Internet in Africa

ဇနပုဒ်သို့ အင်တာနက် တကယ်အဟုတ် ရောက်သောအခါ

အင်တာဆိုဖီယာ၊ ကင်ညာနိုင်ငံ – နာရိုဘီကလာတဲ့ လမ်းမကြီးက မာဆိုင်း လူမျိုးစုတွေ နေတဲ့ ဒေသအတွင်းပိုင်း ကျကျမှာ တည်ရှိတဲ့ အင်တာဆိုဖီယာ မြို့လေးကို မိုင်တစ်ရာ အကွာ လောက်ကနေ ဝိုင်းပတ် တည်ရှိပါတယ်။ အင်တာဆိုဖီယာကို သွားဖို့ ဖုန်ထူသဲဖွေး ကျောက်ခင်း လမ်းလေးပဲ ရှိပါတယ်။ ရွှံ့ထူဗွက်ထတဲ့ လမ်းဆိုလို့ တောင်ကွဲထဲကနေ ဖြတ်တက်ရတဲ့ နေရာတစ်နေရာပဲ ရှိပါတယ်။ အဲဒီနေရာ ကျော်ရင်တော့ သဲကန္တာရထဲကို စိုက်ဆင်း သွားပြန်ပါတယ်။ တစ်မေ့တစ်မော သွားရမယ့် ခရီးဖြစ်ပါတယ်။

ဝေးလံခေါင်သီတဲ့ အင်တာဆိုဖီယာမြို့လေးက အဲဒီကျောက်ခင်းလမ်းလေးရဲ့ အဆုံးမှာ တည်ရှိပါတယ်။ လူဦးရေ ၄၀၀၀ လောက်ရှိပြီး လျက်စစ်မီးဆိုတာ ယောင်လို့တောင် မကြားဖူးတဲ့နေရာ ဖြစ်ပါတယ်။ ဘဏ်မရှိ၊ စာတိုက်မရှိ၊ ကားတစ်စီးနှစ်စီးနဲ့ အခြေခံ အဆောက်အဦလည်း အနည်းငယ်သာ ရှိပါတယ်။ သတင်းစာတွေ ကတော့ သုံးလေးပတ်တစ်ခါ အစုလိုက် အပုံလိုက် ရောက်လာတတ်ပါတယ်။ အလင်းရောင် ပျောက်လို့ ညရောက်ပြီ ဆိုတာနဲ့ မြို့သူမြို့သားတွေဟာ ရေနံဆီ မီးအိမ်လေးထွန်း၊ ကျွဲတွေ နွားတွေ သိမ်း၊ သူတို့ရဲ့ တဲတွေမှာ မီးလင်းဖိုလေးတွေ ထွန်းပြီး စောစော အိပ်တတ်ကြပါတယ်။ လယ်ကွင်းထဲမှာ ကောက်ပဲသီးနှံတွေကို ဆင်တို့ ကျွဲတို့ရန်က စောင့်ရှောက်နေရတဲ့ လယ်သမားတွေက လွဲလို့ပေါ့။

