IT Age

ကျွန်တော်တို့ အိုင်တီခေတ် တကယ်ရောက်ပြီလား အပိုင်း (၁)

ကျွန်တော်တို့ အိုင်တီခေတ် တကယ်ရောက် မရောက်ဆိုတာ မပြောခင် အိုင်တီခေတ်ဆိုတာ ဘာလဲဆိုတာ အရင်လေ့လာဖို့ လိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ခေတ်ကြီး သုံးခေတ်ရှိတယ်လို့ ပြောကြပါတယ်။ စိုက်ပျိုးရေးခေတ်၊ စက်မှုလက်မှုခေတ်၊ နောက်ဆုံး အိုင်တီခေတ်ပေါ့။

တကယ်တော့ ကမ္ဘာကြီးမှာ အိုင်တီခေတ်ကိုကျော်ပြီး Everything is connected လို့ခေါ်နိုင်တဲ့ IoT ခေတ်ကို ရှေ့ဆက်နေပြီ ဖြစ်ပါတယ်။ Smart Farm, Smart Home, Smart City, Smart Car စသည်ဖြင့် Smart တွေနဲ့ စတဲ့ အင်တာနက်ကတစ်ဆင့် ထိန်းချုပ်နိုင်တဲ့ စနစ်တွေဆီကို သွားနေကြပါပြီ။ အဲဒီလို IoT စနစ်ကို ထိထိရောက်ရောက် သွားနိုင်ဖို့ 5G က အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတာ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ တရုတ် 5G ကွန်ယက်ချိတ်ဆက်မှုအပေါ်မှာ ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ Win-Win Game ကစားကြတာထက် အခုနောက်ပိုင်း Lose-Lose Game တွေ ကစားလာကြတာ ဖြစ်တဲ့အတွက် 5G ဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ တွေ့နိုင်ပါတယ်။ IoT ခေတ်ကြီးမှာ ဘယ်သူက ဦးဆောင်မလဲ၊ ဘယ်သူတွေက ကမ္ဘာကြီးကို IoT Devices တွေ အများကြီး ရောင်းပြီး ဦးဆောင်မလဲ စသည်ဖြင့် ယှဉ်ပြိုင်နေကြပြီ ဖြစ်ပါတယ်။

အိုင်တီခေတ်ဆိုတာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကို အသုံးချပြီးသွားတဲ့ ခေတ်ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံအနေအထားအရ Mobile Communication Reach အနေအထားအရ အရမ်းအားကောင်းတဲ့ အနေအထားကို ရောက်နေပါပြီ။ အဲဒီလို Telecommunication ကို အသုံးပြုတိုင် IT ခေတ်ရောက်ပြီလို့ မဆိုနိုင်ပါဘူး။

Hootsuite – We are social

အပေါ်မှာ ပြထားတာကတော့ Jan 2019 ကျွန်တော်တို့နိုင်ငံ လူဦးရေနဲ့ Mobile, Internet, Social Media အသုံးပြုမှု အနေအထားပါ။ (အွန်လိုင်းစစ်တမ်းတစ်ခုက ရယူထားပါတယ်)

Annual Digital Growth

Mobile & Social Media ပျံ့နှံ့ရောက်ရှိမှု အနေအထားက အားရစရာကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို ပျံ့နှံ့တာနဲ့ အိုင်တီခေတ် တကယ်ရောက်ပြီလို့ဆိုနိုင်ပါသလား ကျွန်တော်တို့ စဉ်းစားစရာရှိပါတယ်။ အိုင်တီခေတ်ရဲ့ လက္ခဏာတွေက ဘာတွေလဲ ကျွန်တော်တို့ လေ့လာကြည့်ရအောင်

ဆက်သွယ်ရေး (Communication)

အိုင်တီခေတ်ရဲ့ အဓိကအကျဆုံး လက္ခဏာဟာ Communication (ဆက်သွယ်ရေး) ဖြစ်ပါတယ်။ ဖုန်းတွေပြောနိုင်တာလောက် ဆက်သွယ်ရေးမျိုးမဟုတ်ပါဘူး။ ဖုန်းတွေ ပြောနိုင်တယ်ဆိုတာ ဟိုးအရင် စိုက်ပျိုးရေးခေတ်၊ စက်မှုလက်မှုခေတ်ကတည်းက ရတဲ့အရာတွေ ဖြစ်ပါတယ်။

