Ko Thar Htet

Interview with Ko Thar Htet

ဒီနေ့ Yangon Innovation Center ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒါနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်က ကိုသာထက်နဲ့ အင်တာဗျူးကို သတိရမိတဲ့အတွက် အဲဒီတုန်းက ကျွန်တော် ဘာတွေ မေးခဲ့တယ်၊ ကိုသာထက် ဘာတွေ ဖြေခဲ့တယ်ဆိုတာ ပြန်လေ့လာနိုင်ဖို့ ပြန်တင်ဆက်လိုက်ရပါတယ်။

သီဟ – ကျွန်တော် သိချင်တဲ့ အပိုင်း ပထမ တစ်ပိုင်းက ကျွန်တော်တို့ စင်္ကာပူ နိုင်ငံ မှာရှိနေတဲ့  သူတွေ ဒါမှမဟုတ် တခြား နိုင်ငံခြားမှာ ရှိနေတဲ့ သူတွေ အားလုံးက မြန်မာ ပြည်နဲ့ ပတ်သတ်ပြီးတော့ အပြောင်းအလဲ တွေ ဖြစ်နေတယ် လို့တော့ လူတိုင်း လက်ခံကြတယ်။ ဒါပေမယ့် အဲဒီ အပြောင်းအလဲ ပေါ်မှာ သံသယတွေလည်း ဖြစ်နေကြတယ်။ အဲဒီတော့ သူတို့တွေ အနေနဲ့ ဟိုက ပြန်လာပြီး ရင်းနှီးမြှပ်နှံဖို့ ကိစ္စတွေမှာ ဘယ်လိုဖြစ်နေကြသလဲ။ ဘယ်လို ခံစားနေကြသလဲ။ နောက်ပြီးတော့ ကိုသာသာ အနေနဲ့ရော ဘယ်လို မြင်သလဲ။ အဲဒီအပြင် ကိုယ့်ပြည်တွင်းမှာ ရင်းနှီးမြှတ်နှံဖို့ဆိုပြီး လေ့လာနေကြတဲ့ နိုင်ငံခြားသားတွေလဲ အများကြီး ရှိနေကြပါတယ်။ သူတို့တွေက ဘယ်လို တွေးနေကြလို့လဲ။ ဘယ်လိုလာဖို့ ပြင်ဆင်နေကြသလဲ။

ကိုသာသာ – ဟိုက ပြန်လာမယ့် မြန်မာတွေ​ ဘယ်လို တွေးသလဲတော့ ကျွန်တော်လဲ မသိပါဘူး။ ကျွန်တော် အမြင်ကို ပြောပြပါ့မယ်။ အရင်တုန်းက ပုံစံကို ပြန်ပြောရမယ်ဆိုရင် နိုင်ငံခြားမှာ နိုင်ငံခြားကနေ ပိုက်ဆံစု၊ ပြန်လာ ဒီရောက်တော့ လုပ်ငန်းတွေလုပ်၊ ရှိသမျှပြောင်  ပြီးတော့ ပြန်ထွက်၊ အဲဒီလိုမျိုး နှစ်ခါလောက် သုံးခါလောက် လုပ်တဲ့သူတွေ ကျွန်တော် တွေ့ဖူးတယ်။ အဲဒီတော့ တကယ် ရန်ကုန်မှာ မြန်မာ ပြည်မှာ စီးပွားရေး ဘယ်လိုလုပ်ထားရမလဲ ဆိုတာ နိုင်ငံခြားမှာ နေတဲ့သူ မသိဘူး။ အဲဒါ အဲဒါ အမှန်တရားပဲ။ အဲဒါတော့ လက်ခံရလိမ့်မယ်။

နိုင်ငံခြားမှာ ရှိတဲ့သူတွေ က အခု မြန်မာပြည် ဖွံဖြိုးတိုးတက်လာတဲ့ အခါမှာ ကိုယ်တိုင်းပြည်ကို ကိုယ်ကလည်း ချစ်တယ်။ နိုင်ငံခြားမှာ အမြင်ကျယ်လာတဲ့ အခါကြတော့ ကိုယ်တိုင်းပြည်မှာ ဘာတွေ လစ်ဟာနေလဲကို မြင်လာ ကြတယ်။ တကယ်တော့ လစ်ဟာနေလဲ ကိုမြင်တဲ့ အခါမှာ  ဒါဟာ ခွင်ပဲ ဆိုပြီး သူတို့ မြင်ကြတယ်ဗျ။ အဲဒီတော့ ဒါလေးကိုတော့ ငါလုပ်လိုက်ရင်တော့ ငါလုပ်လို့ရမယ်။ ဒါလေးကို ငါလုပ်လိုက်ရင်တော့ ဘာပဲဖြစ်ဖြစ် စားသုံးသူလည်း အကျိုးရှိမယ်။ ငါလည်း အကျိုးရှိမယ်။ ဆိုတဲ့ အမြင်လေးနဲ့ ဒီလိုဟာလေးကို တိုးတက်စေချင်တာလည်း တစ်ပိုင်း၊ ပိုက်ဆံရလိုတာလည်း တစ်ပိုင်း၊ ဒါမျိုးလုပ်ချင်ကြတဲ့သူတွေ ရှိတယ်။

ဒါပေမယ့် ပြဿနာက သူတို့ အဲဒီလို မြင်ကြပေမယ့် မြန်မာပြည်ဖက် အခြမ်းမှာ အဲဒီလို မဟုတ်ဘူး။ တကယ်တမ်း သူမြင်တဲ့ လုပ်ငန်းတစ်ခုမျိုးလုပ်ဖို့ အတွက်ကို လုပ်ပိုင်ခွင့်မရတာ၊ အဆက်အသွယ် မရှိတာ၊ ပါမစ် ဘယ်လိုယူရမှန်း မသိတာ အဲဒီ ပြဿနာ တွေက အများကြီးရှိတယ်။ အဲဒီဟာနဲ့ ပဲ နောက်ဆုံးကြတော့ အလုပ်မဖြစ်ပဲ  ပြန်လာကြရတယ်။

ကျွန်တော်တို့ assumption တွေရှိတာပေါ့။ နိုင်ငံခြားမှာ နေတဲ့သူက အဲ ပတ်ဝန်းကျင်မှာ မွေ့လျော်လာတဲ့ အတွက်ကြတော့ လုပ်ငန်းတခု လုပ်မယ်ဆိုရင် ရှိပြီးသား Infrastructure တွေကို ထည့်မတွက်တော့ဘူး။ လုပ်ငန်းလုပ်ဖို့အတွက် နိုင်ငံမှာ Infrastructure လိုတယ်။ ဆက်သွယ်ရေး နောက်ပြီးတော့ ခုနတုံးကလို လမ်းပန်းဆက်သွယ်ရေးပေါ့၊ Telecommunication တွေ Mobile Transport တွေ ဒါတွေကို ရှိပြီးသားလို့  သူက assume လုပ်လာတယ်။ အဲဒီလို assume လုပ်လာတဲ့အတွက်ကြောင့် ဒီရောက်တော့ assume လုပ်ထားတဲ့ဟာတွေ တကယ်မဖြစ်မှန်း သိလာတဲ့ အခါမှာ ခုနတုံးက သူယူထားတဲ့ ရည်ရွယ်ချက်ကြီးကို လုပ်ရခက်လာပြီ။ ခက်လာတဲ့ အတိုင်း ဆက်လုပ်ရင်း လုပ်ရင်းနဲ့ နောက်ဆုံးကြတော့ မလုပ်ဖြစ်တော့တာတွေ ရှိနေပါတယ်။

မြန်မာပြည်က နိုင်ငံခြား နဲ့ မတူပါဘူး။ ကျွန်တော်တို့ အာရှ စျေးကွက်တောင်မှ အနောက်က Western ကစျေးကွက်တွေနဲ့ မတူပါဘူး။ မြန်မာပြည်ကတော့ ပိုလို့တောင် မတူဘူး။  မြန်မာပြည်ရဲ့ နည်းလမ်းကို ဘယ်စီးပွားရေးစာအုပ်ကမှ မရေးထားဘူး။ ဘယ်မှာမှ မရေးထားဘူး။ အဲဒီတော့ နိုင်ငံခြားမှာ ရှိတဲ့ သူတွေ အနေနဲ့ အဲဒါကို လေ့လာဖို့ သုံးသပ်ဖို့ ဆိုတာ မြန်မာပြည်ပြန်လာ၊ မြန်မာ ပြည်မှာ လုပ်စား တဲ့သူတွေနဲ့ များများ စကားပြောကြည့်ဖို့လိုတယ်လို့တော့ ကျွန်တော်ထင်တယ်။

အဲဒီတော့ သူတို့ရဲ့အမြင်ကတော့ ဒီမှာလာပြီးတော့ ခုနတုံးက ကွက်လပ်တွေကို ဘယ်လိုဖြည့်လိုက်ရင် ဘယ်လို အလုပ်ဖြစ်မယ်လို့ ထင်ကြတယ်။ အားလည်း တကယ်လည်း အားတက်ကြတယ်။ စုထားဆောင်းထားတာလေးတွေနဲ့ လာဖို့  စိတ်ကူးကြတယ်။ အဲဒီလိုလာပြီးတော့  မအောင်မမြင်နဲ့ ဖြစ်သွားကြတ ဲ့သူတွေလည်း ရှိတယ်။  ကျွန်တော် နိုင်ငံခြားကလာပြီး မြန်မာပြည်မှာ လာလုပ်စားပြီးတော့ အောင်မြင်သွားတဲ့ သူတွေကို ကျွန်တော် အသိမိတ်ဆွေထဲမှာတော့ မရှိသေးပါဘူး။ တွေ့ရင်လည်း ကျွန်တော် မေးချင်တယ်။ သူတို့ ဘယ်လို လုပ်စားနေကြသလဲ။  ဘယ်လို အဆင်ပြေလာကြလဲ။ ဘယ်လို ခက်ခဲခဲ့သလဲ။ ကျွန်တော်တော့ တစ်ခါမှ နိုင်ငံခြား ကပြန်လာပြီး မြန်မာပြည်မှာ လုပ်စားပြီး အောင်မြင်တဲ့သူ မတွေ့ဖူးဘူး။ ပြန်ထွက်သွားတဲ့သူတွေပဲ ကျွန်တော် တွေ့ဖူးပါတယ်။

သီဟ – အဲဒီလိုမျိုး ဖြစ်ရတဲ့ အနေအထားမှာ ခုနကပြောတဲ့ Infrastructure ပိုင်းဆိုင်ရာလည်း  အားနည်းချက်တွေပေါ်မှာ မြင်တဲ့ အမြင်တွေ နောက်ပြီးတော့ ဒါအရင် တုံးက အခြေအနေ အပေါ်မှာ ဖြစ်နေတဲ့ အမြင်တွေရယ် ပေါ့နော်။ ဒါပေမယ့် အခုလိုမျိုး အချိန်မှာ ပြောင်းလဲလာပြီ ဆိုတဲ့ အနေအထားမှာကော သူတို့လိုချင်တဲ့ ဟာတွေက ရှိမှ သူတို့လုပ်လို့ ရမှာလား။ ဒါမှမဟုတ်လို့ရှိရင် ဒီ Infrastructure ဆိုတဲ့ ကိစ္စကို ကိုယ့်ဟာနဲ့ကိုယ် create လုပ်ပြီးတော့ ဖန်တီးပြီးတော့ လုပ်ဖို့ကော အဆင်မပြေနိုင်ဖူးလား။

ကိုသာသာ – တချို့ အပိုင်းတွေကတော့ လုပ်လို့  ရနိုင်ပါတယ်။ တချို့အပိုင်းတွေကတော့ လုပ်လို့မရနိုင်ဘူး။ ဥပမာ – ငါးထောင်တန်ဖုန်းကိစ္စမျိုး  ဒါလုပ်လို့မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေ ကြောင်းအရရော နောက်နည်းပညာ ပိုင်းအရရော တကယ်တိတိကျကျရှိမှ  အဆက်အသွယ်ရှိမှ  ဥပဒေက ခွင့်ပြုမှ လုပ်လို့ရတာ ရှိသလို တခြား Infra တွေ လုပ်လို့ရတာတွေ ရှိပါတယ်။  ကျွန်တော် ဥပမာ ပြောရရင် ကိုထူးမြင့်နောင်ရဲ့  Offline Software Distribute လုပ်တဲ့ ပုံစံမျိုးပေါ့။ ဖုန်းဆိုင်တွေကို သူဘယ်လို distribute လုပ်သွားသလဲ  ။ သူလည်း မရှုံးအောင် ၊ သူ့ software ကို ခိုးလို့လည်း မရအောင် ဒီလိုပဲ တီထွင် ကြံဆ နည်းလမ်းရ  Innovative ဖြစ်တဲ့ နည်းလမ်းတွေ သုံးလာတာပေါ့။ အဲဒီလိုမျိုး survive လုပ်လို့တော့ ရတယ်။ ဒါပေမယ့် တကယ် innovative ဖြစ်ဖို့လိုတယ်။ တကယ်လည်း နည်းပညာအားဖြင့် ကျွမ်းကျင်ဖို့လည်း လိုလိမ့်မယ်။  အဲဒီလိုမျိုး ကိုယ်ဟာကိုယ် Infra တွေ ဆောက်လို့ရတဲ့ နည်းတွေရှိတယ်။ ဒါပေမယ့် ခုနတုံးကလို  Government Control အရမ်းကို multi-million dollar invest လုပ်ရမယ့် infra မျိုးကြတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါမျိုးကြရင်တော့ ခက်ခဲပါတယ်။

သီဟ – ကျွန်တော် မေးခဲ့တဲ့ မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားမှာ ရှိနေကြတယ်။ ရောက်နေကြတယ်။ ဟိုမှာ စုမိဆောင်းမိ ဖြစ်တယ်။ နောက် ဒီမှာ ပြန်ရင်းနှီးမြှတ်နှံ လိုကြတယ်။ ဒါကတစ်ပိုင်းပါ နောက်တစ်ပိုင်းက လုံးဝ အစိမ်းသက်သက် နိုင်ငံခြားသားတွေ ဒီမှာလာပြီး ရင်းနှီးမြှတ်နှံဖို့ တာဆူနေကြတယ်။ အဲဒီလို ရင်းနှီးမြှတ်နှံမှု ပုံစံနှစ်ခုရဲ့ ကွာခြားချက်က ဘာတွေ ရှိနိုင်သလဲ။ ရှင်အောင်ပြောရရင် ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အစိမ်းသက်သက် နိုင်ငံခြားသားတွေ ရင်းနှီးမြှတ်နှံကြတဲ့အခါ ကွာခြားချက်တွေ အပေါ် အမြင်ကို သိချင်ပါတယ်။