ခရီးသွားတစ်ယောက်အနေနဲ့ ကန္တာရအထပ်ထပ် ဖြတ်ပြီး အင်တာနက်သုံးဖို့ ရှာမယ်ဆိုရင် အင်တာနက် ကော်နက်ရှင်ရှိတဲ့ နောက်ဆုံးနေရာဟာ အင်တာဆိုဖီယာပဲ ဖြစ်ပါလိမ့်မယ်။ မယုံရင်ပုံပြင်မှတ်လို့ ဆိုချင်ပေမယ့် အင်တာနက်က အင်တာဆိုဖီယာမှာ အမှန်တကယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်က အန်အာဘာက မစ်ချီဂန်တက္ကသိုလ် ကျောင်းဆင်း လူငယ်အင်ဂျင်နီယာ သုံးဦးက Google ရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဂြိုလ်တုစလောင်း ခပ်သေးသေးကို အသုံးပြုပြီး ကွန်ပျူတာ အနည်းငယ်နဲ့ ကမ္ဘာကြီးကို ချိတ်ဆက် ပေးနိုင်ခဲ့ပါတယ်။ လျှက်စစ်မီး မရှိတဲ့အတွက် နေရောက်ခြည် စွမ်းအင်ကို အသုံးပြုလည်ပတ် နိုင်အောင် စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိုဘိုင်းဖုန်းတွေဟာ အဓိကကျတဲ့ ခေတ်မှီဆက်သွယ်ရေး ကိရိယာတွေအနေနဲ့ အာဖရိကရဲ့ ကျေးလက် ဇနပုဒ်တွေအထိ ခြေဆန့်လာခဲ့ပါတယ်။ နိုင်ငံတကာ တယ်လီ ဆက်သွယ်ရေး အဖွဲ့အစည်း (International Telecommunication Union)ရဲ့ အချက်အလက် တွေအရ ၂၀၀၂ခုနှစ်ကနေ စပြီး ၂၀၀၇ခုနှစ်အထိ ကင်ညာ နိုင်ငံသားတွေရဲ့ ဆဲလ်ဖုန်း အသုံးပြုမှု ပမာဏဟာ ဆယ်ဆ၊ ဆယ်ဆ တိုးလာနေပြီး ကင်ညာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံကို အထိရှိလာတော့မှာ ဖြစ်ပါတယ်။ လိုင်းဖုန်းအသုံးပြုနိုင်တဲ့ အရေအတွက်က အင်မတန်နည်းပါးပြီး အများစုကတော့ ဆဲလ်ဖုန်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဖုန်း တော်တော်များများက ရိုးရိုးမော်ဒယ်တွေ ဖြစ်ပြီး အင်တာနက် ကြည့်ဖို့ထက် ဖုန်းပြောဖို့ အဓိကထား သုံးကြပါတယ်။ ကြိုးမဲ့ အချက်အလက်ပို့တဲ့ ကွန်ယက်ကလည်း အလွန်နှေးကွေးပြီး ပို့လို့ရနိုင်တဲ့ နေရာကလည်း အနည်းငယ်သာ ရှိပါတယ်။

ဂြိုလ်တုကို တိုက်ရိုက် ချိတ်ဆက်ပြီး သုံးတဲ့ စနစ်ကတော့ ပိုပြီး မြန်သလို ခဏခဏ အဆက်အသွယ် ပြတ်တောက်မှုတွေ မဖြစ်ပဲ တည်ငြိမ်ပါတယ်။ အဲဒီလို ဂြိုလ်တု ဆက်သွယ်ရေး စနစ်က Google ကို ဆွဲဆောင်နိုင်ခဲ့ပြီး ၉၅ ရာခိုင်နှုန်းသော အာဖရိကက အင်တာနက် မသုံးနိုင်တဲ့ သူတွေကို ချိတ်ဆက် ထောက်ပံ့ ပေးနိုင်တဲ့ နည်းလမ်းကိုလည်း ဖွင့်လှစ်ပေး နိုင်ခဲ့ပါတယ်။

အင်တာနက် ချိတ်ဆက်နိုင်အောင် အထောက်အပံ့ ပေးတဲ့ အလုပ်ဟာ Google ရဲ့ ပင်မ ပုံမှန်စီးပွားရေးတော့ မဟုတ်ပါဘူး။ အဲဒီလို ကင်ညာနဲ့ အခြား အာဖရိကဒေသတွေကို အင်တာနက် ချိတ်ဆက်ပေးတဲ့ ရည်ရွယ်ချက်က သူတို့ ဘယ်လို အခက်အခဲတွေ တွေ့ရတယ်၊ ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတဲ့ အချက်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။

အင်တာဆိုဖီယာမှာ ရှိတဲ့ ဂြိုလ်တုစလောင်းကို ဆိုရွားတဲ့ ရာသီဥတု အောက်မှာ ပြုပြင်ထိန်းသိမ်းမှု နည်းနည်းနဲ့ လပေါင်းများစွာ အသုံးပြုထားမှာ ဖြစ်ပါတယ်။ အဲဒီ ဂြိုလ်တု ဆက်သွယ်ရေး စခန်းနဲ့ အခြား ခပ်လှမ်းလှမ်းနေရာ မှာရှိတဲ့ စခန်းနှစ်ခုဟာ Google ရဲ့ ကြီးမားတဲ့ စွမ်းဆောင်ချက်တွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ သေးငယ်ပြီး လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့ လူမျိုးစုတွေကို သတင်း အချက်အလက် နည်းပညာတွေကို အသုံးချနိုင်ဖို့ နည်းပညာ အသစ်တွေကို အထောက်အပံံ့ ပေးနိုင်ခဲ့သလို အဝေးရောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အလုပ်တွေကို အင်တာနက်က ချိတ်ဆက်ပြီး လုပ်နိုင်ဖို့လည်း ကူညီနိုင်ခဲ့ပါတယ်။ ထို့ပြင် အဝေးတစ်နေရာ ရောက်နေတဲ့ သူငယ်ချင်းတွေ၊ အဝေးရောက် မိသားစုဝင်တွေနဲ့လည်း အချင်းချင်း ဆက်သွယ်လို့ရအောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။