အိုင်တီခေတ် ဆက်သွယ်ရေးဆိုတာကို ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ကလေးတစ်ယောက် မွေးတယ်ဆိုပါစို့၊ e-government portal ကို ဖွင့်လိုက်ပြီး အဖေ ဘယ်သူ၊ အမေဘယ်သူဆိုတာ ဖြည့်၊ ဘယ်အချိန် ဘယ်နှစ်နာရီမှာ မွေးတယ်ဆိုတာ ဖြည့်၊ အဲဒီလို လုပ်လိုက်တာနဲ့ ကိစ္စပြတ်ဖို့ လိုပါတယ်။ ကိုယ်စားချင်တဲ့ ဟမ်ဘာဂါကို လိုချင်တဲ့ပုံစံအတိုင်း မှာလိုက်တာနဲ့ အိမ်အရောက်ပို့ပေးတာမျိုး စသည်ဖြင့်ပေါ့။

အမှန်တကယ် အိုင်တီခေတ်ဆိုတာ အစိုးရကလဲ e-Government စနစ်ကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်ရမယ်။ စီးပွားရေးလုပ်ငန်းတွေကလဲ အိုင်တီနဲ့ အွန်လိုင်းကို ထိထိရောက်ရောက် အသုံးချရမယ်။

မီးတစ်ချက်ပျက်သွားတာနဲ့ ဆုံးရှုံးမှု ဘယ်လောက် စသည်ဖြင့် လည်ပတ်နေတဲ့ ခေတ်ကြီး ဖြစ်ပါတယ်။ (ကျွန်တော်တို့ လက်ရှိအနေအထားအရ မီးပျက်ရင်တောင် ဘာမှမအော်ကြတဲ့အတွက် အိုင်တီခေတ် မရောက်သေးဘူးဆိုတာ သိသာနိုင်ပါတယ် :P)

Globalization

Globalization ဆိုတာကတော့ တကမ္ဘာလုံးချိတ်ဆက်နေတဲ့ အခွင့်အလမ်းတွေကို ဆိုလိုပါတယ်။ အင်တာနက်ရှိတာနဲ့ ဘယ်နိုင်ငံကမဆို လက်ရည်တူဝင်ကစားနိုင်တဲ့ ကစားကွင်းကြီးလို့ ဆိုနိုင်ပါတယ်။ ဥပမာ – မြန်မာနိုင်ငံက ထုတ်လိုက်တဲ့ Application တစ်ခုကို မြန်မာတွေ သုံးကြမယ်၊ အဲဒီကတစ်ဆင့် အာဆီယံနိုင်ငံတွေ သုံးကြမယ်၊ အဲဒီကနေတစ်ဆင့် ကမ္ဘာက သုံးကြမယ်ပေါ့။ အဲဒီလို တကမ္ဘာလုံးပြန့်နှံ့ရောက်ရှိနိုင်တဲ့ Application တွေကတစ်ဆင့် ဘီလီယံဒေါ်လာတွေနဲ့ ချီတဲ့ စီးပွားရေးတွေ ဖြစ်လာတာကို ဆိုလိုပါတယ်။ ဒါကတော့ Globalization ရဲ့ Bright Side ကိုပြောတာပါ။

Image from Peterson Institute for International Economics

Globalization ရဲ့ Dark Side ကို ပြောရမယ်ဆိုရင်တော့ အင်အားကြီးသူ စားစတမ်း ကျန်တာအကုန်သေ ကစားကွင်းကြီးလို့ ဆိုကြပါတယ်။ ဥပမာ – Facebook ပေါ်လာ လူတွေ အုံးအုံးကျွတ်ကျွတ် သုံးကြတာနဲ့ ကျန်တဲ့ Social Network တွေ အကုန်သေကုန်တာမျိုးပေါ့။ Kill Them All ဆိုတဲ့ လမ်းစဉ်အတိုင်း ယှဉ်ပြိုင်ကြပါတယ်။

ကျွန်တော်တို့ နိုင်ငံရော အဲဒီလို Globalization ဆိုင်ရာ အခွင့်အလမ်းတွေ ရနေပြီလားဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။ တကယ်တော့ ကမ္ဘာကြီးရဲ့ Globalization က ဒီထက်အများကြီး ခရီးပေါက် ခရီးရောက်သွားပြီ ဖြစ်ပါတယ်။ အိုင်တီပေါ် ဖြစ်လာတဲ့ Globalization မှာတင် ရပ်မနေပဲ IoT ခောတ်ကြီးရဲ့ Globalization ကို ချီတက်နေကြပါပြီ။

