ့ဆက်သွားလို့ ရပါတယ်။ အဲဒီလို အခွင့်အရေးမျိုးတွေ မရှိဘူးဆိုရင်တော့ ခုမှ စရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ အဖွဲ့တွေ ကွဲကြတယ်ဆိုတဲ့ နေရာမှာ သဘောထားခြင်း မတိုက်ဆိုင်လို့ဆိုတဲ့ အခြေအနေက ထိပ်ဆုံးမှာ ရှိနေတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်မပြောကြပဲ၊ ကြိတ်ခံ တင်းခံနေကြရင်း နောက်ဆုံးမှာ ပေါက်ကွဲ ထွက်ကုန်ကြပြီး အကွဲအပြဲဇာတ်လမ်းနဲ့ အဆုံးသတ် ကြရပါတယ်။ အဲဒါဘာကြောင့်လဲ ဆိုရင် Brainstorming အလေ့အထ မရှိလို့ပါပဲ။

Brainstorming ပိုင်းကို ဘယ်လို လေ့ကျင့်မလဲ ဆိုရင်တော့ ပထမ Brainstorming ဆိုတာ ဘာလဲဆိုတာ အရင်သိအောင် လုပ်ရပါမယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ အတိုချုပ်ပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ EDWARD DE BONO ရဲ့ စာအုပ်တွေ ဖတ်ဖို့ လိုပါတယ်။ အင်္ဂလိပ်လို မဖတ်နိုင်ရင်လည်း ပြဿနာ မရှိပါဘူး။ ဘာသာပြန်ထားတာတွေ ရှိပါတယ်။ ဦးထုပ်ခြောက်လုံး တွေးခေါ်နည်း ဆိုတဲ့ စာအုပ်မျိုးတွေ ဘာသာပြန် ထားပြီးသားပါ။ ဒီထက်ပိုပြီး သင့်တော်မယ့် နည်းလမ်းကို ညွှန်းရရင် Egress က သင်တန်းလိုမျိုးတွေကို တက်ထား သင့်ပါတယ်။ အဲဒီသင်တန်းမှာ အကြိုက်ဆုံး ကဏ္ဍကတော့ Brainstorming ကို လေ့ကျင့် ပေးတာပါပဲ။

Brainstorming မှာ အဆင့် သုံးခုရှိပါတယ်။ (1) Forming (2) Storming (3) Norming ဆိုပြီး အဆင့် သုံးဆင့်ရှိပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ နောက်ဆုံးမှာ Performing ဆိုတာကို အဆင့် (၄) အနေနဲ့ ထည့်တတ်ကြပါတယ်။ ပထမအဆင့် Forming ဆိုတာ စုစည်းခြင်းလို့ အဓိပ္ပါယ်ရမယ် ထင်ပါတယ်။ မတူညီတဲ့ အိုင်ဒီယာတွေ စုစည်းကြမယ်။ အဲဒီလို မတူညီတဲ့ အိုင်ဒီယာတွေကို ပြဿနာတစ်ခုရဲ့ အဖြေအတွက် စားပွဲဝိုင်းတစ်ခုမှာ ထိုင်ပြီး ဦးတည်ချက်တစ်ခုတည်း ရှိတဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရပါတယ်။ အဲဒီ Stage ကို Stroming လို့ခေါ်ပါတယ်။ နောက်ဆုံး Norming ဆိုတဲ့ Stage မှာ ပြဿနာရဲ့ အဖြေ (ဖြေရှင်းရမယ့် နည်းလမ်း) ကို အားလုံး သဘောတူညီချက် ရသွားတဲ့ အခြေအနေ ဖြစ်လာပါတယ်။

Brainstorming ဆိုတာ အဖြေတစ်ခု ထွက်ဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ပဲ မုန်တိုင်းပြီးသွားလို့ အကုန်ကျိုးကြေပြီး ကျန်ခဲ့သလို အဖြေတစ်ခုမှ ထွက်မလာရင်လည်း အလကားပါပဲ။ အစပိုင်းမှာ အိုင်ဒီယာအားလုံးကို လက်ခံပြီး နောက်ဆုံးမှာ အများညီ အိုင်ဒီယာ တစ်ခုထွက်ဖို့ ဆိုတာ ဆွေးနွေးသူ အားလုံးရဲ့ ရင့်ကျက်မှု၊ Brainstorming အပေါ် အကျွမ်းတဝင်ရှိမှု၊ စိတ်ခံစားမှုကို ထိန်းချုပ်ပြီး ပြဿနာရဲ့ အကောင်းဆုံး အဖြေတစ်ခု ရဖို့အတွက်သာ သဘောထားနိုင်မှု စသည်ဖြင့် အလေ့အထကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ တကယ်တန်း Brainstorming ဆိုတာ စိတ်ခံစားမှု မပါပဲ လေ့ကျင့်မှု သက်သက်မှာ ဟုတ်သလိုလို ထင်ရပေမယ့် တကယ့် စိတ်ခံစားမှုတွေနဲ့ ချဉ်းကပ်ကြတဲ့အခါ Storming ကနေ Norming မဖြစ်ပဲ Chaos ဖြစ်သွားတတ် ပါသေးတယ်။ ဒီတော့ EI (Emotional Intelligence) လို့ပဲခေါ်ခေါ် EQ (Emotional Quotient) လို့ပဲ ခေါ်ခေါ် စိတ်ခံစားမှုကို ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း ဆိုတဲ့ဖက်ကို ပြန်လှည့်လာ ရပါတယ်။