ကိုသာသာ – ကျွန်တော် ပထမဦးဆုံး မြန်မာလူမျိုးက ပြောမယ်ဆိုပါတော့။ နိုင်ငံခြားမှာရှိတဲ့ မြန်မာလူမျိုးတွေ ဘယ်လောက် ချမ်းသာလဲကို ကျွန်တော်တို့ ကြည့်ဖို့ လိုပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်လို့ ဒေါ်လာ သုံးထောင်လောက်ရတဲ့ သူတစ်ယောက်၊ ဒေါ်လာ တစ်ထောင်လောက် စုဖို့ တော်တော ်ခက်ပါတယ်။ ကြာလေလေ ပိုခက်လာလေလေ ပါပဲ။ နောက်ဆုံး အကြွေးတောင် တင်သေးတယ်။ အိမ်ဝယ်၊ ကားဝယ်၊ ပစ္စည်းဝယ် အကြွေးတောင် တင်သေးတယ်။ အဲဒီတော့ တကယ် စုမိဆောင်းမိ ဘယ်လောက် ရှိနိုင်လဲ။ ဆယ်နှစ်လောက် စုဆောင်းထားတဲ့ တစ်ယောက်ဟာ ရှိတယ်တဲ့ ဒေါ်လာငါးသိန်းပေါ့ဗျာ။ ဒေါ်လာငါးသိန်းဆိုတာ မြန်မာငွေနဲ့တွက်ရင် ကျွန်တော် တစ်ထောင်နှုန်းနဲ့ တွက်ဦးတော့ သိန်းငါးထောင်ပဲရှိတယ်။ သိန်းငါးထောင် ဆိုတာ ရန်ကုန်မြို့ထဲမှာ လုပ်ငန်းတစ်ခုလုပ်ဖို့  ခြံကွက်တစ်ကွက် ဝယ်လို့ မရဘူး။ ဟုတ်တယ်မဟုတ်လား  ကျွန်တော် ဘာလုပ်ငန်း လုပ်မှာလဲ ပေါ်မှာ မူတည်တယ်။ သူမှာ ပိုက်ဆံရှိလား ဆိုတော့ တကယ် သူမှာ ပိုက်ဆံ မရှိတာ။  အဲ သိန်းငါးထောင်ဟာ သူ့ဘဝစာ တဘဝစာ၊ ဆယ်နှစ်လုံးလုံး သူစုထားတဲ့ ပိုက်ဆံ ပေါ့။ ဒီမှာ လာလိုက်ရင် အဲဒီ သိန်းငါးထောင်က ပလုံကနဲ နေပြီးပျောက်သွားမယ်။ ခဏလေးပဲ ကုန်သွားနိုင်တဲ့ ပိုက်ဆံတွေပဲ။

ဥပမာဗျာ သိန်းငါးထောင်နဲ့ ကားလုပ်ငန်းလုပ်မယ် ဘယ်လောက် ရင်းနီး မြုပ်နှံဖို့ လိုသလဲ။ ဆိုင်ခန်း တစ်ခန်း ငှားရင် ဘယ်လောက် ကုန်သလဲ။ ဘယ်လောက် ကြာကြာ run လို့ရသလဲ။ အဲဒီဟာမျိုးတွေက တကယ် တွက်ချက်ဖို့ကြတော့ ခက်တယ်။  ကျွန်တော်တို့ သူများ နိုင်ငံမှာသွားပြီး ဝန်ထမ်း လုပ်တာ၊ သူများ နိုင်ငံမှာ သွားပြီး သူဌေးလုပ်လာတာ မဟုတ်ဘူး။ တကယ် သူများ နိုင်ငံမှာ သွားပြီး သူဌေးဖြစ်နေတဲ့သူကလည်း မြန်မာပြည် ပြန်လာစရာ အကြောင်းမရှိဘူး။ ဟိုမှာ သူမှာ အောင်မြင် ကျော်ကြား သူဌေးဖြစ်နေပြီပဲ။ ဝင်ငွေကောင်းနေပြီပဲ။ ဒီကို ဘာလို့ ပြန်လာလုပ်စရာလို့သေးလို့လဲ။

ပြန်လာလုပ်ချင်တဲ့လူတွေ က လူလတ်တန်းစားတွေပေါ့။ ဟိုကို Work Permit နဲ့ တလကို ရှစ်ရာလောက်ရတဲ့ လူတွေ မြန်မာပြည် ပြန်လာလုပ်စားဖို့ မလွယ်ပါဘူး။ အဲဒီတော့ နှစ်ထောင် သုံးထောင် လောက်ရတယ် ဆိုတော့ သူက အကွက်လေးကလည်း မြင်နေပြီ။  ပညာကလည်း တက်တယ်။ ဒါပေမယ့် သူမှာရှိတဲ့ စုမိဆောင်းမိလေးကို ပုံအောပြီး လောင်းလိုက်ရတာ။ အဲဒီလိုနည်းလမ်းမျိုးလည်း ဒီမှာလုပ်ပြီး ကြိုးစားရတာ မဖြစ်နိုင်ပါဘူး။

နိုင်ငံခြားသားတွေရဲ့ အပိုင်းကို ဆက်ပြောပါ့မယ်။ တချို့တွေက public company လိုဟာမျိုး အစကတည်း က လုပ်ထားတာမျိုးရှိပါတယ်။ အဲဒီတော့ သူတို့တွေကြတော့ သူများ စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ အားလုံးစုထားတဲ့ ပိုက်ဆံ နဲ့ လုပ်တဲ့ အခါကြတော့ အရှုံးနည်းတာပေါ့။ ရှုံးရင်လည်း ခံနိုင်ရည်ရှိတာပေါ့။ ​မြန်မာပြည်ထဲမှာ ရှိတဲ့ သူတွေ အစုအဖွဲ့နဲ့ လုပ်နေတာတွေ ရှိတယ်။ Hotel လုပ်ငန်းတွေ နိုင်ငံခြားသား အားကိုးလားဆိုတော့ နိုင်ငံခြားသားမဟုတ်ဘူး မြန်မာပြည်ထဲက စုံတွဲတွေနဲ့ တင် အလုပ်ဖြစ်နေတဲ့ သူတွေရှိတယ်။ အဲဒီလို Hotel တွေက အစုအဖွဲ့နဲ့ လုပ်တယ်။ Hotel သုံးလေးခုကို အတူတူ ဝိုင်းလုပ်ကြတယ်။ ဒီလုပ်ငန်း ရှုံးသွားလည်း ပြဿနာ မရှိဘူး။ လူဆယ်ယောက်လောက် ပေါင်းလုပ်တာ ဖြစ်တာအတွက်ကြောင့် တစ်ယောက် တစ်ယောက် ထည့်တဲ့ ပိုက်ဆံ နည်းနည်းလေးပေါ့။ ဒီလိုလုပ်တဲ့ ပုံစံမျိုး နိုင်ငံခြားမှာလည်း လုပ်တယ်။ နိုင်ငံခြားသားကလည်း ဒါကို လုပ်တက်တယ်။

မြန်မာပြည်ထဲကို ပြန်ဝင်လာချင်တဲ့သူက အဲဒီလို အမြင်မျိုး၊ အဲဒီလိုလုပ်နိုင်တဲ့ Capabilities မျိုး သူတို့မှာ မရှိကြဘူး။  အဲဒီလို ကွာခြားချက်တွေ ရှိနေတယ်လို့ ကျွန်တော် မြင်ပါတယ်။

သီဟ – ဟုတ်ကဲ့ဗျ။ အဲဒီလို ရင်းနှီးမြှတ်နှံကြတဲ့ အပေါ်မှာ တစ်ခြားအပိုင်းတွေလဲ အများကြီးရှိဦးမယ် ထင်ပါတယ်။ ဘယ်လို အခက်အခဲတွေ ရှိနေနိုင်ပါသလဲ။

ကိုသာသာ – တစ်ခြားအပိုင်းဆိုရင် လုပ်ငန်း သဘောကို ပြောရပါမယ်။ ဒီမှာလာပြီး လုပ်ငန်း တစ်ခုခု လုပ်မယ်ဆိုရင် အများအားဖြင့် ကိုယ်အကျိုးကျေးဇူးရဖို့ လာလုပ်ကြတာ များတယ်။ အဲဒီလို လုပ်ကြတဲ့ အတွက်ကြောင့်လည်း နိုင်ငံ မတိုးတက်တာပါ။ လုပ်ငန်းတခုလုပ်တော့ မယ်ဆိုရင် ဒီလုပ်ငန်းမှာ  ကျွန်တော်တို့ လုပ်သား ဘယ်နှစ်ယောက် ဝင်လုပ်မှာလဲ။ အဲဒီလုပ်ငန်းအတွက် လုပ်သား ဘယ်နှစ်ယောက် လိုမှာလဲ တကယ့်ကို Industry တစ်ခုကို အကျိုးပြု ပေးမှာလား။ Industry ပေါ်ထွန်းလာမှာလား Industry အတွက် လူတွေ လိုအပ်လာမှာလား။ ဥပမာ အထည်ချုပ်စက်ရုံ  တချို့ စက်ရုံ တစ်ခု ထောင်လိုက်ရင် လူဘယ်နှစ်ယောက် အလုပ်ရမှာလဲ။ ဘယ်လို စားဝတ်နေရေး လူဘယ်နှစ်ယောက် ပြေလည်သွားမှာလဲ။ အဲဒီလိုမျိုး လုပ်ငန်း အကျိုးအမြတ်တွေကိုလဲ ထည့်သွင်း တွက်ချက် လုပ်ကိုင်သင့်တယ်လို့ မြင်ပါတယ်။ အဲဒီအပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတွေမှာလဲ ရင်းနှီးမြှတ်နှံသင့်ပါတယ်။

ဒါပေမယ့် နိုင်ငံခြားက လာတဲ့သူက အဲဒီလောက် လုပ်ဖို့ အစီအစဉ် တွေနဲ့ လာကြတာ မဟုတ်ကြဘူးဗျ။ ခွင်ကောင်းကောင်း နဲ့ တွေ့မယ်။  ဘယ်လောက် လုပ်လိုက်မယ်။ ပိုက်ဆံဘယ်လောက် ရမယ်။  ဘယ်လို အဆက်အသွယ်ရှိမယ်။  ဒါမျိုးတွေကို သူတို့ အားထား ကြတာ များတယ်။ တကယ် အတက်ပညာ  နည်းပညာနဲ့ တကယ် ရည်ရွယ်ချက် ကြီးကြီးနဲ့ ငါးနှစ်၊ ဆယ်နှစ် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ဘယ်သူမှာ မှ မရှိကြဘူး။ နှစ်နှစ် လောက် အတွင်း သူဌေး ဖြစ်ဖို့ စိတ်ကူးကြတယ်။ နောက်သူများတွေတောင် ဖြစ်သွားတာပဲ။ ငါလည်း ဖြစ်နိုင်တယ်လို့ တွေးကြပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ရှိတဲ့ သူတွေက အလိုလိုနေရင်း အိမ်ခြံမြေ စျေးတက်နေတော့ သူဌေးဖြစသွားကြတယ်။ နိုင်ငံခြားမှာ သွားလုပ်တဲ့သူက သူဌေးမဖြစ်ပဲ ပြန်လာရတာများပါတယ်။

သီဟ – နောက်တခုပေါ့နော်  ကျွန်တော်တို့ အပြင်မှာ သွားအလုပ်လုပ်နေတဲ့ သူတွေရှိတယ်။  ပြည်တွင်းမှာ အလုပ်လုပ် နိုင်နေတဲ့သူတွေရှိတယ်။ သူတို့တွေကော ပူးပေါင်းလုပ်လို့ မရနိုင်ဘူးလား။

ကိုသာသာ – ကျွန်တော်တို့ ယုံကြည်မှုတွေ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ဖို့ လိုပါတယ်။

သီဟ – အဲဒီလို ယုံကြည်မှု အနေအထားတွေကရော ဘယ်လို ရှိပါသလဲ။

ကိုသာသာ – အဲဒါကြတော့ လူပေါ်မူတည်မယ် လို့ ကျွန်တော်ထင်တာပဲ။  လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် ရင်းနှီးကြလဲ၊ ဘယ်လောက် ယုံကြည်မှု ရှိဖို့လိုသလဲ။ အဲဒါတွေ လိုပါမယ်။ ကျွန်တော် အခုနောက်ပိုင်း မြန်မာပြည် လာလိုက်သွားလိုက် လုပ်တဲ့ အခါ  ကျွန်တော်တွေ့တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့  လူတွေရဲ့ အရည်အသွေး တဖြည်းဖြည်း ပိုနိမ့်ကျလာတယ်လို့ ခံစားရတယ်။ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်  ကတိ မတည်နိုင်ကြတော့ ဘူး။ ကတိမတည်တာကိုလည်း ပြဿနာ မဟုတ်ဘူးလို့ ယူဆကြတယ်။

ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်တယ်။ ဒီကိစ္စလေး တစ်ခု ကိုယ် ကတိပေးထားတဲ့ ကိစ္စ လေး တခုကို မပြီးရင် ကျွန်တော် ရုံးက မပြန်နိုင်ဖူး။ မပြီးရင် ဒီအလုပ်ကို ကျွန်တော်လုပ်နေတာကို ရပ်တန့်လို့ မရဘူး။  ပြီးအောင်လုပ်ဖို့ ကျွန်တော် မှာ ရည်ရွယ်ချက် ထားရတယ်။ အဲဒီအလုပ်ကိုလည်း ဂုဏ်တစ်ခု အနေနဲ့ မာနတစ်ခု အနေနဲ့ထားကြတယ်။ အဲဒီ ပတ်ဝန်းကျင်ကို ရောက်တဲ့ အခါ အဲဒီလို ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးက အဲဒီလို စိတ်ထားကြတာကိုး။

မြန်မာပြည်မှာ ကြတော့ အဲဒီလို မဟုတ်တော့ဘူး။ မပြီးတော့ ထားလိုက်တော့ကွာ။ နောက်နေ့လုပ်လို့ ရတာပဲ။ ဒါမျိုးလေးတွေ ဒါလေးက အရေးမပါတဲ့ ကိစ္စ တစ်ခု ဖြစ်ပေမယ့်  လူတစ်ဦးချင်းစီရဲ့ အရည်အသွေးကို ပြောင်းလဲ စေတဲ့ဟာလေးတွေ အသေးအမွှားလေးတွေပေါ့။

နောက်ပြီးတော့ ယုံကြည်ချက် တည်ဆောက်တဲ့ နေရာမှာလည်း အဲဒါ အရမ်း အရေးကြီးတယ်။ ဒီလူက မပြီးတော့ မပြီးဘူး။ တညလုံး မအိပ်မနေ လုပ်ပေးလိုက်တယ်။ နောက်နေ့ မနက်ပြီးသွားတယ်။ ဒါလက်ခံ နိုင်တယ်။ ဒီနေ့ မနက်မပြီးဘူး။ နောက်နေ့ နှစ်ရက် လောက်မှ ရောက်လာတယ်။ အဲဒါမျိုးက လူပေါ်မှာ မူတည်ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ လူတွေ တဖြည်းဖြည်းနဲ့ အဲဒီလူတွေ ဖြစ်လာတာတွေ  တွေ့ရတယ်။