Google အနေနဲ့ အင်တာနက် စခန်းတွေကို အမှန်တကယ် အသုံးပြုလို့ရတဲ့ အဆင့်အထိ ရောက်အောင် တည်ထောင်ပေးပြီး ကုန်ကျစရိတ်ကိုလည်း စိုက်ထုတ်ပေးထားသလို ဂြိုလ်တု ဆက်သွယ်ရေးနဲ့ အသုံးပြုတဲ့ အင်တာနက် ဘန်းဝတ် (bandwidth တစ်လကို အချက်အလက် ဘယ်လောက် ပို့နိုင်တယ်၊ ဘယ်လောက် ရယူနိုင်တယ်ဆိုတာကို ကန့်သတ်ထားတဲ့ ပမာဏဖြစ်ပါတယ်) အတွက် လစဉ်ကြေးတွေ ကိုလည်း ထောက်ပံ့ ပေးထားပါတယ်။ ထို့ပြင် ကုမ္ပဏီအနေနဲ့ O3b (O3b ဆိုတာ other three billions လို့ခေါ်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပြီး အာဖရိကလို့ ဖွံ့ဖြိုးမှု နောက်ကျတဲ့ နေရာတွေ အတွက်ရော၊ ဖွံ့ဖြိုးှဆဲနိုင်ငံတွေ အတွက်ပါ ရည်ရွယ်ပြီး ဂြိုလ်တုကွန်ယက် ချိတ်ဆက်နေတဲ့ ပရောဂျက် ဖြစ်ပါတယ် အသေးစိတ်ကိုတော့ http://www.o3bnetworks.com မှာ လေ့လာနိုင်ပါတယ်) လို့ခေါ်တဲ့ ဂြိုလ်တုကွန်ယက် ချိတ်ဆက်တဲ့ ပရောဂျက်မှာလည်း ရင်းနှီးမြှတ်နှံမှုတွေ ပြုလုပ်ထားပါတယ်။ O3b ဟာ အခုမှ အစပဲရှိသေးတယ် ဆိုပေမယ့် လာမယ့်နှစ်ကုန်လောက်မှာ အာဖရိကကို ဂြိုလ်တု ဆက်သွယ်ရေး စနစ် အပြည့်အဝ လွမ်းခြုံမိမယ်လို့ ခန့်မှန်းထားပါတယ်။

“အခြေခံအဆောက်အဦတွေ တည်ဆောက်တယ်ဆိုတာ Googleရဲ့ ရည်ရွယ်ချက်နဲ့တော့ တိုက်ရိုက်ကြီး မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ဘယ်နေရာ ဘယ်ဒေသကို ကြည့်ကြည့် Google က ရောက်နေတယ်ဆိုတာ ကိုတွေ့နိုင်မယ်၊ ပြီးတော့ လိုအပ်ချက်ပေါင်း များစွာအတွက် လိုနေတဲ့ ကွက်လပ် တွေကို ဖြည့်ရာလည်း ရောက်ပါတယ်” လို့ အရှေ့အာဖရိက Google ရဲ့ ဦးဆောင်သူ ဂျိုးဆက်မူချာရုက ပြောပါတယ်။ “စျေးကွက်ဆိုတာ အခွင့်အလမ်း ကိုလည်း ကြည့်သင့်တယ်ဆိုတာ မှန်ပါတယ်” လို့လည်း ပြောပါတယ်။

အခုအချိန်မှာတော့ အခွင့်အလမ်းဆိုတာ ရေမှာ အရုပ်ရေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အဲဒီလို ဂြိုလ်တု ဆက်သွယ်ရေး အင်တာနက် စခန်းတွေမှာ တတ်ဆင် အသုံးပြုရတဲ့ ပစ္စည်းကိရိယာတွေနဲ့ လစဉ်ကြေးတွေကို တပ်ဆင်အသုံးပြုမဲ့ ဇနပုဒ်တွေက ကိုယ်ထူကိုယ်ထ အကုန်အကျခံနိုင်ဖို့ ဆိုတာ မသေချာ၊ မရေရာတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ ဒေသခံလူမျိုးစုတွေအနေနဲ့ အင်တာနက် ကော်နက်ရှင်ကြောင့် အကျိုးအမြတ်တွေ ရကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီစခန်းကို ကိုယ်ထူကိုယ်ထ တည်ဆောက် ဖို့ကတော့ ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ပါဘူး။