ကျွန်တော်တို့တွေ အလုပ်တစ်ခုခုကို အတူတူ လုပ်ကြတဲ့နေရာမှာ အစပိုင်းမှာတော့ မင်းငါ့ကို မကြိုက်တာရှိ ပွင့်ပွင့်လင်းလင်းပြောနော်၊ မင်းနဲ့ငါနဲ့ ဘာမှ စိတ်ဆိုးစရာမရှိဘူး ဆိုပြီး ပြောတတ်ကြပေမယ့် တကယ် လက်တွေ့မှာတော့ အချင်းချင်း ပြောမထွက်တာ များပါတယ်။ အဲဒီလို အချင်းချင်း ပြောမထွက်ကြတော့ ကိုယ်နဲ့ ပတ်သက်ရာတွေကို ပြောကြတိုင်ပင် ကြပါတယ်။ အဲဒီလို ကိုယ်နဲ့ ပတ်သက်ရာတွေကို တိုင်ပင်ကြတော့ ဘက်လိုက်တဲ့ အမြင်တွေ ပါလာပါပြီ။ ကိုယ့်လူဖက်က တစ်ဖက်တည်းကြည့်တဲ့ အမြင်နဲ့ ချဉ်းကပ်ပြီး အကြံဉာဏ်တွေ ပေးပါတော့မယ်။ အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမပြောပဲ စိတ်ထဲမှာတင် အစိုင်အခဲတွေ ကြီးသထက် ကြီးလာပါတော့မယ်။ နောက်ဆုံး ပြောကြပြီ ဆိုတဲ့ အချိန်မှာ အားလုံး မှန်ကန်တဲ့ ဦးတည်ချက်ကို ရောက်နိုင်ဖို့ မလွယ်တော့ဘူးဆိုတာ အားလုံး သိပါလိမ့်မယ်။ အဓိကအားနည်းချက်ကတော့ ဆွေးနွေးတိုင်ပင်မှု မရှိခြင်း၊ Brainstorming အလေ့အထ အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။ အခါမလပ် ဆွေးနွေးတိုင်ပင်ခြင်း ဆိုတာ ဂေါတမဘုရား ဟောကြားတဲ့ တရားတော်မှာလည်း ပါပါတယ်။ အခါမလပ် ဆွေးနွေးတိုင်ပင် နေဖို့ လိုပါတယ်။ ပြဿနာ ဖြစ်မှာ ကြောက်ပြီး မဆွေးနွေးကြတာမျိုး မဖြစ်သင့်ပဲ ပြဿနာကတော့ တက်မှာပဲ။ ဒါပေမယ့် အဲဒီပြဿနာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး ဖြေရှင်းမှ အဆင်ပြေမယ် ဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။ ဒီတော့ သူငယ်ချင်းတွေနဲ့ လုပ်ငန်းတစ်ခု စတော့မယ်ဆိုရင် Brainstorming အလေ့အထကို ကြိုတင်ပြုစု ပျိုးထောင်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ အဲဒီလို Brainstorming အလေ့အထကနေ နောက်ပိုင်းမှာ ဆွေးနွေးမယ့် စနစ်တကျ ပေါင်းစပ်တတ်တဲ့ အလေ့အထကိုလည်း ပျိုးထောင်ပေးရာ ရောက်စေပါတယ်။

Emotional Intelligence ပိုင်းဆိုင်ရာများ

Emotional Intelligence ဆိုတဲ့ အပိုင်းကတော့ လူတစ်ဦးခြင်း စီမှာ ရှိတဲ့ ဘဝအတွေ့အကြုံ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ဗီဇစိတ် စတာတွေ အကုန်လုံး အပေါ်မှာ မူတည်နေတတ်ပါတယ်။ ဒါပေမယ့် လုံးဝ လေ့ကျင့်ယူလို့ မရတာမျိုးလည်း မဟုတ်ပါဘူး။ Emotional Intelligence ဆိုတာ ကို လွယ်လွယ် နားလည်အောင် ပြောရရင် စိတ်ခံစားမှုကို ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း၊ စိတ်ခံစားမှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို ပယ်သတ် နိုင်ခြင်းလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ လူဆိုတာ စိတ်ဆိုးတတ်တာ ထုံးစံပဲ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဆိုးတဲ့အတိုင်း ပြောကြဆိုကြ ဆက်ဆံကြပြီ ဆိုရင်လည်း အလုပ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဦးတည်ပြီး စိတ်ဆိုးတတ်ဖို့ လိုပါတယ်။ ရပ်ကွပ်ထဲက လူတွေလို အကြောင်းမဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ Anger Management ရှိတဲ့ လုပ်ငန်းအတွက် အကျိုးရှိတဲ့ စိတ်ဓာတ်ကို ဆိုလိုတာပါ။