စည်းကမ်းအားဖြင့် လည်း ထိုနည်းလည်းကောင်းပေါ့နော်။ အခု ကျွန်တော် နေ့တိုင်းတွေ့နေရတာ ဆိုရင် မီးပွိုင့်မှာ မီးနီလည်း ဖြတ်မောင်းဖို့ ကြံနေတဲ့ ကားတွေလည်း အများကြီးပဲ။ စည်းကမ်းလေး အားလုံးလိုက်နာ လိုက်ရင် အဆင်ပြေမယ့် ကိစ္စကို စည်းကမ်း ဖောက်ဖျက်လည်း အလွယ်တကူ ရတယ် ဆိုပြီး စိတ်ထဲမျာ ထင်လာကြတယ်။

အဲဒီဟာလေးတွေက တကယ်တော့ Fundamental Flaw တွေဖြစ်လာတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဆီမှာ လူတော့ ပေါတယ်။ အရည်အချင်းရှိတဲ့ သူ ရှားလာတယ်။  အဲဒီဟာက တကယ် ပြဿနာပဲ။  စက်မှုလက်မှု လုပ်ငန်းတစ်ခု တည်ထောင်မယ်။ ကျွန်တော်မှာ  ကျွမ်းကျင် လုပ်သားမရှိရင် ဒီလူတွေ ပုံပေးလည်း ဘာမှလုပ်လို့ မရဘူး။

နိုင်ငံခြား ရင်းနှီးမြုပ်နှံသူလာမယ်။ မြေကွက်တစ်ကွက် ဝယ်ဖို့ကြည့်လိုက်တယ်။ စက်မှုဇုန်မှာ မြေကွက် တစ်ကွက် ဝယ်ချင်တယ်။ သိန်းထောင်နဲ့ချီ သောင်းနဲ့ချီပေးဝယ်ရတယ်။ ဒါလည်း အဓိပ္ပါယ်မရှိပြန်ဘူး။ အဲဒီအတွက် ဝန်ထမ်းခန့်ဖို့ ကြည့်တော့လည်း  ဝန်ထမ်းတွေ Train လုပ်ဖို့ နောက်နှစ်နှစ်လောက် ကြာဦးမယ်။ ဒါလည်း အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီဟာတွေကို မဖြတ်သန်းရဖူးဆိုလာတော့ ဒါတွေကို ဖြတ်သန်းရမှာပဲ။ တစ်ယောက်ယောက်ကတော့ လှူဒါန်းသလိုမျိုး အရင်းအနှီးကို လုပ်လိုက်ရမှာ အဲဒါကို ဘယ်သူလုပ်မှာလဲ။ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြုပ်နှံသူက လုပ်မှာလား။ အစိုးရက လုပ်ပေးမှာလား ဘယ်သူလုပ်ကြမှာလဲ ဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

သီဟ – နောက် ကျွန်တော် မေးချင်တာ တစ်ခုက ပြည်တွင်းမှာ အလုပ်လုပ်နေသူတွေ၊ ပြည်ပက ရင်းနှီးမြှတ်နှံဖို့ အလုပ်လုပ်ဖို့ တာစူနေသူတွေမှာ အမြင်တွေ Perspective တွေ အတော်လေးကို ကွဲပြားခြားနားကြတာ တွေ့ရပါတယ်။ အဲဒီလို အပေါ်မှာရော ဘယ်လိုမြင်လဲဆိုတာ သိချင်ပါတယ်။

ကိုသာသာ – အဲဒါ ဖြစ်နိုင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ စီးပွားရေးကို ဒီမှာ တကယ် အောင်မြင်အောင် လုပ်နေတဲ့ သူတွေ အမြင်မျိုး ကျွန်တော်မှာ မရှိပါဘူး။ နိုင်ငံခြားက လူမှာလည်း ရှိဖို့ ခဲယဉ်းပါတယ်။ ခုနတုံးကလို နိုင်ငံခြားကလာတဲ့ သူက assumption တွေရှိတယ်။ သူတို့ကို တခါတည်း မသိလိုက် မသိဖာသာနဲ့ ဒါတော့ ရှိပါတယ် ဆိုပြီး Neglect လုပ်ပြီး assume လုပ်လိုက်တဲ့ အချက်လေးတွေရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒါတွေ မှားယွင်းနေတာမျိုးတွေ မရှိတာတွေ ဖြစ်နေပါတယ်။

နောက် နိုင်ငံတကာ နဲ့ ပတ်သတ်လို့ ကျွန်တော့ ကိုယ်ပိုင် အတွေ့အကြုံကို ပြောရရင်တော့ UK မှာရှိတဲ့ Gameloft ဆိုတဲ့ ကုမ္ပဏီက အရာရှိတစ်ယောက် နဲ့ ကျွန်တော် စကားပြောဖူးပါတယ်။ သူကို စင်္ကာပူက မိတ်ဆွေ တစ်ယောက်က မိတ်ဆက် ပေးတာနဲ့ သူက မြန်မာပြည် အကြောင်း မေးချင်တယ်ဆိုတော့ ရပါတယ် မေးပါဆိုပြီး Gtalk ပေါ်ကနေပဲ Online ကနေ ကျွန်တော်မေးတော့ ကျွန်တော် ပြောဖြစ်ပါတယ်။

ကျွန်တော် အနေနဲ့ကြတော့ အခက်တွေ့ရတဲ့ အပိုင်းကြတော့ ကိုယ်နိုင်ငံ အတွက် မြန်မာပြည်မှာ ရှိတဲ့ သူတွေ အတွက် လုပ်ပေးချင်တယ်။ ကျွန်တော် လုပ်ပေးဖို့ အခွင့်အရေးလည်းရှိလာတယ်။ ဒါပေမယ့် ကျွန်တော် လိမ်ရမယ့် အနေအထားမျိုး တွေရှိတယ်။ ကျွန်တော် အမှန်အတိုင်းပြောရမလား လိမ်ရမလား ဆိုတာပေါ့။

သူကဘာမေးလဲ ဆိုတော့ မြန်မာပြည်မှ Gameloft ကနေ Studio တစ်ခုဖွင့်ချင်တယ်။ Game Studio ဖွင့်ချင်တယ်။ မြန်မာပြည်မှာရှိတဲ့ Java Programmer တွေ C++ Programmer တွေ သုံးချင်တယ်။ အဲဒီတော့ မြန်မာပြည်ကို သူလာဖို့ စိတ်ကူးတယ်။ သူ့ Management က ဒါကိုသိချင်တဲ့ အတွက်ကြောင့် သူကလည်း မြန်မာအရာရှိ ဖြစ်တဲ့ အတွက်ကြောင့် ကုမ္ပဏီက ခိုင်းတယ်။ သူက Management ကို Suggestion ပေးရမယ်။ သူတို့က Vietnam မှာလည်း Game Studio ဖွင့်ထားတာ ရှိတယ်။ မြန်မာပြည်မှာလည်း Game Studio ဖွင့်မယ်။ မြန်မာပြည်မှာ Game Studio ဖွင့်ရင် မြန်မာပြည်က IT သမားတွေ အလုပ်ရမယ်။

အင်းကောင်းတာပေါ့နော် သူတို့ ဂိမ်းလုပ်တဲ့ အရမ်း ပိုက်ဆံရှိတဲ့ Company ကြီးပဲ။ အလုပ်ရမယ်။ တဖြည်းဖြည်းလူတွေ အတွေ့အကြုံရမယ်။ အဲဒီတော့ ကျွန်တော် အသာလေး လိမ်လိုက်လို့ရတယ်။ ဟာကောင်းတယ် လာခဲ့ပေါ့။ ဒီကို အရမ်း ပွင့်လင်းနေပြီ။ အရမ်း အဆင်ပြေနေပြီ။ ဒါပေမယ် ကျွန်တော် အဲဒီလိုလည်း ပြောလို့ မရဘူး။ အဲဒီလိုပြောရင် ကျွန်တော် လိမ်လိုက်ရင် ဒီမှာလာလုပ်လို့ ရှိရင် ဒီကောင် ငပေါကြီး ဖြစ်ပြီ။

အဲဒီတော့ အမှန်အတိုင်းပြောကြတဲ့ အခါကြတော့လည်း ရင်နာဖို့ ကောင်းတယ်။ ဒါပေမယ့် ကျွန်တော် အမှန်အတိုင်း ပြောပြပါတယ်။ သူတို့ ယူဆထားတဲ့ assumption တွေ အင်တာနက်ရမှာလား။ သူက remote manage လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် အင်တာနက် ကွန်နက်ရှင် ကောင်းဖို့ လိုတယ်။ Teleconference လုပ်မယ် Video Conference လုပ်မယ်။ မဖြစ်နိုင်ပါဘူး။ ဒီမှာလုပ်ပြီးသား code တွေကို asia ရဲ့ repository သော်လည်းကောင်း Gameloft ရဲ့ တနေရာရာမှာ ဖြစ်ဖြစ် commit လုပ်ခိုင်းမယ်။ မဖြစ်နိုင်ပါဘူး အရမ်းခက်ပါတယ်။ အဲဒီတော့ အဲဒီပြဿနာကို သူတို့ မသိပါဘူး။ တော်တော် ရှင်းပြရတယ်။

အဲဒီဟာကို နောက်ဆုံး ဘာဖြစ်သွားလဲဆိုတော့ ဟိုတလော ကျွန်တော်ထင်တယ် ကြေညာ တွေ့မယ် ထင်တယ်။ Vietnam မှာလုပ်ဖို့ မြန်မာပြည်က programmer တွေ တော်တော် အလုပ်ခေါ်သလား မသိဘူး။ ကျွန်တော် တွေ့မိတယ်။ အဲဒီတော့ သူတို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ Vietnam မှာ infrastructure ရှိတဲ့အတွက်ကြောင့် Vietnam မှာလုပ်မယ်။ မြန်မာပြည်ကလူတွေကို အဲဒီမှာ ခေါ်ပြီးတော့ အလုပ်ခန့် အဲဒီမှာ အဆင်ပြေလိမ့်မယ်။ နောက်တစ်ချိန် မြန်မာပြည် ပြန်ရောက်လာလို့ရှိရင် ဒီလူတွေ မြန်မာပြည် ပြန်ခေါ်လာလို့ ရပြီ။ အဲဒီတော့ အဲဒီလိုမျိုး ဆုံးဖြတ်လိုက်ပုံရတယ်။ ကျွန်တော် သေချာတော့ ပြန်မမေးဖြစ်သေးဘူး။

သီဟ – အဲဒီလို နည်းပညာ ကုမ္ပဏီတွေအတွက် အင်း … ပြောရရင် ခုခေတ်မှာ ဘယ်ကုမ္ပဏီမဆို အင်တာနက်၊ ဆက်သွယ်ရေး နည်းပညာ စတဲ့ အပိုင်းတွေနဲ့ ထဲထဲဝင်ဝင် ပတ်သက်နေတာ ဆိုတော့ အဲဒီ infrastructure တွေ တည်ဆောက်ပေးဖို့ တာဝန်ရှိနေတာ သေချာနေတာပေါ့။

ကိုသာသာ – အခုအစိုးရအသစ်ဟာ အမှန်အကန်လားဆိုတော့ တကယ်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အရင်တုံးက မလုပ်တဲ့ ပြောင်းလဲမှုမျိုးတွေပါပဲ။ လုံလောက် သလား၊ မှန်ကန်သလား ဆိုတာကတော့ ကျွန်တော်တို့ ထိန်းကျောင်း ပဲ့ပြင်ပေးဖို့ လိုတာမျိုးတွေ ရှိတာပေါ့။ အခု ရန်ကုန်မြို့ကြီးကို စင်္ကာပူကဲ့သို့ ဖြစ်အောင် လုပ်မယ်ပေါ့နော်။ ကျွန်တော် အထင်တော့ စင်္ကာပူပဲရောက်ဖူးလို့ ပြောတယ်ထင်တာပဲ။ အင်ဒိုနီးရှားလို နေရာမျိုး ရောက်ဖူးသလား။ ဖိလစ်ပိုင်လို နေရာမျိုး ရောက်ဖူးသလား။ အင်ဒိုနီးရှားက မြို့တော်ကိုပဲ ရောက်ဖူးတာလား။ ရွာစွန် ဇနပုဒ်နေရာကော ရောက်ဖူးသလား။

အင်ဒိုနီးရှားက ရွာစွန် ဇနပုဒ်နေရာက မီးလာပါတယ်။ Cell Phone ပြောလို့ ရပါတယ်။ အင်တာနက် သုံးလို့ရပါတယ်။ တစ်နိုင်ငံလုံး အနေနဲ့ သုံးလို့ရတာ။ အရမ်းဝေးပြီးတော့ ၆ နာရီလောက် မော်တော်ဘုတ်စီးရတဲ့၊ ၁၂ နာရီလောက် မော်တော်ဘုတ် စီးမှရောက်တဲ့ အင်ဒိုနီးရှားရဲ့ အရမ်း အလှမ်းဝေးတဲ့ ကျွန်းလေးတွေက အစ အင်တာနက်ရှိတယ်။ ဖုန်းရှိတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုးတက်တာပါ။ မြို့ကြီးပြကြီး တစ်ခု တည်း အနေနဲ့ တိုးတက်တာ မဟုတ်ပါဘူး။ မြန်မာပြည်က ကျွန်တော်တို့ဆီမှာရှိတဲ့ ပိုက်ဆံကို ရင်းနှီးမြုပ်နှံကြမယ်ဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ Budget ကိုသုံးစွဲကြမယ်ဆိုရင် တံတားကြီးတွေ ဆောက်၊ လမ်းကြီးတွေဖောက် အဲဒါထက် ရွာစွန် ဇနပုဒ်မှာ communication ကို အရင်လုပ်ပေးသင့်ပါတယ်။ Communication နဲ့ သတင်းအချက်အလက် ရလာရင် လူတွေရဲ့ အကြံဉာဏ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