အင်တာ ဆိုဖီယာမှာရှိတဲ့ အင်တာနက်စခန်းလို ပုံစံတွေအတွက် လစဉ်ကြေးအနေနဲ့ တစ်လကို ဒေါ်လာ ရ၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ “ဒီထက် ကော်နက်ရှင် အမြန်နှုန်း နှေးမယ် ဆိုရင်တော့ ဒီထက်စျေးသက်သာ နိုင်ပါတယ်” လို့ အာဖရိကနဲ့ ဖွံ့ဖြိုးဆဲကမ႓ာတွေမှာ အင်တာနက် သတင်းအချက်အလက် နည်းပညာပြန့်ပွားရေး အတွက် Non-profit အနေနဲ့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ အိုင်ဗင်နိုးရဲ့ စီနီယာ ဒါရိုက်တာဖြစ်သူ ဝေရန်းဘိုတာ ကပြောပါတယ်။ “အင်တာနက်စခန်းတွေ များများဖွင့်နိုင်လေ လစဉ်ကြေးကုန်ကျမှု လျော့နည်းလာလေပဲ” လို့ မစ္စတာဘိုတာက ဆက်ပြောပါတယ်။ အဲဒီလို မစ္စတာဘိုတာ ပြောတဲ့ စကားကလည်း O3b ရဲ့ ရည်ရွယ်ချက်မှာ နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အင်တာနက်က အင်တာဆိုဖီယာကို ရောက်ရောက်ခြင်းပဲ အင်တာနက်ကို အငမ်းမရ သုံးကြည့်ချင်နေတဲ့ လူတစ်စုကို သုံးစေခဲ့ပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် အထူးအဆန်းတစ်ခုကို တွေ့မြင်ရသလို အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။

ဂျိန်းမတ်သရူး ဆိုသူဟာ အင်တာဆိုဖီယာမှာ တာဝန်ကျနေတဲ့ ကင်ညာနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနက လုပ်သက် ငါးနှစ်လောက် ရှိပြီဖြစ်တဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကတာဝန်တွေကတော့ ဒေသခံတွေကို ပတ်ဝန်းကျင် ရာသီဥတုတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကို သတင်း အချက်အလက် ပေးမယ်၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုး ထိန်းသိမ်းနည်း စနစ်တွေကို သင်ကြားပေးမယ်၊ ပြီးတော့ မြေဆီလွှာ ထိန်းသိမ်းနည်း ပညာတွေကိုလည်း ဖြန့်ဝေပေးရပါတယ်။ ၂၄နာရီ ခုနှစ်ရက်ပတ်လုံး ရနေတဲ့ အင်တာနက်က သူကို့ ကာဂျီယာမှာရှိတဲ့ ဌာနချုပ်နဲ့ ဆက်သွယ်ရာမှာ အချိန်ကုန် သက်သာစေသလို လွယ်ကူ သွားစေပါတယ်။ လစဉ်ပို့ရတဲ့ မှတ်တမ်း အချက်အလက် စာရွက်စာတမ်းတွေကို လူကိုယ်တိုင် သွားပို့မယ်ဆိုရင် အနည်းဆုံး လေးငါးရက် အချိန်ယူရသလို ဆဲလ်ဖုန်းနဲ့ ပို့မယ်ဆိုရင်လည်း အချိန်အကြာကြီး ယူရပါတယ်။

အဲဒီလို အင်တာနက်ရှိတဲ့ အတွက် တစ်နှစ်ကို ၁၂၀၀၀ ရှီလင်လောက် ဂျိန်းမက်သရူးအတွက် သက်သာသွား စေပါတယ်။ ဒေါ်လာအနေနဲ့ဆိုရင် ၁၅၂ ဒေါ်လာလောက် ရှိပြီး ကင်ညာနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့ ဂျီဒီပီ က ဒေါ်လာ ၁၇၀၀ လောက်ရှိတာနဲ့ နှိုင်းယှဉ် ဖို့ဖြစ်ပါတယ်။