Photo from eSchool News

ကျွန်တော် ဟိုးအရင်က အလုပ်လုပ်ဖူးတဲ့ အလုပ်တစ်ခုမှာ အလုပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေက ကိုရီးယားတွေပါ။ သူတို့ အစည်းအဝေးလုပ်တာ သွားကြည့်ရင် ထချကြတော့ မလားထင်ရအောင်၊ အော်ကြ ဟစ်ကြပါတယ်။ ကိုယ်တွေကတော့ ထုံးစံအတိုင်း စကားတစ်လုံးတောင် မဟရဲပါဘူး။ သူတို့ ကိုရီးယားစကားတွေ နားမလည်တာလည်း ပါပါတယ်။ ပုံမှန်အတိုင်း ကြည့်ရင်တော့ သူတို့တော့ သွားပြီပေါ့။ အပေါင်းအသင်းလုပ်ကြမှာ မဟုတ်တော့ဘူးလို့ ထင်ရပေမယ့် တကယ်တန်း အစည်းဝေးပြီးတဲ့ အချိန်မှာ လည်ပင်းဖက်လို့၊ ပြုံးလို့ ရွှင်လို့ ထမင်းအတူစားကြ သောက်ကြနဲ့ သူတို့ မဟုတ်တဲ့အတိုင်းပါပဲ။ အဲဒါကိုကြည့်ခြင်း အားဖြင့် သူတို့ဘယ်လောက် Brainstorming နဲ့ အကျွမ်းတစ်ဝင်ရှိတယ်၊ ဘယ်လောက် EI ကောင်းတယ် ဆိုတာ သိနိုင်ပါတယ်။

Emotion Intelligence မြင့်တဲ့သူတွေကို လေ့လာကြည့်မယ်ဆိုရင် သူတို့မှာ ထူးခြားတဲ့အချက်က Empathy ဆိုတဲ့ ထပ်တူခံစား နားလည်နိုင်မှု မြင့်တတ်ကြတာ တွေ့ရပါတယ်။ Sympathy နဲ့ Empathy ဆိုတာ တစ်ခုက ကိုယ်ချင်းစာမှု၊ တစ်ခုက ထပ်တူခံစား နားလည်နိုင်မှု လို့ ဘာသာ ပြန်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ချင်းစာမှုဆိုတဲ့ အပိုင်းမှာ ကိုယ်ကိုတိုင်က အဲဒီလို ဘဝမျိုး မရောက်ဖူးရင် ငါ ကိုယ်ချင်းစာပါတယ်ကွာ လို့ ဘယ်လောက် ပြောပြော မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် Empathy ဆိုတဲ့ ထပ်တူ ခံစားနားလည်နိုင်မှု ဆိုတာကတော့ ဘယ်နေရာမှာ မဆို ဖြစ်နိုင်ပါတယ်။ အဲဒီလို ထပ်တူခံစားနားလည်နိုင်ဖို့ ဆိုရင် သူ့နေရာက ဝင်ပြီး စဉ်းစား နားလည်နိုင်အောင် ကြိုးစားရပါတယ်။ တဖက်လူရဲ့ ဘဝအတွေ့အကြုံတွေ အတွေးအခေါ်တွေ ခံစားချက် စတာတွေ အားလုံးကို သိအောင် လုပ်ပြီးမှ Empathy ဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို တစ်ဖက်လူကို နားလည်ဖို့ဆိုတာ တစ်ဖက်ကနေ တွေးပေးတတ်တဲ့ အလေ့အထကိုလည်း ဖြစ်လာစေပါတယ်။ အဲဒီလို တစ်ဖက်က ဘယ်လိုတွေးသလဲ၊ ငါကရော ဘယ်လိုတွေးသလဲ ဆိုပြီး တိုက်ဆိုင် စစ်ဆေးတတ်မှ အဖြေထွက် တတ်ပါတယ်။

Empathy ဆိုတာလည်း Brainstorming ရဲ့ မရှိမဖြစ် Ingredients တစ်ခုပါပဲ။ တစ်ပါးသူရဲ့ တွေးတောကြံဆချက်၊ တစ်ပါးသူရဲ့ အလိုကို သိရင် နောက်လိုက် ကောင်း တစ်ယောက် ဖြစ်နိုင်ပြီး တစ်ပါးသူရဲ့ အကြောင်းကိုလည်းသိ၊ ကိုယ့်အကြောင်းကိုလည်း သိပြီး (Empathy အပေါ် အခြေခံပြီး) အဖြေထုတ်နိုင်မှသာ ခေါင်းဆောင်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း သတိထားဖို့လိုပါတယ်။ (ခေါင်းဆောင်ဆိုတဲ့ အပိုင်းကိုလည်း နောက်ပိုင်းမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။)

ဆက်ပါဦးမယ် …