သီဟ – အဲဒီ အပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် အတွေးထဲဝင်လာတာ တစ်ခု ပြောချင်ပါတယ်။ Budget ကိစ္စ ပေါ့။ Budget ကို ပညာရေးအတွက် ချထားတာ ရှိပါတယ်။ အဲဒါကိုတော့ နည်းတယ်လို့ လူတွေ ပြောနေကြပါတယ်။ ဒါပေမယ့် IT ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် Budget ဆိုတာ မတွေ့ပါဘူး။ အဲဒီလို infrastructure ပိုင်းတွေအတွက် Budget ဆိုတာလဲ မတွေ့ရသေးပါဘူး။ Budget Allocation မပါသေးပါဘူး။ ဒါကတော့ အစိုးရအပိုင်းပါ။ နောက်တစ်ပိုင်းက NGO တွေရဲ့အပိုင်း၊ နည်းပညာ ကုမ္ပဏီကြီးတွေအပိုင်း အဲဒီအပိုင်းတွေ အနေနဲ့ အဲဒီလို အပိုင်းတွေမှာ စုဖွဲ့ပြီး ဆောင်ရွက်ကြတာမျိုးတွေ မတွေ့ရသေးပါဘူး။ အစိုးရကလဲ မလုပ်သေးဘူးဆိုရင်တောင် အဲဒီလို အပြင်ဖက်က အဖွဲ့အစည်းတွေ အနေနဲ့ လုပ်လို့ မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် အစိုးရကသာ ဖြည့်စည်းပေးသင့်တဲ့ အပိုင်းတွေလား။

ကိုသာသာ – ကျွန်တော်ကတော့ Infra နဲ့ပတ်သတ်လို့ တခြားနိုင်ငံမှာ NGO ကလုပ်တာ ကျွန်တော် မတွေ့ဖူးပါဘူး။ ကုမ္ပဏီကနေပြီး စီးပွားဖြစ်လာလုပ်တာတော့ ကျွန်တော် တွေ့ဖူးပါတယ်။ အဲဒီတော့ ဥပမာ ထားပါတော့ ကျွန်တော်တို့ Cell Tower တွေဆောက်တယ်။ မြန်မာ တယ်လီပို့က ဆောက်မယ့် အစား တခြား ကုမ္ပဏီတခု ကိုပေးလိုက်ပြီးတော့ ဆောက်ခွင့်ပေးလိုက်ရင် ဆောက်သွားပါလိမ့်မယ်။

သူ့မှာ ပိုက်ဆံတွေ အများကြီးပဲ။ ဒီနိုင်ငံ မှာရှိတဲ့သူတွေအားလုံးကို Cell Phone သုံးနိုင်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ သူမှာ ပိုက်ဆံတွေ အများကြီးပါ။ ပြီးရင် သူမှာ့ အဲဒီ ပိုက်ဆံတွေ အားလုံးကို သဲ့ယူပါလိမ့်မယ်။ အစိုးရအနေနဲ့ သူတို့ကို ပေးလုပ်ပြီး အခွန်ကို နင့်နေအောင် လုပ်ရင်တော့ ကျွန်တော်ကတော့ ပိုကောင်းမယ်ထင်မိတာပေါ့။ ဒါအစိုးရအနေနဲ့ ခေါင်းရှုပ်လည်း သက်သာသွားတယ်။ နိုင်ငံခြားမှာ ရှိတဲ့ Company ရဲ့ ပိုက်ဆံ တကယ် Flow ဖြစ်လာမယ်။ ဒါပေမယ့် ဒီပိုက်ဆံကို ပြန်သယ်သွားဖို့တော့ ကျွန်တော်တို့ ခွင့်ပြုရလိမ့်မယ်။ အခွန်ကိုတော့ နင့်နေအောင် ကောက်ရလိမ့်မယ်။

သီဟ – အဲဒီနေရာမှာလဲ ကျွန်တော်တို့ဆီက အစိုးရ အခြေပြု ကော်ပိုရေးရှင်းကြီးတွေမှာ အရင်တုန်းက ရှိခဲ့တဲ့ ရှိနေတဲ့ လုပ်ထုံးလုပ်နည်း သဘောတရား ပုံစံရယ်၊ နောက်တစ်ဖက်မှာ အလုပ်ဖြစ်အောင် သွားရမယ့် ပုံစံ နှစ်ခုကြားမှာ Clash ရှိနေတယ်လို့ မြင်တယ်ဗျ။ အရင်တုန်းက အစိုးရကပဲ ချုပ်ကိုင်ပြီး Infrastructure တွေကို အကြီးကြီးတွေကို ကိုင်ထားတယ်၊ အခုအချိန်မှာကြတော့ speed လိုလာပြီ။ efficiency လိုလာပြီ၊ ပြောရရင် ပြောင်းလဲဖို့ လိုလာပြီ။ ဒါပေမယ့် အဲဒီလို အလိုက်သင့် ပြောင်းလဲနိုင်ဖို့ Shock ရှိနေပုံရပါတယ်။

ကိုသာသာ – ဟုတ်ပါတယ်။ ဒါလဲ အမှန်တရားပါပဲ။ အဲဒီလို Clash ကနေဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုး တစ်ခုကို ပြောရမယ်ဆိုရင် ဝန်ထမ်းရေးရာ၊ အဲဒီလို ပြောင်းလဲလိုက်ပြီး ဝန်ထမ်းတွေကို ဖြုတ်ပစ်လိုက်ရမှာလား။ စဉ်းစားစရာ အချက်တွေ Clash တွေ ရှိနေပါတယ်။

သီဟ – အဲဒီအပြင် နောက်တစ်ခုက သူတို့အနေနဲ့ infrastructure တွေ တည်ဆောက်နေတယ်။ အဲဒီလို infra တွေမှာ ပြည်ပက ဝင်လာရင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာ မဟုတ်တာ သေချာနေပါတယ်။ သေချာပါတယ်။ ကျိန်းသေပေါက် ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ အဲဒီလို အနေအထား အတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာလဲ ပြသနာတွေ ရှိနေတယ်လို့ မြင်ပါတယ်။

ကိုသာသာ – ကျွန်တော့ အမြင်အရ ယှဉ်ပြိုင်ရမှာထက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။

သီဟ – အဲဒီလို ပူးပေါင်းဆောင်ရွယ်မယ် ဆိုပြန်တော့လဲ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုနဲ့ ပူးပေါင်းဖို့ မလွယ်ပါဘူး။ Exit တစ်ခုခုကို သေသေချာချာ မရွေးခဲ့ဘူးဆိုရင် နောက်တစ်ချိန်မှာ အာရှ စီးပွားရေး ပျက်ကပ်က သင်ခန်းစာမျိုးတွေ ထပ်လာနိုင်စရာ ရှိနေပါတယ်။ ကိုယ်က exit strategy တစ်ခုခုကို သေသေချာချာ မရွေးခဲ့ဘူးဆိုရင် နောင်ပိုင်းမှာ ပြသနာတွေ တက်လာမယ်လို့ ကျွန်တော် မြင်ပါတယ်။

ကိုသာသာ – တကယ်တန်းတော့ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ အပိုင်းမှာလဲ ကိုသီဟ ပြောသလို ပြသနာတွေ ရှိနေပါတယ်။ ပူးပေါင်းလိုက်တာနဲ့ အဆင်ပြေမယ်လို့ ကျွန်တော်တို့ ယူဆကြပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်တာ ခဏထားပါ။ အဲဒီလို ပူးပေါင်းဆောင်ရွက်မှု မပြုခင် အစိုးရ အနေနဲ့ အရင်တုံးကလို ဝန်ကြီးဌာနတွေ corporate တွေအနေနဲ့ အစိုးရအဖွဲ့အစည်းဖွဲ့ပြီးတော့ နိုင်ငံတော်ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကြတဲ့အခါမှာ တကယ်ကောင်းလာလား၊ မကောင်းလာ ဘူးလားကတော့ အခု ကျွန်တော်တို့ ဒီတိုက်ရှေ့ကလမ်းကိုကြည့်ရင်ပဲ သိနိုင်ပါတယ်။

တကယ်လုပ်လား မလုပ်ဖူးလား ဆိုတာ။ Cell Tower တွေထောင်ရတယ်။ အဲဒီ tower ပေါ်မှာ တပ်ထားတဲ့ repeater တွေ ဘယ်နှစ်ခု အလုပ်လုပ်လဲ ကျွန်တော်တို့ မသိပါဘူး။ တကယ်လည်း မသိနိုင်ပါဘူး။ Tower တိုင်ကြီးနားကပ်ပြီး လိုင်းမရတာမျိုးလည်း ရှိတက်ပါတယ်။ ကျွန်တော် မသိတဲ့ Technical ပိုင်းတွေလည်း ရှိရင်လည်း ရှိမှာပေါ့ဗျာ။

ဒါပေမယ့် တကယ် အရည်အသွေးရှိရှိ လုပ်တယ်ဆိုတာ ပိုက်ဆံရရင်တော့ လုပ်ကြပါလိမ့်မယ်။ ဝန်ထမ်းအနေနဲ့ ဒီတစ်ခုအနေနဲ့ ခိုးလိုက်လို့ ရရင် ပိုက်ဆံရမယ်။ ဒီဟာကြီးတစ်ခုလုံး အဆင်ပြေသွားလို့ လူတိုင်းဖုန်းသုံးလိုက်ရင် အဲဒီကရတဲ့ ပိုက်ဆံက အစိုးရရတာပါ။ သူရတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြဿနာတွေကတော့ တကယ်ကြည့်ရင်တော့ အများကြီးပေါ့။ ရေရှည် အချိန်ပြည့် ဖြေရှင်းရမယ့် ဟာမျိုးတွေပေါ့။ အခု အစိုးရလည်း သူတို့ တက်နိုင်သရွေ့ အားလုံး လုပ်နေတာ တွေ့ရတာပေါ့။ အဲဒီတော့ ဘေးကနေ ဘေးထိုင် ဘုပြောနေတဲ့သူတွေလည်း အများကြီးပေါ့။ ဒါပေမယ့် ဒီလိုပဲ ဒူပေဒဏ်ပေခံပြီး ဖြည်းဖြည်းချင်းတော့ လုပ်သွားရမယ့်လို့ မြင်ပါတယ်။

သီဟ – ကျွန်တော် တစ်ခု သတိရမိတယ်။ ဆရာ ဦးနေဝင်းမောင် ရေးခဲ့တာပါ။ လက်ရှိအစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေးအတွက် မြစ်ဆုံ စီမံကိန်းတွေ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့ ကိစ္စတွေမှာ မျက်နှာပန်း အတော်လှတဲ့ အနေအထားကို ရောက်နေပြီ ဒါပေမယ့် ရှေ့လျှောက်မှာ စိန်ခေါ်မှုတွေ အများကြီး ဖြစ်လာတော့မယ်လို့ ခန့်မှန်းတယ်ဗျ။ အဲဒီလို စိန်ခေါ်မှုတွေက ဒါတွေများ ဖြစ်နေမလားလို့ တွေးမိတယ်ဗျ။

ကိုသာသာ – အဲဒီလို စိန်ခေါ်မှုတွေကို အစိုးရအနေနဲ့ ဖြေကို ဖြေရှင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။ လက်ရှိ အစိုးရဟာ အရင် အစိုးရရဲ့ ကောင်းမွေဆိုးမွေ အားလုံးကို ဆက်ခံရမှာပါပဲ။ ဆက်လက် ဖြေရှင်းရမှာပါပဲ။ ဘယ်အစိုးရပဲ တက်တက် မူဝါဒ တစ်ခုပြီး တစ်ခု ပြောင်းနေမယ့် အစား အကောင်းဆုံး တစ်ခုကို ကိုင်ဆွဲပြီး ဆက်တိုက် အကောင်အထည် ဖော်သွားဖို့ လိုတယ်လို့ ကျွန်တော် မြင်ပါတယ်။ နိုင်ငံရေးက နိုင်ငံရေး တစ်လမ်း၊ ပြည်သူ့အကျိုးပြုတဲ့ ဖက်က တစ်လမ်း အရင်အစိုးရက ဒီလမ်းကို လုပ်သွားရင် အဲဒီလမ်းအတိုင်း လိုက်သွားပြီး အကောင်းဆုံး ပုံစံတစ်ခုကို ဖော်ဆောင်သွားဖို့ လိုပါတယ်။ အရင်တုန်းက ဖြစ်ခဲ့သလို ပညာရေးဝန်ကြီး တစ်ယောက် ပြောင်းတိုင်း ပညာရေးစနစ်ပြောင်းတာမျိုးတွေ ကျွန်တော်တို့ မလုပ်သင့်တော့ပါဘူး။ ဒါမျိုးတွေ ရပ်တန့်ဖို့ လိုပါမယ်။

သီဟ – အဲဒီလို စိန်ခေါ်မှုတွေကို သူ့ဟာနဲ့သူ အဆင့်ဆင့် ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ မဖြေရှင်းနိုင်ဘူး ဆိုရင်လဲ public awareness ရှိလာတဲ့ အနေအထားမှာ ကောင်းလာတဲ့ အနေအထားမှာ အဲဒီလို စိန်ခေါ်မှုတွေအတွက် တောင်းဆိုမှုတွေလဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်ခင်ဗျ။

ကိုသာသာ – ကျွန်တော်တို့ အိုင်တီ လုပ်တဲ့ အခါ လုပ်နည်းလေးတွေ ရှိတာပေါ့ဗျာ။ ကျွန်တော် အိုင်တီပဲ တက်တယ်ဆိုတော့ကာ အိုင်တီ အနေနဲ့ပဲ ကျွန်တော်ပြောပါမယ်။ ကျွန်တော်တို့ လုပ်တဲ့ အခါ အလုပ်ကို အများကြီးမလုပ်ဖူး။ ဒီတစ်ခုဆို ဒီတစ်ခုပဲလုပ်တယ်။ အဲဒီတစ်ခုကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ လုပ်တယ်။ အဲဒီတော့ အားလုံးကို ဖြန့်ကျက်ပြီး လုပ်နေမယ့် အစား ပြဿနာတစ်ခုချင်း တစ်ခုချင်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

ဥပမာ – ကျွန်တော်တို့ နိုင်ငံတော် အစိုးရ လုပ်တယ်ပေါ့နော် ။ ဆည်တွေ ဆောက်တယ်။ တံတားတွေ ထိုးတယ်။ တံတားတွေလိုလား မလိုလားတော့ မသိဘူး။ ထိုးတော့ ထိုးတယ်ဗျ။ တံတားတွေလည်း ထိုးတယ်။ ဆည်တွေဆောက်တယ်။ ဆည်ဆောက်တာတော့ ကောင်းတယ်။ အဲဒီ ဆည်နားမှာ ရှိတဲ့ လယ်တွေ ရေမရဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဆယ်ဆောက်တာ အရမ်းလွယ်တယ်။ တောင်နှစ်လုံးကို ပိတ်လိုက်ရင် ဆည်ဖြစ်သွားရော။ မိုးရွာရင် ရေပြည့်သွားမယ်။ အဲဒီ ဆည်ကို လယ်ဆီရောက်အောင် မြောင်းဖောက်ရတဲ့ အလုပ်က အကုန်အကျများတယ်။ အစိုးရက အဲဒီလောက် အကုန်အကျမခံနိုင်ဘူး။