ဂျိုးဆက်ကာဆီဖူးကတော့ အသက် (၄၀)ရှိပြီး တစ်ခြားသူတွေကို အင်တာနက် အသုံးပြုတဲ့ နေရာမှာ ကူညီပေး နေပါတယ်။ သူမိသားစု ဝင်တွေက လယ်ကွက်တစ်ကွက်နဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ သူကတော့ ငယ်ငယ်က ပိုလီယိုကြောင့် ခြေတစ်ဖက်ခွင်နေလို့ လုပ်ငန်းခွင်ကို အပြည့်အဝ မဝင်နိုင်ဖြစ်နေပါတယ်။ “မာဆိုင်းမှာ မစွမ်းမသန်တွေကို မကောင်းဆိုးဝါးတွေရဲ့ နမိတ်ဆိုးတွေလို့ မြင်ကြပါတယ်” လို့သူက ပြောပါတယ်။ ရိုးရာ အစဉ်အလာအရ အဲဒီလို မစွမ်းမသန်လေးတွေ မွေးလာရင် အစွန့်ပစ်ခံကြရပြီး မွေးတဲ့ အမေကိုလည်း မကောင်းဆိုးဝါးတွေရဲ့ ဖမ်းစားမှုကနေ လွတ်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဝတ်ပြုဆုတောင်း သန့်စင် ကြရပါတယ်။ မကောင်းဆိုးဝါးနဲ့ နတ်ဆိုးတွေက ဖမ်းစားတဲ့ အတွက်ကြောင့် ဒီလို မစွမ်းမသန်လေးတွေ မွေးရတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမွေးတဲ့ နေရာကိုလည်း မီးရှို့ဖျက်စီးပစ် ကြပါတယ်။ အခုအချိန်မှာတော့ အဲဒီလို မစွမ်းမသန် ကလေးတွေကို သူတို့နဲ့ အတူမထားပဲ သူတို့ရဲ့ မင်ရက်တာလို့ ခေါ်တဲ့ တဲပုတ်ကလေးတွေနဲ့ ဝေးရာမှာ သွားဖွက်ထား တတ်ကြပါတယ်။

မစ္စတာ ကာဆီဖူးက အဲဒီလိုကလေးတွေအတွက် အသိပညာ မြှင့်တင်ပေးရေးနဲ့ အကာအကွယ်ပေး ရေးကို ရည်ရွယ်ပြီး လှုပ်ရှားနေတဲ့ “တူကို” လို့ခေါ်တဲ့ အဖွဲ့မှာ ဦးဆောင် လှုပ်ရှားနေပါတယ်။ အင်တာနက်ကော်နက်ရှင် ရှိလာတဲ့အခါမှာ သူတို့လေးတွေရဲ့ ကံမကောင်း အကြောင်းမလှ မှုလေးတွေကို ဗီဒိယိုပြကွက်တိုလေးတွေ ရိုက်ပြီး အင်တာနက်မှာ တင်နိုင်လာပါတယ်။

“ကလေးအမေတွေက ကျွန်တော့်ဆီလာပြီး နင့်ဆီမှာ ငါတို့ကလေးတွေ ထားဖို့ နေရာရှိတယ်မလားလို့ လာလာ မေးတတ်ကြတယ်ဗျ” လို့ သူကပြောပါတယ်။ “ရင်ထဲမှာ မချိပေမယ့် ကျွန်တော် ဘာတတ်နိုင်မှာလဲဗျာ၊ ဒီပရောဂျက်ကလည်း အဲဒါတွေကြောင့် ဖြစ်လာရတာပါ” လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ကင်ညာနိုင်ငံသား တော်တော်များများဆီ အင်တာနက်ရောက်ဖို့ အတွက်ကတော့ အတားအဆီး ကြီးကြီးမားမား တွေရှိနေပါတယ်။ အလကားသုံးလို့ ရပါတယ်ဆိုဦးတော့ သုံးတဲ့သူတွေအနေနဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ဖို့ မလွယ်သေးပါဘူး။ အဓိက အတားအဆီးကတော့ ကွန်ပျူတာအခြေခံ အသုံးပြုနည်းကိုတောင် မတတ်သေးတာ ဖြစ်ပါတယ်။ “လူငယ်တွေက လူကြီးတွေထက် ကျွန်တော်တို့ဆီ လာဖို့ စိတ်ဝင်စားကြတယ်၊ ပြီးတော့ သင်ယူဖို့လည်း အချိန်ပိုရကြတယ်၊ ကွန်ပျူတာရှေ့မှာ ထိုင်ဖို့ကိုလည်း လိုလိုချင်ချင်ရှိကြပါတယ်၊ မှားသွားလိုက် ပြန်ပြင်လိုက်နဲ့ သင်နေကြတာ ဟုတ်နေတာပါပဲ”လို့ လွန်ခဲ့တဲ့ ရှစ်လလောက် ကတည်းက သဲကန္တာရဆိုင်ရာ သတင်းအချက်အလက် ကွန်ယက်အတွက် ဝန်ထမ်းတွေကို သင်ကြားပေးနေရတဲ့ တက်ဒီချင်ညာက ပြောပါတယ်။ အဆိုပါ အဖွဲ့အစည်းဟာ ကင်ညာနိုင်ငံမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဂြိုလ်တု ဆက်သွယ်ရေး စခန်းတွေကို လည်ပတ်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

“လူတော်တော် များများကတော့ ဟိုအကြောင်း၊ ဒီအကြောင်း သိချင်၊ ရှာချင်လို့ အင်တာနက် သုံးကြတာပါ။ ဒါပေမယ့် သူတို့ သိချင်တာတွေကို ကူညီပြီး ရှာပေးမယ့်သူ လိုပါတယ်” တက်ဒီချင်ညာက ဆက်ပြောပါတယ်။ “သူတို့တွေအနေနဲ့ ဘယ်နေရာမှာ ရှာရမယ်ဆိုတာတွေ၊ ဝက်(ဘ်)ဆိုက် လိပ်စာတွေကအစ မသိကြသေးပါဘူး။ သူတို့ကို ဗီဒီယိုဖိုင်လေးတွေ ဖွင့်ပြတော့၊ သူတို့က အဲဒါ ရေဒီယိုလား၊ တီဗွီလားလို့ မေးကြတယ်ဗျ”

အခြားအခက်အခဲက အခြေခံပညာ တတ်မြောက်မှု အနေအထားအပေါ်မှာ မူတည်နေပါတယ်။ အင်တာ ဆိုဖီယာမှာရှိတဲ့ အရွယ်ရောက်ပြီးသူ အများစု အထူးသဖြင့် အမျိုးသမီး အများစု စာမဖတ်တတ်ကြပါဘူး။

Nonprofit အဖွဲ့အစည်းဖြစ်တဲ့ အကြူမင် ငွေကြေးရန်ပုံငွေ အဖွဲ့အစည်းရဲ့ အရှေ့အာဖရိက ဆိုင်ရာ မန်နေဂျာဖြစ်သူ နသန်ညာမျူး ဆိုသူဟာ လူမှုအဆင့်အတန်း မြင့်တင်ရေး ကဏ္ဍတွေအတွက် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှတ်နှံမှုတွေကို စီမံခန့်ခွဲရသူ တစ်ဦးဖြစ်ပါတယ်။ “အင်တာနက် မရှိတာထက် ဆင်းရဲမွဲတေမှု၊ ကျေးလက်နေ လူအဖွဲ့အစည်း၊ အခြေခံ အဆောက်အဦမရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အသေးစား ချေးငွေကဏ္ဍစတဲ့ နေရာတွေမှာ စိန်ခေါ်မှုတွေက ပြည့်နှက်နေပါတယ်” လို့ မစ္စမျူးက ပြောပါတယ်။

“VSAT ဆိုတာ အရေးအကြီးဆုံး၊ ဟုတ်စ” အင်တာဆိုဖီယာမှာ အသုံးပြုနေတဲ့ ဂြိုလ်တုဆက်သွယ်ရေး အင်တာနက် စခန်းကို ညွှန်းဆိုပြီး သူမက မေးခွန်းထုတ် ပါတယ်။ (VSAT ဆိုတာ Very small aperture terminal ရဲ့ အတိုကောက် ဖြစ်ပြီး အလွန်သေးငယ်တဲ့ ဆက်သွယ်ရေး စခန်းတွေကို ညွှန်းဆိုပါတယ်။ အင်တာဆိုဖီယာက အင်တာနက်စခန်းကလည်း VSAT ပဲ ဖြစ်ပါတယ်။)

“ခုချိန်မှာ လုပ်စရာတွေက တစ်ပုံကြီး ရှိနေပါတယ်။ တစ်ခုခုကို စနိုင်တဲ့နေရာက စလုပ်ဖို့ပဲ လိုပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Reference : Bringing the Internet to Remote African Villages (NYTIMES) ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။