အဲဒီတော့ KPI အားဖြင့်ပေါ့နော် ကျွန်တော်တို့ Key Performance Indicator အားဖြင့် ဆယ်ဘယ်နှစ်ခု၊ လမ်းဘယ်နှစ်ခု တံတား ဘယ်နှစ်စင်း အဲဒီလို ပြချင် ဂုဏ်ယူချင်တဲ့ ဟာလေးတွေ ဖျောက်ဖို့ လိုလာပါပြီ။ ဆည်တစ်ခုပဲ ဆောက်တယ်။ အဲဒီနားမှာ ရှိတဲ့ လယ်တွေ မြေတွေ အကုန်လုံး စိမ်းလန်း စိုပြေသွားတာမျိုး၊ တစ်ခုတည်းကနေ တကယ်ကို effect ဖြစ်တာမျိုးတွေ ကျွန်တော်တို့ ပြချင်တဲ့ အဆင့်ရောက်လာပြီ။

အခု cell phone ပေးတယ်ပေါ့ ကျွန်တော်တို့ ရန်ကုန် တစ်မြို့ထဲကို အားစိုက်ပြီးပေးတယ်ပေါ့။ ရန်ကုန်တစ်မြို့လုံးမှာ Cell phone မရတဲ့နေရာ ၊ cell phone ခေါ်မရတဲ့ ပြဿနာ သူမရှိအောင် ရှင်းပေးသင့်တယ်။ ဒါရပြီး နောက်တစ်မြို့သွား၊ နောက်တစ်မြို့သွား တဖြည်းဖြည်းချင်း လုပ်ဖို့ လိုတာပေါ့။ အဲဒီလို မဟုတ်ပဲနဲ့ တစ်နိုင်ငံလုံး Cell phone ပြောလို့ရရမယ်။ ဒီလိုပဲ ခွင်ရိုက်ပြီး လုပ်တဲ့ဟာတွေလည်း ရှိတယ်။ မျိုးစုံပေါ့။ အဲဒီပြဿနာတွေကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းဖို့ လိုလာတာပေါ့။ ဖြည်းဖြည်းချင်းပေါ့ဗျာ။

သီဟ – ကျွန်တော် အဲဒီလို အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောသွားတာတွေ ရှိပါတယ်။ အစိုးရရဲ့ စီမံကိန်းတွေမှာ တစ်ချို့စီမံကိန်းတွေ အထူးသဖြင့် bottle neck ဖြစ်နေတဲ့ စီမံကိန်းတွေကို ရပ်ရမယ်။ အဲဒီလို ရပ်လိုက်လို့ ထွက်လာတဲ့ ရလဒ်တွေကို တစ်ခြားနေရာတွေမှာ သုံးစွဲရမယ် စသည်ဖြင့် ပြောသွားတာ ကြာရပါတယ်။ အဲဒီအပြင် သဘာဝ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး နောက်ထွက်လာတာ မှန်သမျှ နိုင်ငံခြားကို မရောင်းတော့ဘူး၊ မပို့တော့ဘူး၊ ပြည်တွင်းအတွက်ပဲ သုံးတော့မယ် စသည်ဖြင့် ကြားနေရပါတယ်။

ကိုသာသာ – ကျန်ရော ကျန်သေးရဲ့လား မသိဘူး ခင်ဗျ။

သီဟ – အဲဒါတော့ မသိဘူးခင်ဗျ။

ကိုသာသာ – သူရ ဦးရွှေမန်း ပြောသွားတာကို ကျွန်တော်လဲ ကြည့်လိုက်ရပါတယ်။ အကယ်ဒမီပေးပွဲနဲ့ တိုက်တဲ့ညကပေါ့။ ကြည့်တဲ့အခါ သူ့ရဲ့ အမြင်တွေ ကောင်းပါတယ်။ တကယ် အလုပ် လုပ်မလုပ် ဆိုတာကတော့ အစိုးရပေါ်မှာ မူတည်ပါတယ်။ ဦးသူရရွှေမန်းက လွှတ်တော် ဥက္ကဌပါ သူအစိုးရ မဟုတ်ပါဘူး။ သူပြောချင်ရာ ပြော အစိုးရအဖွဲ့က လူက လုပ်မှ ဖြစ်တာပါ။

တကယ်ကို နှစ်ရှည်လများ လုပ်ဖူးတဲ့ ဝန်ထမ်းတွေ ၊ အစိုးရဝန်ထမ်းတွေနဲ့ ကျွန်တော် တွေ့ဖူးပါတယ်။ ကျွန်တော် လူပေါင်းစုံနဲ့ အများကြီးတွေ့ပြီး စကားပြောဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံကို တည်ထောင်ဖို့ တော်တော်လေး ခက်ပါသေးတယ်။ ဒီလူတွေအားလုံးကို ဘယ်လိုလုပ်ပြီး ပါဝင်နိုင်အောင် လုပ်ပေးမလဲ။ သူတို့ရဲ့ အလွန် တဖက်သတ် ဆန်သော အမြင်လေးတွေကို ဘယ်လို ပြောင်းလဲပေးမလဲ။ ဒါလူထု တစ်ရပ်လုံးအနေနဲ့ ပြောင်းလဲဖို့ လိုရာမှာ အရမ်းခက်ခဲတဲ့ အပိုင်းတွေရှိတယ်။

ဒီ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့ သူတွေကို စည်းကမ်း ရှိလာအောင် ကျွန်တော်တို့ ဘယ်လို လုပ်ပေးမလဲ။ နောက်တက်လာတဲ့ Generation ကလည်း ဒီဖြစ်ပျက်နေတဲ့ Generation တွေအတိုင်းပဲ ပညာရေးကို ဆက်သွားနေကြမှာလား။ တကယ် စဉ်းစားရင်တော့ အများကြီးပဲ။ ဘယ်ကနေစလုပ်ရမှန်းမသိတဲ့ ပြဿနာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အခု တစ်ခုပြီး တစ်ခုလုပ်နေတာတော့ ကောင်းတာပေါ့နော်။

အဲဒီတော့ အစိုးရ ပြောင်းလဲမှု တစ်ခုလုပ်လိုက်တိုင်း ခွင်တစ်ခုပေါ်လာတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။ ကားသွင်းဖို့ လုပ်ပေးလိုက်တယ်။ အစိုးရက ကားတွေ ပြောင်းလဲစေချင်လို့ လုပ်တာ၊ ဒါကို နောက်တစ်ယောက်က နောက်ဝန်ကြီးဌာနက လူက ဒါကို ခွင်လုပ်ပြီးတော့ ပိုက်ဆံယူတာမျိုးတွေ အဲဒီလိုတွေ မဖြစ်စေသင့်တော့ဖူးပေါ့။ အဲဒါကို မဖြစ်အောင် တင်းကျပ်သင့်တဲ့ အပိုင်းမျိုးတွေ ရှိလာတာပေါ့။ နောက်အစိုးရလုပ်တဲ့ အခါ ပေါ့လျော့နေတဲ့ဟာတွေ တင်းကျပ်ဖို့ လိုတာမျိုးလေးတွေ အများကြီးပါ။

ပညာရေးကိုလည်း အဲဒီလိုပဲပေါ့။ ပညာရေးနဲ့ပတ်သတ်တာလည်း အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုမယ်။ အဲဒီလို ပြုပြင်ပြောင်းလဲတာ သိပ်ခက်တဲ့ ကိစ္စတွေတော့ မဟုတ်ဖူးဗျ။ ဒါပေမယ့် တကယ် ထိထိရောက်ရောက် လုပ်ဖို့ လိုတဲ့ ကိစ္စမျိုးတွေ ပေါ့။ တံတာကြီးတွေ ဆောက်နေမယ့် အစား ဆေးရုံမှာရှိတဲ့ ဓာတ်ကင်တဲ့ စက် နောက်ငါးလုံးလောက် ဝယ်လိုက်ရင် ဘာပဲ ဖြစ်ဖြစ် ပြည်သူအတွက် အကျိုးရှိတာပေါ့။

အခု နိုင်ငံရေးတိုးတက် ပြောင်းလဲတာကတော့ ကျွန်တော် အမြင်တော့ အင်တာနက်နဲ့ ဂျာနယ်ထဲမှာပဲ တိုးတက်ပြောင်းလဲ နေတယ်လို့ ကျွန်တော် မြင်တာပဲ။ လက်လုပ်လက်စား ပြည်သူ ၊ လယ်သမား ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်သူတွေက လယ်သမားတွေ ဟိုးနယ်ဝေးမှာ နေကြတဲ့သူတွေ ဒီလူတွေအတွက်၊ ကျွန်တော် ဒီလူတွေရှိတဲ့ ရွာတွေလည်း ကျွန်တော် ရောက်ဖူးပါတယ်။ တကယ်ကို ဝေးလံခေါင်သီတဲ့ ရာသီတွေမှာ ဘာမှ ဟိုဟာ ၊ စပါးစိုက်တော့လည်း စပါးက မအောင်၊ စပါးဈေးကလည်း ကျ၊ တကယ်ကို ဆင်းရဲမွဲတေ ဖြစ်သွားရတဲ့ ရွာ အဲဒါမျိုးတွေ အများကြီးတွေ တွေ့ရတဲ့ အခါကြတော့ အစိုးရ က ဂျာနယ်ထဲမှာ ဘာတွေရေးရေး၊ နိုင်ငံခြားက စင်္ကာပူက ရင်းနှီးမြုပ်နှံမှုတွေ လာတယ် ပြောပြော နိုင်ငံခြားက ဘာတွေဖွင့်ပေးတယ်ပြောပြော ဒီလူတန်းစားကို ကောင်းစားအောင် မလုပ်ပေးနိုင်ရင် ဒီလူတန်းစားရဲ့ ဝင်ငွေကို မမြှင့်ပေးနိုင်ရင် နိုင်ငံကြီး မတိုးတက်ပါဘူး။ ရန်ကုန်မြို့ကြီး စင်္ကာပူမြို့ကြီး လို ဖြစ်သွားလည်း မတိုးတက်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီဟာလေးကို အဓိကထားပြီးလုပ်ပေးဖို့ လိုပါတယ်။ အဲဒါ လယ်ယာမှာ အခု ဆယ်တွေဆောက်တယ်ပေါ့။ အဲဒါ ကောင်းပါတယ်။ ဆယ်ကနေ ရေရအောင် လုပ်ပေးသင့်ပါတယ်။အဲဒါမျိုးတွေပေါ့၊ ထိရောက် အောင် လုပ်ပေးနိုင်တဲ့ အပိုင်းတွေ ရှိတယ်။ တကယ် focus လုပ်သင့်တာတွေ focus မလုပ်ပဲနဲ့ ဆွဲတဲ့ လူတွေ နောက်ကို ပါတာ မဖြစ်သင့်ပါဘူး။

သီဟ – အစိုးရအနေနဲ့ လည်ပတ်နေတဲ့ mechanism အဟောင်းကြီးထဲကနေ ရုန်းထွက်ဖို့ အလုံးစုံပြောင်းလဲပစ်ဖို့ မလွယ်တဲ့ အနေအထားမှာပဲ ရှိနေသေးတယ်လို့ ခန့်မှန်းရပါတယ်။ အပြောင်းအလဲ တစ်ခုဟာ ဆိုဗီယက်လို အပြောင်းအလဲ မဖြစ်ဖို့ ဂလစ်စနော့ + ပယ်ရီစရိုက်ကာ = ၁၅ ဆိုတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါလိမ့်မယ်။ (ဂလစ်စနော့ (glasnost) နဲ့ ပယ်ရီစရိုက်ကာ (perestroika) ဆိုတာ ဆိုဗီယက် သမ္မတ ဂိုဘာချော့ရဲ့ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများ ဖြစ်ပါတယ်။ အဲဒီနှစ်ခုကြောင့် ဆိုဗီယက် ယူနီယံကြီး ပြိုကွဲသွားတယ်လို့ ပြောကြပြီး ဂလစ်စနော့ +ပယ်ရီ စရိုက်ကာ = ၁၅ ဆိုသည်များ မူဝါဒ နှစ်ခုပေါင်းပြီး အကောင်အထည်ဖော်သည့်အခါ ၁၅ နိုင်ငံကွဲထွက်သွားသည်ဟု အဓိပ္ပါယ်ရပါသည်။)

သီဟ – ကျွန်တော်တို့ အိုင်တီ ကဏ္ဍဖက် ရှေ့ဆက် လိုက်ရအောင်ဗျာ။ IT နဲ့ပတ်သတ်ပြီးတော့ Information Technology အပိုင်းမှာ ကျွန်တော်တို့ ပြုပြင်ပြ ောင်းလဲတဲ့ ပုံစံ ပေါ့နော် တခြားဟာတွေထက် ပိုမြန်မယ်လို့ ထင်တယ်ဗျ။ ဒီဟာကို ပြုပြင်ပြောင်းလဲလိုက်ရင် တခြားဟာတွေ ပြုပြင်ပြောင်းလဲ ရတာထက် ပိုလွယ်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် အဲဒီဟာနဲ့ ပတ်သတ်ပြီး ပြုပြင်ပြောင်းလဲမှု ဘာတစ်ခုမှ ကျွန်တော် မတွေ့ရသေးဘူးဗျ။ အဲဒီဟာနဲ့ ပတ်သတ်ပြီးတော့ ကိုသာသာ အခုလက်ရှိ အလုပ်လုပ်နေတဲ့ စင်္ကာပူ နိုင်ငံလိုမျိုးမှာ ဘယ်လို ပုံစံမျိုးတွေ သွားသလဲ။ ဥပမာ ကိုသာသာအနေနဲ့ တစ်ခုထွင်လိုက်တယ်။ ထွင်လိုက်တဲ့ အပေါ်မှာ ကိုသာသာရဲ့ ပိုင်ဆိုင်ခွင့် နောက်ပြီးတော့ သူတို့ဆီမှာ တီထွင်ဖန်တီးလိုစိတ်နဲ့ ပတ်သတ်ပြီး ဘယ်လို ပံ့ပိုးပေးသလဲဆိုတဲ့ အပိုင်းလေး တစ်ချက်လောက် ပြောပြပေးပါ။

ကိုသာသာ – Intellectual Property နဲ့ပတ်သတ်ပြီးတော့ ဥပဒေ နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ တီထွင်ဖန်တီးတာနဲ့ ပတ်သတ်ရင်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ လည်း နေစဉ် တီထွင်နေကြတာပဲ။ တီထွင်ဖန်တီးမှု invention ဆိုတာထက် innovation ကို ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အားလုံး လုပ်နေကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒါကို innovation လို့ မသိကြတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့။ innovation ဆိုတာ အက်ဒီဆင်လို လျှပ်စစ်မီး တီထွင်လိုက်မှ လျှပ်စစ်မီးလင်းလာမှ ဘယ်သူမှ မလုပ်ဘူးသေးတဲ့ဟာကို လုပ်မှ Innovation မဟုတ်ပါဘူး။ innovation ကိုနားလည်မှု လွဲလို့လည်း အဲဒီလိုမြင်တာမျိုးတွေပေါ့နော်။

နေ့စဉ်နှင့် အမျှသွားနေတဲ့ အခါမျိုးမှာ နေ့စဉ်နဲ့ အမျှ လုပ်နေတဲ့ အခါမျိုးမှာ innovation လုပ်နေတဲ့ဟာတွေ အများကြီး ရှိပါတယ်။ အစိုးရအနေနဲ့ ပံပိုးပေးတဲ့ အခါကြတော့ သူများနိုင်ငံမှာ Infrastructure ကရှိပြီးသား။ အင်တာနက်ရှိတယ်၊ ရေမီးရမယ်၊ ဘဝမှာ protective ဖြစ်စရာ protective ဖြစ်ဖို့ အလုပ် တွင်ကျယ်စေဖို့ infrastructure ကို အစိုးရက တည်ဆောက်ပြီးသား ဖြစ်တယ်။ ကျွန်တော်က တိုးတက်ပြီးသား နိုင်ငံကိုသွားခဲ့တော့ အဲဒီလိုမြင်တယ်ပေါ့။ အဲဒီလိုဟာတွေရှိခဲ့လို့ အကြောင်းအရာ တစ်ခုသိချင်ရင် အင်တာနက်မှာ ကောက်ရှာလိုက်လို့ ရတယ်။

ကျွန်တော်တို့ဆီမှာ စာအုပ်စာတန်း နဲ့ ရှာရလိမ့်မယ်။ စာကြည့်တိုက်သွားပြန်တော့ စာကြည့်တိုက်က စာအုပ်ကို ပေးမငှားတာမျိုးတွေ ဖြစ်နိုင်တယ်။ ဝင်ခွင့်မရတာ ဖြစ်နိုင်တယ်။ အဲဒီတော့ ကာတွန်းစာအုပ်တွေ ဂျာနယ်တွေပဲ ဖတ်ဖတ်ပြီး ဘာတွေမှ မတိုးတက်တာမျိုးတွေ ဖြစ်လာတာပေါ့။ အိုင်တီကို တိုးမြှင့်လိုက်ခြင်း အားဖြင့် လူတွေ အတွက် အများကြီး ကောင်းလာမှာတော့ အမှန်ပဲ။ ဘယ်လိုတိုးမြှင့်မလဲ ဥပဒေတွေကို ဘာတွေ ပြောင်းလဲဖို့ လိုမလဲ။ အဲဒီတော့ နိုင်ငံခြား အကြံပေးကို ဘယ်သူတွေကို ခေါ်မလဲ။ ဒီလိုမျိုးတွေပေါ့နော် ကျွန်တော်တို့ gas တွေထုတ်လို့ရတဲ့ ပိုက်ဆံတွေ အများကြီးပါ။ နိုင်ငံခြားက အကြံပေးတစ်ဖွဲ့လောက် ငှားတာ သိပ်ခက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

သီဟ – နောက် တစ်ခု ကျွန်တော် မေးချင်တဲ့အပိုင်းက Incubation Center တွေနဲ့ ပတ်သက်တဲ့ အပိုင်းပါ။ (Incubation Center ဆိုသည်မှာ Business Incubator ဟု လူသိများပြီး Entrepreneur ဟုခေါ်သည့် စွန့်ဦး စီးပွားရေး လုပ်ငန်းများကို မြေတောင် မြှောက်ပေးသည့် နေရာများ ဖြစ်သည်။ အနောက် အမေရိက နိုင်ငံများတွင် ၂၀၀၅ ခုနှစ် တစ်နှစ်တည်းမှာပင် Business Incubator များကြောင့် စီးပွားရေးလုပ်ငန်းပေါင်း ၂၇၀၀၀ ကျော်၊ အလုအကိုင် အခွင့်အလမ်းပေါင်း ၁၀၀ ၀၀၀ ခန့် ဖန်တီးနိုင်စွမ်းရှိခဲ့သလို အမြတ်ငွေပေါင်း ဒေါ်လာ ၁၇ ဘီလီယံခန့် ရှိခဲ့ကြောင်း သိရသည်) Incubation Center တွေ စင်္ကာပူမှာ ဘယ်လိုပုံစံမျိုး ရှိသလဲ။

ကိုသာသာ – ကျွန်တော် စင်္ကာပူက ပုံစံ၊ ကျွန်တော် မြင်ဖူးတာကို ပြောပြပါမယ်။ နောက်တော့ အရှေ့တောင် အာရှနိုင်ငံတွေမှာ သူများတွေ ဘာတွေ လုပ်လာကြလဲ ဆိုတာတွေ ဆိုတာကောပေါ့။ ပထမဆုံး စင်္ကာပူ မှာကတော့ နှစ်ပိုင်းရှိတယ်ဗျ။ တစ်ခုက institution တွေက လုပ်တဲ့ incubation center တွေရယ် ပုဂ္ဂလိကတွေက လုပ်တဲ့ incubation center တွေရယ်၊ Institution တွေကလုပ်တဲ့ incubation center တွေကတော့ ဘယ်လိုဟာမျိုးတွေလဲ ဆိုတော့ ဥပမာ NTU, NUS, Singapore Poly သူဟာနဲ့သူ ကျောင်းတွေ ရှိကြတယ်ပေါ့။ ကျောင်းတွေမှာ လူငယ်တွေကို စီးပွားရေး လုပ်ချင်လာအောင် လုပ်တက်လာအောင် သူတို့ သင်ကြားတဲ့ ဘာသာရပ်လေးတွေ ရှိလာတယ်။ သင်ပေးလာကြတယ်။

သူတို့သင်ပေးပြီးတော့ ဟာဟုတ်ပြီး နည်းပညာလေးတစ်ခု တီထွင်ပြီးတော့ ဒါလေးကို စီးပွားရေးလုပ်ငန်း လုပ်ကြမယ် လုပ်မယ်ဆိုတဲ့ အခါကြရင် ကျောင်းမှာ သူရဲ့ကိုယ်ပိုင် department တစ်ခု သပ်သပ် ထားတာမျိုး ဒါမျိုးရှိလာတယ်။ ဥပမာ NTU မှာ ဆိုလို့ရှိရင် အင်း Techno-entrepreneur အတွက်ကို ဆိုင်တဲ့ course တွေရှိလာတယ်။ NTU Techno-entrepreneur လိုဟာမျိုးတွေ နာမည်တော့ အတိအကျ မမှတ်မိတော့ဘူးပေါ့။ Techno-entrepreneur Center မျိုးတွေ ရှိလာတယ်။ ခုနတုံးကလို NTU မှာလည်း Technology Transfer Office တွေရှိလာတယ်။ Technology Transfer Office က NTU မှာ တီထွင်လိုက်တဲ့ နည်းပညာတွေကို စီးပွားရေး အဖြစ်ပြောင်းလဲ လုပ်ဖို့ ဆိုရင် ဘာတွေလုပ်ဖို့ လိုသလဲ စသည်ဖြင့် ပံ့ပိုးပေးတဲ့ နေရာတွေပါ။

သီဟ – အဲဒီလို Incubation Center တွေမှာ Guideline တွေ အများကြီးချပေးနိင်တဲ့ သဘောလားဗျ။

ကိုသာသာ – Guideline လဲ ချပေးတယ်ဗျ။

သီဟ – တက္ကသိုလ်တွေက လုပ်ပေးတယ်ဆိုတာလေးကို ကျွန်တော် အရမ်း သဘောကျတယ်ဗျ။

ကိုသာသာ – ဟုတ်တယ် နောက်တစ်ခုက ကြတော့ ဒီကုမ္ပဏီ ပေါက်စလေးတွေ ဖြစ်လာအောင် ကုမ္ပဏီ ပေါက်စလေးတွေ ဖြစ်လာရင် mentorship ပေါ့၊ သူတို့ကို mentor ၊ guide လုပ်ပေးဖို့ လူတွေဆိုရင် NTU ကျောင်းက လစာပေးပြီး ခန့်ထားတဲ့ အပြင်က အတွေ့အကြုံရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပညာရှင်တွေ ရှိကြတယ်။ သူတို့ကို လူငယ်လေးတွေက မေးလို့ရတယ်။ ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ရင်ကောင်းမလဲ။ ဒါလေးကို ဘယ်လို ပုံစံမျိုး ပြောင်းလိုက်ရင် ကောင်းမလဲ။ ပြီးတော့ ကျောင်းကနေ ပဲ အဆောက်အဦ တစ်ခု သတ်မှတ်ပြီးတော့ နေရာလေး ပေးထားတယ်။ အင်တာနက်ရမယ်။ ကိုယ့် ကွန်ပျုတာ ကိုယ်ယူလာမယ်။ ကိုယ်စားပွဲလေးနဲ့ ကိုယ် အလုပ်လုပ်လို့ ရအောင် ကျောင်းက အလကားပေးထားတယ်။ အဲဒီ ကုမ္ပဏီတွေကိုပဲ စုပြီးတော့ စကားပြောလာအောင် အဲဒီကုမ္ပဏီကပဲ အဲဒီကုမ္ပဏီက တီထွင်တဲ့ဟာကို တခြား ကုမ္ပဏီကို ပြောပြလို့ ရအောင် Seminar လေးတွေ လုပ်တာမျိုးလေးတွေ ၊ နောက် အပြင်မှာရှိတဲ့ ကျောင်းသားဟောင်းတွေ ၊ စီးပွားရေး ပညာရှင်တွေကို ဖိတ်ပြီးတော့ ကျောင်းမှာရှိတဲ့ ကုမ္ပဏီမှာ နေပြီးတော့ သူတို့မှာရှိတဲ့ project တွေ တင်ပြတာမျိုးတွေ စီစဉ်ပေးတယ်။ အဲဒီလိုလေးတွေ သူတို့ ကျောင်းက လုပ်ပေးတယ်။

သီဟ – အဲဒါဟာကြတော့ ကိုသာသာ ပြောတာ တက္ကသိုလ်တွေ စီစဉ် ပေးတဲ့ အပိုင်း ဆိုပါတော့။ အဲဒီ တက္ကသိုလ်တွေက စီစဉ်တဲ့အပိုင်းမှာ သူတို့ဆီမှာ အောင်မြင်မှု ရာခိုင်နှုန်း ဘယ်လောက် လောက်ရှိလဲ။

ကိုသာသာ – တော်တော်လေး ခရီးရောက်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ တကယ်ကို အလုပ်ဖြစ်သွားတဲ့ ကုမ္ပဏီ ဖြစ်သွားတယ်။ ခုနတုံးကလို စီးပွားရေးအရ အကြီးကြီး multinational company ကြီးတွေ၊ big exit ပေါ့နော် နည်းပညာကို ရောင်းလိုက်တာတွေတော့ တော်တော်တော့ ရှားပါးပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာကို ကျောင်းတွေ အစိုးရတွေက ဒီဟာကို စလုပ်တာ မကြာသေးဘူးဗျ။ အဲဒီလိုရှိတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တော့ အများကြီးတော့ မမြင်ဖူးသေးဘူး။ သို့သော် ဝင်ငွေလေး တစ်ခုရတဲ့ လုပ်ငန်းလေးတစ်ခု ဖြစ်လာပါတယ်။

သီဟ – အဲဒီဟာနဲ့ ပတ်သတ်ပြီး ကျွန်တော် စိတ်ကူးထဲမှာ ရှိတဲ့အတိုင်း ပြန်ပြောကြည့်မယ်ပေါ့နော်။ ကျွန်တော်က ဒီတက္ကသိုလ်မှာ တက်ခဲ့တယ်။ တက်တော့ ကျွန်တော် အိုင်ဒီယာ တစ်ခုကိုရတယ်။ အိုင်ဒီယာ တစ်ခုကို အကောင်အထည် ဖော်ချင်တဲ့အခါ၊ incubation center ကို ကျွန်တော် သွားလို့ရတယ်ပေါ့။ သွားတဲ့အခါ အင်တာနက်လည်းရှိပြီးသား၊ နောက်ပြီးတော့ အခန်းလည်းရှိပြီးသား၊ နောက်ပြီးတော့ ကိုယ်ရဲ့ product တစ်ခု တီထွင်ရတယ်။ တီထွင်ပြီးတဲ့ အချိန်မှာ တီထွင်တဲ့နေရာမှာလည်း guidance လည်းရှိတယ်ပေါ့။ guidance တွေကလည်း အပြင်ကလည်း ငှားထားတွေရှိတယ်။ ငှားထားတဲ့အခါမှာ ပညာရှင်လည်းရှိတယ်ပေါ့။ နောက်ပြီးတော့ စီးပွားရေး ပညာရှင်လည်းရှိတယ်ပေါ့။ ရှိတယ့်အခါကြတော့ ကျွန်တော်တို့ ဒီမှာ ထွင်နေရင်းနဲ့ အခက်အခဲတွေ တွေ့တဲ့အခါ သူတို့ကိုလည်း မေးလို့ရတယ်ပေါ့။ ဒါဆိုလိုရှိရင် ဒါသူတို့ရဲ့ incubation center ရဲ့ form ပုံစံတစ်ခုပေါ့။

ကိုသာသာ – အင်းဒါက အခု Institution ကလုပ်တဲ့ incubation center က ဘာတွေ ပေးသလဲပေါ့။ ဘာတွေ ပြန်ယူလဲ ဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ ပြန်ကြည့်ဖို့လိုပါတယ်။ incubation center က ဒီကုမ္ပဏီကို အားလုံး lawyer ကိစ္စတွေ၊ ကုမ္ပဏီထောင်တဲ့ စာရင်းဇယား ကိစ္စတွေကို incubated ပေါ့။ ကုမ္ပဏီလေးတွေက မပူမပင်ရအောင် သူတို့ အားလုံးလုပ်ပေးတယ်။ အဲဒီလို လုပ်ပေးတဲ့အတွက်ကြောင့် သူတို့ အကျိုးအမြတ် တခုတော့ ယူတယ်ဗျ။ အဲဒါ ကုမ္ပဏီထဲမှာ share တစ်ချို့ကို သူတို့ယူတယ်ပေါ့။ ကုမ္ပဏီထဲမှာ share အနေနဲ့ ၄ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းတော့ ယူလိုက်တယ်ပေါ့။ ကုမ္ပဏီ အောင်မြင်လာ ကုမ္ပဏီတိုးတက်လာတဲ့ အခါကြရင် ဒီ share ကို ကျောင်းကလည်း ဒီ share တစ်စိတ်တစ်ပိုင်းကို ပြန်ယူလို့ရတာပေါ့။ အဲဒီ ယူလို့ရတဲ့ ပိုက်ဆံနဲ့ နောက် ကုမ္ပဏီ ပေါက်စလေးတွေကို ထပ်ပေးလို့ရတာပေါ့။ ဒီလိုလေး လည်ပတ်လို့ရအောင် သူတို့ လုပ်ထားတာ ရှိပါတယ်။

သီဟ – ကျွန်တော်တို့ ရှေ့ဆက်မယ့် အပိုင်းက Industry တွေရဲ့ incubation center အပိုင်းပေါ့။

ကိုသာသာ – Industry ဆိုတာထက် ကုမ္ပဏီပေါ့နော်။ အစိုးရက ဘာလုပ်ပေးနိုင်လဲဆိုတော့ ဒီလုပ်ငန်းတွေ ပေါ်ပေါက်လာအောင် ဒီကုမ္ပဏီလေးတွေ ဖွံဖြိုးလာအောင် သူထားတဲ့ ပိုက်ဆံ၊ Budget တွေ ရှိပါတယ်။ ဒီနှစ်အတွက်တော့ IT industry အပေါ်မှာ innovation အပိုင်းမှာ Entrepreneurship အပိုင်းမှာ အားလုံးအဆင်ပြေအောင် ပေါ်ပေါက်လာအောင် ပိုက်ဆံ ဘယ်လောက်သုံးမလဲ ဆိုတဲ့ fund တွေရှိတယ်။

အဲဒီ fund တွေကို ဘယ်လို အသုံးချရမလဲ စဉ်းစားတဲ့ အခါကြတော့ အစိုးရအနေနဲ့ Organization အနေနဲ့ ကုမ္ပဏီပေါက်စလေးတွေကို ဘယ်သူ့ကို ပေးသင့်လဲ၊ ဒီကောင်တွေ တကယ်လုပ်နေတာရော ဟုတ်ရော ဟုတ်ရဲ့လား ၊ သူတို့ရဲ့ business idea ဟာ ဖြစ်နိုင်ရဲ့လားဆိုတာ အစိုးရအဖွဲ့အစည်း အနေနဲ့ ဆုံးဖြတ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီ industry မှာလုပ်နေတာမဟုတ်ဘူး။ သူတို့က အစိုးရလုပ်နေတာ၊ သူတို့က အစိုးရဌာန ဖြစ်တဲ့ အတွက် လေ့လာ သုံးသပ်ဖို့ ခက်တယ်။ သူတို့ မှာ အတွေ့အကြုံ မရှိဘူး။ သူတို့မှာ အဲဒီလောက် ကျွမ်းကျင်မှုမရှိဘူး။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ incubation လုပ်တဲ့ ကုမ္ပဏီတွေကို သူတို့ ခေါ်လိုက်တယ်။ သူတို့ ကြည့်လိုက်တယ်။ ဒီကုမ္ပဏီ ယုံကြည် စိတ်ချရမှုရှိရဲ့လား။ ဒီကောင်တွေ တကယ်ရော တက်ကျွမ်းရဲ့လား ကြည့်လိုက်တယ်။ ကြည့်လိုက်ပြီးတော့ သူတို့ရဲ့ certified incubator တွေသူတို့ ခန့်လိုက်တယ်။

အဲဒီ ကုမ္ပဏီတွေက ဘာလုပ်ပေးလဲဆိုတော့ incubate လုပ်ခံချင်တဲ့ ကုမ္ပဏီတွေက incubator လုပ်တဲ့ ကုမ္ပဏီတွေ ဆီသွားတယ်။ သွားပြီးတော့ သူတို့ကိုပြောတယ်ပေါ့။ ကျွန်တော်တို့တော့ ဒီ idea၊ ဒီ idea ရှိတယ်ပေါ့။ ကျွန်တော်တို့ ကို ခင်ဗျား incubate လုပ်မလားပေါ့။ လုပ်မယ်ဆိုရင် ခင်ဗျားကို နေရာပေးမယ်။ guide လုပ်ပေးမယ်။ mentor လုပ်ပေးမယ်။ incubation တွေ အကုန်လုပ်ပေးတယ်။ အဲဒီအတွက်ကို အစိုးရကပေးတဲ့ funding တွေရှိမယ်။ အစိုးရပေးတဲ့ funding တွေ သူတို့ ကနေပြီးတော့ ဒီကောင်တွေ ကောင်းတယ် ဆိုပြီးတော့ အယောက်တစ်ရာလောက်မှာ ဆယ်ယောက်လောက် ထုတ်ပေးလိုက်ရင် အဲဒီ ဆယ်ယောက်လောက် ကို အစိုးရဆီ လွှတ်လိုက်ရင် အစိုးရ ဌာနကနေ အဲဒီလွှတ်လိုက်တဲ့ သူတွေကိုကြည့်တယ်။

အဲဒီတော့ အစိုးရဌာန သိပ်အလုပ် မများတော့ဘူး။ သူတို့ certified လုပ်ထားတဲ့ လူတွေ ထည့်ပေးတာ ဖြစ်တဲ့ အတွက်ကြောင့် အမှားအယွင်း ပိုနည်းတာပေါ့။ အစိုးရက ဒီကုမ္ပဏီတွေကို ပေးတဲ့ ပိုက်ဆံဆိုတော တကယ်တမ်းတော့ ပြည်သူပြည်သားတွေ ဆီက ရတဲ့ အခွန်နဲ့ ရတဲ့ ပိုက်ဆံ၊ အစိုးရ ပိုက်ဆံ မဟုတ်ဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို ဒီပြည်သူတွေကို ပေးပြီးတော့ ပြည်သူတွေကို ဖြစ်ထွန်းလာအောင် လုပ်ပေးတယ်။ ဒီ industry ပေါ်ပေါက်လာရင်တော့ လူတွေ အလုပ်ပိုရမယ်။ အဲဒီ ရည်ရွယ်ချက်တွေ နဲ့ပေါ့။ အဲဒီလို funding တွေနဲ့ အစိုးရ ဆီက ပိုက်ဆံကိုလည်း ရအောင်လုပ်လို့ရတယ်။ အဲဒီတော့ ဒီ incubator လုပ်တဲ့ ကုမ္ပဏီကတော့ ဘာမှ မရပဲနဲ့ အလကားတော့ လုပ်ပေးမှာ မဟုတ်ဘူး။ အဲဒီတော့ ဘာလုပ်လဲ ဆိုတော့ ခုနတုံးက institution incubator တွေလိုပဲ ရှယ်ယာတစ်ခု သူတို့ ယူတယ်ပေါ့။

သီဟ – အဲဒီလို incubation လုပ်နေတဲ့ အချိန်မှာ ကုမ္ပဏီ ပေါက်စတွေ အနေနဲ့ ပိုက်ဆံပေးရလား။

ကိုသာသာ – ပိုက်ဆံပေးစရာတော့ မလိုဘူး။ ပုံမှန်အားဖြင့်တော့ နေရာပေးကောင်း ပေးမယ်။ guidance ပေးကောင်းပေးမယ်။ စီးပွားရေး အကြောင်းနားမလည်ရင် သင်ပေးမယ်။ အဲဒီလို လုပ်ပေးနိုင်မယ့် လူတွေပေါ့။ အဲဒီလိုလုပ်ပေးနိုင်မယ့် ကုမ္ပဏီတွေ ပေါ့။ အဲဒါမျိုးလုပ်ကြတာများတယ်ဗျ။

သီဟ – အဲဒါကြတော့ Entrepreneur Pass ဆိုတာနဲ့ ဆိုင်သလားဗျ။

ကိုသာသာ – Entrepreneur pass ဆိုတာကတော့ special pass ပါ။ စင်္ကာပူမှာ ရှိတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ ကျွန်တော် မသိဘူး။ စင်္ကာပူမှာတော့ ဒီဟာရှိတယ်။ တစ်နှစ်လောက်ခံမယ်။ ဒီ pass ရရင် တစ်နှစ်လောက်ခံမယ်။ ဒေါ်လာ ငါးသောင်းလောက် ရှိတဲ့ ကုမ္ပဏီ ထောင်ထားကြောင်း ပြဖို့ လိုတယ်။ တကယ် ပိုက်ဆံ ပြဖို့လိုတယ်။ အဲဒါဆိုရင်တော့ တစ်နှစ်လောက် လုပ်ဖို့ပေးတယ်ပေါ့။ တစ်နှစ်ဆိုရင်လည်း အဲဒီ ဒေါ်လာငါးသောင်း ပြောင်သွားရောပေါ့။ ပြောင်သွားပြီး ဒီကောင်တွေ အလုပ်မဖြစ်ရင် သွားကြပေါ့။

သီဟ – ဒါ incubation center နဲ့ ဘာမှမဆိုင်ဘူးပေါ့။

ကိုသာသာ – Incubation center နဲ့ ဘာမှမဆိုင်ဘူး။ အဲဒါက အစိုးရနဲ့ဆိုင်တာ ကိစ္စ တစ်ခုပါ။

သီဟ – incubation center ကို ဘာကြောင့် လုပ်ရသလဲဆိုတဲ့ strategic plan ပိုင်းကရော ဘယ်လိုမြင်လဲဗျ။

ကိုသာသာ – ကျွန်တော် မြင်သလောက် ပြောပါ့မယ်။ အစိုးရမှာတော့ ဒီထက် နက်နဲတဲ့ ရည်ရွယ်တွေ ရှိကောင်းရှိမယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိကောင်းရှိမယ်။ တစ် အချက်ကတော့ ဒီပိုက်ဆံတွေဟာ ပြည်သူလူထုရဲ့ ပိုက်ဆံတွေပဲ။ ဒီလုပ်ငန်းတွေ ဖြစ်ထွန်းလာဖို့ ဒီလူတွေ ဖြစ်ထွန်းလာဖို့ ပေးလိုက်တဲ့အခါ အလကား ပေးလိုက်တာ မဟုတ်ပါဘူး။ သူက ပြန်ယူပါတယ်။ ဒီကုမ္ပဏီတွေ အောင်မြင်သွားတဲ့ အခါကြရင် သူစိုက်ပေးတဲ့ ပိုက်ဆံကို ကုမ္ပဏီက ပြန်ပေးရပါတယ်။ ဒီစိုက်ထားတဲ့ ပိုက်ဆံကို နောက်ကုမ္ပဏီကို တခြား ကုမ္ပဏီပေါက်စလေးတွေကို ထပ်ပြီးတော့ မွေးပေးလို့ရပါတယ်။ ဒီပိုက်ဆံကို အလကား ပေးပစ်တာတော့ မဟုတ်ပါဘူး။ ဆုံးရှုံးမှု အပိုင်းလည်း ရှိကောင်းရှိမှာပေါ့။ ဒါက တစ်ပိုင်းပါ။

နောက် တစ်ပိုင်းကတော့ ဒီကုမ္ပဏီတွေကို invest လုပ်ပေးလိုက်ရင် ဒီကုမ္ပဏီတွေ အောင်မြင်လာရင် ကြီးထွားလာရင် လုပ်သားတွေ လိုပါတယ်။ အဲဒီတော့ လူတွေ အလုပ်ရပါတယ်။ လုပ်ငန်းတွေ ဖွံဖြိုး တိုးတက်လာတာနဲ့ အမျှ နိုင်ငံရဲ့ economy လည်းပိုပြီး လည်ပတ်လာပါတယ်။ အရောင်းအဝယ်တွေ ပိုများလာမယ် ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပိုမို ဖွံဖြိုးတိုးတက်လာပါမယ်။ ဒီကုမ္ပဏီတွေ ပိုအောင်မြင်လာရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှု ဝင်လာရင် နိုင်ငံခြားက ပိုက်ဆံ ပြည်တွင်းကို ဝင်လာပါတယ်။ အဲဒီလို အကျိုးအမြတ်တွေ ရလာနိုင်ပါတယ်။ နောက်ပြီး Intellectual Property တွေ ပိုပြီးတော့ ဖွံဖြိုး တိုးတက်လာနိုင်တယ်။ ဒီနိုင်ငံက ဒီလို နည်းပညာတွေ ထွက်လတယ် စသည်ဖြင့် ကမ္ဘာနဲ့ ချီပြီး အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။ကျွန်တော်လည်း ကျွန်တော် ဉာဏ်မှီ သလောက် ပြောပြရမှာပေါ့။

သီဟ – ကျွန်တော်တို့ဆီမှာ incubation center တွေလုပ်မယ်ဆိုရင် မြို့ကြီးတွေ မှာပဲ လုပ်သင့်သလား။ ဒါမှမဟုတ် တက္ကသိုလ်ရှိတဲ့ နေရာတိုင်းမှာလုပ်သင့်လား။

ကိုသာသာ – ကျွန်တော် incubation center မြန်မာပြည်မှာ ထောင်ဖို့ စဉ်းစားဖူးပါတယ်။ incubation center ထောင်ရင် ဘာလိုလဲဆိုတော့ ပိုက်ဆံလိုတာပေါ့။ ပထမဦးဆုံးနေရာ လိုတယ်ပေါ့။ ကျွန်တော် စဉ်းစားခဲ့ဖူးတာကို ပြောပြရမယ်ဆိုရင် ကျွန်တော် လှည်းတန်းမှာ တိုက်ခန်း တစ်ခန်း ဝယ်ပြီးတော့ တိုက်ခန်းမှာ incubation center လုပ်ဖို့ စဉ်းစားပါတယ်။ ကျွန်တော်မှာ meeting room လေးရှိမယ်။ စာကြည့်တိုက်လေး သေးသေးလေး ရှိမယ်။ အင်တာနက် အလကားပေးထားမယ်။ လူတိုင်း ကြိုက်တာ သုံးလို့ရတယ်။ ခက်တာက ဘယ်လိုလူတွေ ပေးဝင်မလဲ၊ ပေးမဝင်မလဲ ဆိုတဲ့ ပြဿနာ ရှိတယ်ဗျ။

သီဟ – လာပြီး မနက်ကနေစပြီး ဂိမ်းထိုင်ဆော့မယ်။ Download ချချင်းတာ ချမယ်။ ချက်တင်ပဲ ထိုင်နေမယ်ဆိုရင် ပြသနာပဲပေါ့။

ကိုသာသာ – အဲဒီလို ပြဿနာတွေ ရှိတယ်ဗျ။ အဲဒါကို ကျွန်တော် ဘယ်လို ထိန်းချုပ်ရမလဲ။ ကျွန်တော် ဒီလူတွေကို သူတို့ ကုမ္ပဏီ ထောင်ချင်ရင် guide လုပ်ပေးလို့ရတယ်။ အားလုံး ကျွန်တော်လိုက်ပြီးတော့ guide လုပ်ပေးလို့ရတယ်။ စီမံခန့်ခွဲပေးလို့ရတယ်။ သို့သော်လည်း ဒီလူတွေဆီက အကျိုးအမြတ် ဘယ်လို ပြန်ယူရမလဲ။ ပြီးတော့ သူတို့ကို ကျွန်တော် ဘယ်လို ယုံကြည်ရမလဲ။ သူတို့ရဲ့ ပညာအရည်အချင်းတွေ ဘယ်လိုရှိသလဲ၊ တကယ် စဉ်းစားမယ်ဆိုရင် အများကြီး ဖြစ်သွားတာပေါ့။ အဲဒီပိုက်ဆံကလည်း ကျွန်တော် ပိုက်ဆံလည်း မဟုတ်ဘူး။ ကျွန်တော် ဘယ်သူဆီက ပိုက်ဆံနဲ့ အဲဒီ incubation center ထောင်ရမလဲ။ အစိုးရကရော ဘယ်လို မျက်လုံးမျိုးနဲ့ ကြည့်မလဲ ဆိုတဲ့ ဟာမျိုးလေးတွေ စဉ်းစားစရာလေးတွေ အများကြီး ရှိခဲ့ပါတယ်။

သီဟ – ဒါပေမယ့် အခုပြောသလို ကိုသာသာပြောသလို အရဆိုရင် စင်္ကာပူ နိုင်ငံက incubation center ဆိုတာအစိုးရက ကြီးမှူးပြီး လုပ်ဆောင်နေတဲ့ အရာတွေပဲ၊ အစိုးရ က ဒါကို ပေါ်လစီ တစ်ရပ် အနေနဲ့ လုပ်နေတယ်၊ ဖြစ်အောင် လုပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီမှာလည်း အဲဒီလို လုပ်မှ အဆင်ပြေမယ့် သဘောရှိနေတာပေါ့။

ကိုသာသာ – အစိုးရအနေနဲ့ လုပ်ပေးမယ်ဆိုရင် ကျွန်တော် အနေနဲ့ ကျွန်တော် အမြင်အရပေါ့ education ကို အရင် လုပ်ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပိုက်ဆံသုံးပြီး incubation centre သီးသန့် တည်ဆောက်ဖို့ သုံးမနေပါနဲ့။ education နဲ့ တွဲနေတဲ့ နေရာတွေမှာ incubation centre တွေ တွဲလုပ်ဖို့ စဉ်းစားပေးပါ။ နိုင်ငံခြားက incubating ကုမ္ပဏီတွေ သူပိုက်ဆံနဲ့ သူလာလုပ်ရင်တော့ လုပ်ပလေ့စေပေါ့။ အဲဒါကိုလည်း regulation ချမှတ်ပြီးတော့ စည်းမျဉ်း ဥပဒေ ချမှတ်ပြီးတော့ ထိန်းသိမ်းပေးဖို့လည်း လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ချင်တိုင်းဖြစ်၊ ပြဿနာတွေ တက်လို့ မဖြစ်ဘူးလေ။

သီဟ – ဒါနဲ့ ကျွန်တော် incubation centre နဲ့ ပတ်သတ်ပြီးတော့လည်း ကိုထူးမြင့်နောင်၊ ကိုမြင့်ကျော်သူ၊ ကိုရာဗီ တို့နဲ့ ဆွေးနွေးဖူးပါတယ်။ ဆွေးနွေးတော့ ကိုမြင့်ကျော်သူ ပြောတဲ့ စကားတစ်ခွန်းရှိတယ်။ incubation centre သာရှိခဲ့ရင် အခုအချိန်မှာ သူအများကြီး အောင်မြင်နေပြီလို့ ပြောတယ်။ သူတကယ်တမ်း လုပ်ခဲ့ချိန်တုံးက incubation centre မရှိခဲ့ဘူး။ (ခုလဲ ရှိတော့ မရှိသေးပါဘူး) အဲဒီတော့ incubation centre အနေနဲ့ ရှိလာသင့်တယ်။ အဲဒီအတွက် လုပ်ဖို့ ဆိုတဲ့နေရာမှာလည်း တစ်ခုက စဉ်းစားတာက ဥပမာဗျာ အဖွဲ့အစည်းကြီးကြီးတစ်ခု တာဝန်ယူထားတဲ့ အဖွဲ့အစည်းကြီးကြီး တစ်ခုက လုပ်မှာလား ဒါမှမဟုတ် အစိုးရ policy maker အနေနဲ့ လုပ်မှာလား။ ဘယ်ဟာက အသွက်ဆုံးနဲ့ အမြန်ဆုံး ဖြစ်လာမယ်လို့ထင်လဲ။

ကိုသာသာ – အစိုးရ လုပ်တာကတော့ အမြန်ဆုံးပေါ့။ အစိုးရ အနေနဲ့ စည်းမျဉ်း ဥပဒေအရတော့ ပထမဦးဆုံး လုပ်ထားပေးဖို့လိုတယ်။ ဥပဒေမရှိပဲနဲ့ ရမ်းလုပ်နေလို့ မဖြစ်ဘူးလေ။

သီဟ – certified incubator တွေလည်းလိုမယ်ထင်တယ်။

ကိုသာသာ – ပိုက်ဆံပေးပြီးတော့ လဘ်ထိုးပြီးတော့ certified incubator လုပ်လို့မရအောင် လုပ်ဖို့ လိုမယ်ဗျ။ နောက်တစ်ခုက သူများနိုင်ငံတွေ ဘယ်လို လုပ်သလဲဆိုတာ နည်းနည်းပြန်ကြည့်ဖို့ လိုတယ်ဗျ။ စင်္ကာပူကတော့ အစိုးရ ပိုက်ဆံရှိလို့ လုပ်တာ ထားပါတော့။ တခြားနိုင်ငံတွေ ကြတော့ ဘယ်လို လုပ်နေကြသလဲဆိုတာ ကြည့်ဖို့ လိုတယ်ဗျ။

သီဟ – Indonesia မှာရော ရှိသလားဗျ။

ကိုသာသာ – Indonesia မှာတော့ မပြောတက်ဘူးဗျ။ ကျွန်တော် ဥပမာ ပြစရာ နှစ်ခုရှိတယ်ဗျ။ အခု ပထမဦးဆုံးကတော့ မလေးရှား မှာပေါ့။ မလေးရှားမှာလည်း start-up လုပ်ဖို့ကို အားပေးလာကြတယ်။ မလေးရှားမှာလည်း authority ရှိတဲ့ အစိုးရ department တစ်ခုကနေပြီးတော့ incubation လုပ်ဖို့ကို လုပ်တာတဲ့ အပိုင်းလေးတွေကို တွေရတယ်ဗျ။ ကျွန်တော် အတိအကျတော့ ကျွန်တော် မပြောတက်ဘူး။

ဖိလစ်ပိုင်မှာ ကြတော့ ကျွန်းတွေ အများကြီး ပျံနှံနေတယ်၊ ပြန့်ကျဲနေတဲ့ အခါကြတော့ start-up တွေ ကုမ္ပဏီ ထောင်ချင်တဲ့အခါ ကုမ္ပဏီတစ်ခါထောင်ဖို့ register လုပ်ရတာ၊ ကုမ္ပဏီကို မှတ်ပုံတင်ရတာ လနဲ့ချီပြီးကြာတဲ့ အတွက်ကြောင့် ကုမ္ပဏီလုပ်ရတာ အလုပ်မတွင်ပါဘူး။ အဲဒီအတွက် အစိုးရက အင်တာနက်ကနေ တစ်ဆင့် လွယ်ကူအောင် စီစဉ်ပေးထားတယ်ဗျ။ (ဥပမာ – ကျွန်တော်တို့ ဆီမှာ တစ်ခုခုလုပ်ဖို့ ဟိုပြေးလိုက်၊ ဒီပြေးလိုက် လုပ်နေရမယ့်အစား လုပ်ရမယ့် အဆင့် အားလုံး သွားရမယ့် ဝန်ကြီးဋ္ဌာန အားလုံးကို တစ်နေရာတည်းက ဆောင်ရွက်ပေးသင့်သလိုမျိုးပေါ့) ချက်ချင်း ကုမ္ပဏီ အလွယ်တကူ ထောင်လို့ရမယ့်ဟာမျိုး ဖြစ်လာအောင် လွယ်ကူလာအောင် သူတို့ စပြီးတော့ လုပ်ပေးနေပြီ။

ကျွန်တော်တို့ နိုင်ငံမှာတော့ နိုင်ငံ ဧရိယာ ကြီးတဲ့အတွက် စင်္ကာပူက လုပ်ပုံလုပ်နည်းနဲ့ သွားမယ်ဆိုရင် ပြဿနာ ဖြစ်လာနိုင်တဲ့ အနေအထားတွေ ကျွန်တော် မြင်လာရတယ်။ နေရာက သိပ်ကြီးတယ်။ ကုမ္ပဏီထောင်ချင်တဲ့ လူက မြစ်ကြီးနားလောက်မှာ ဒီလူ့ကို ဘယ်လို လုပ်ပေးလို့ရမလဲ။ ဖိလစ်ပိုင် နိုင်ငံလို လုပ်ပုံလုပ်နည်းတွေ အတုယူသင့်ပါတယ်။

အခု အနေအထား အရတော့ အပေါ်ထပ်တက်လိုက်၊ အောက်ထပ်ဆင်းလိုက် ချလပတ်ရမ်းနေရတယ်။အဲဒီအစား တစ်နေရာထဲမှာ ပြီးလာအောင်၊ ဘဏ် (၂) ကိုပြေးပြီးတော့ ပိုက်ဆံသွင်းရမယ့် အစား ဘဏ် (၂) ကို တစ်ခါတည်း အဲဒီ ရုံးထဲမှာ ဖွင့်ပေးလိုကတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဒါကလဲ incubation တစ်မျိုးပဲလို့ ဆိုနိုင်ပါတယ်။

သီဟ – ဒါဆိုလို့ရှိရင် ကျွန်တော်တို့ incubation center နဲ့ပတ်သတ်တဲ့ ရုပ်လုံးတို့ တော်တော်တော့ ကြွသွားပြီ။ အဲဒီအပြင် ကျွန်တော်တို့ incubation center ရဲ့ အရေးပါမှုကိုလည်း ကျွန်တော်တို့ မြင်နိုင်ပြီပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ IP law နဲ့ပတ်သတ်ပြီးတော့ Law Enforcement အနေနဲ့ IP သီးသန့် သွားသင့်တာတွေရှိလား။ ကျွန်တော် ကိုထူးမြင့်နောင်တို့နဲ့ ပြောတဲ့ အထဲမှာ confused ဖြစ်တာတွေရှိတယ်။ IP နဲ့ ပတ်သတ်လို့ ခိုးကူးမှာ ကြောက်လို့ တကယ်တမ်းကြတော့ ရော ထွင်ရော ထွင်ကြရဲ့လားလို့ ဆိုတဲ့ ပြဿနာလည်းရှိတယ်။ ဒါက သူတို့ ဖက်က အမြင်ပေါ့။ ကိုထူးမြင့်နောင်တို့ က သူတို့က တခုပြီး တစ်ခု တီထွင်နေတဲ့ သူတွေဆိုတော့ ကဲခိုးကူးမှာ ကြောက်တယ်။ ခင်ဗျားတို့ ထွင်သလားဆိုတော့ လည်း မထွင်ဘူးလို့ မြင်ကြပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး Intellect Property နဲ့ပတ်သတ်ပြီးတော့ Law တွေဟာ သူတို့ နိုင်ငံမျိုးမှာ ဘယ်လိုမျိုးရှိကြသလဲ။

ကိုသာသာ – ဒီလိုရှိတယ်ဗျ။ Intellect Property အနေနဲ့ ဥပဒေအားဖြင့် ပထမဦးဆုံး ဥပဒေအားဖြင့် ကာကွယ်ပေးဖို့ လိုကိုလိုပါတယ်။ အဲဒါကို အရမ်း ခက်ခဲမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူများနိုင်ငံတွေမှာ ပြည့်စုံပြီးသား ဥပဒေ တစ်ခုခုကို ကူးချလိုက်ရင် ပြီးတာပါပဲ။

ဒါပေမယ့် ဘယ်လို enforce လုပ်မလဲ ဆိုတဲ့ အပိုင်းမှာတော့ ပြသနာတွေ အခက်အခဲတွေ အများကြီး ရှိနေတတ်ပါတယ်။ ဘယ်ဥပဒေပဲဖြစ်ဖြစ် ပါ IP law မှမဟုတ်ပါဘူး။ ဥပဒေ ပြဌာန်းဖို့လွယ်ပါတယ်။ ဥပဒေကို လိုက်နာအောင်လုပ်ရတာ ခက်ပါတယ်။ အဲဒီတော့ Law Maker နဲ့ Law Enforcer တွေပေါ့။ကျွန်တော်တို့ gap မရှိတဲ့ hack လုပ်လို့မရတဲ့ system မျိုးဖြစ်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ကိစ္စအနေနဲ့တော့ အခက်အခဲတွေ ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးက ဥပဒေရှိဖို့ လိုပါတယ်။ သူများနိုင်ငံမှာတော့ ဥပဒေရှိပါတယ်။ ဥပဒေရှိလွန်းတယ်လို့တောင် ဆိုလို့ရပါတယ်။

နောက်တစ်ခုက မြန်မာလူမျိုးတွေ တီထွင်ကြရဲ့လား တီထွင်တယ်ဆိုတာ ဘာလဲကို ပြန်ဆန်းစစ်ဖို့ လိုတာပေါ့။ ကျွန်တော့ အမြင်အရတော့ နည်းပညာအားဖြင့် နိုင်ငံခြားကနေ ယူလာတယ်။ တရုတ်နည်းပညာတွေ ယူလုပ်ကြတယ်။ အမေရိကန်တို့ ထိုင်ဝမ်တို့ နည်းပညာတွေတော့ မရှိကြသေးဘူးပေါ့။ နည်းပညာတွေ ဒီကိုရောက်ရင်တော့ မြန်မာပြည်ထဲကို ရောက်ရင်တော့ တည့်တည့် ပြောရရင် ခိုးကြတာ များပါတယ်။ တကယ် တီထွင်တာ မဟုတ်ပါဘူး။ မြန်မာတွေ တီထွင် ဖန်တီးတဲ့ ကိစ္စကို ပြောရမယ်ဆိုရင် နောက်ထပ် ကဏ္ဍတစ်ခု ဖြစ်သွားပါလိမ့်မယ်။

သီဟ – ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့ အင်တာဗျူးလဲ အတော်ရှည်သွားပြီ ဆိုတော့ ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်ဗျာ။ ကျွန်တော်အတွက် ကိုသာသာနဲ့ ဆွေးနွေးခွင့်ရတာ အများကြီး တန်ဖိုးရှိပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

  • ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့