နောက်ပြန်လှိုင်းတွေဖြစ်တဲ့ Fundamentalist တွေ Trade War တွေ မရှိဘူးဆိုရင် အခုဆို ခရီးအတော်ပေါက်နေလောက်ပါပြီ။

Cost-Effective

အိုင်တီခေတ်ရဲ့ အဓိကအကျဆုံး လက္ခဏာတစ်ရပ်က Cost-effective၊ ကုန်ကျစရိတ် သက်သာတာပါ။ IT နည်းပညာကို အသုံးပြုလိုက်တဲ့အတွက် စာရွက်ဖိုးတွေ မကုန်တော့ဘူး၊ လူနဲ့လုပ်ရတဲ့ အလုပ်တွေကို လျော့ချနိုင်တယ်။ အဲဒီအပြင် အဆင့်တွေကိုလဲ အများကြီး လျော့ချနိုင်တဲ့အတွက် ကုန်ကျစရိတ်တွေ သက်သာစေပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ကျွန်တော်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုအရဆိုရင် အစိုးရလုပ်ငန်းတစ်ခုမှာ စာရွက်နဲ့လဲ ဖြည့်ရပါတယ်။ အဲဒီအပြင် ကွန်ပျူတာနဲ့လဲ ထပ်ဖြည့်ရပါတယ်။ အဲဒီနောက်မှာ Fax လဲ ပို့ရပါတယ်။ တကယ်တန်း တရားဝင်တာကတော့ စာကိုစာတိုက်က ပို့လိုက်မှ တရားဝင်တာပါ။ အရင်အတိုင်း စာရွက်နဲ့ဖြည့်ပြီး တိုက်ရိုက်ပို့လိုက်ရင်တောင် အဆင့်နှစ်ဆင့် သက်သာပါလိမ့်မယ်။ အိုင်တီသုံးလိုက်မှ အဆင့်တွေ ပိုကုန်ပါတယ်။ အဲဒီတော့ စာရွက်ဖိုးလဲကုန်၊ ကွန်ပျူတာဖိုးလဲကုန်၊ ဖက်စ်ဖိုးလဲကုန်၊ နောက် စာပို့ခလဲ ကုန်ပါတယ်။ အချိန်က အရင်ထက်တောင် ပိုကြာသွားပါသေးတယ်။

Storing and Protection Information

ကျွန်တော် ၂၀၁၆ ခုနှစ်လောက်က စာအုပ်တစ်အုပ် ဝယ်ဖူးပါတယ်။ စာအုပ်တန်ဖိုးက ၅၀၀၀ ပေမယ့် အတွင်းမှာ အရောင်လေးရောင် ကြွေသားနဲ့ စာအုပ်ရိုက်ထားပါတယ်။ အဲဒီတော့ ကျွန်တော်လဲ ထူးခြားတယ်ဆိုပြီး ဝယ်လာဖြစ်ပါတယ်။ အဲဒီစာအုပ်အမည်က ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်စီမံကိန်းဆိုတဲ့ စာအုပ်ပါ။ တရုတ်ပြည်က ဝါဒဖြန့်တဲ့အနေနဲ့ ထုတ်တာပဲလို့ ထင်ပြီး အတွင်းက စာတွေကိုဖတ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ မှတ်မှတ်ရရရှိတာ တစ်ခုက အပိုင်း (၆) ဆိုက်ဘာစီးပွားရေးထဲမှာပါတဲ့ အခန်း (၂၇) အမျိုးသား Big Data မဟာဗျူဟာကို အကောင်အထည် ဖော်သွားမည်ဆိုတဲ့ အခန်းပါ။ အချက်အလက်များ သိမ်းဆည်းတဲ့အပိုင်းမှာရော အချက်အလက်များ အကာအကွယ်ပေးရေး အပိုင်းမှာပါ စနစ်တကျ မူဝါဒတွေ ချမှတ်ထားတာတွေ ဖတ်ရပါတယ်။

Photo Credit – Maksim Kabakou / Shutterstock

ကျွန်တော်တို့ နိုင်ငံအနေနဲ့ အိုင်တီခေတ်ကို အမှန်တကယ်ရောက်ချင်တယ်ဆိုရင် အဲဒီလို တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို Big Data မူဝါဒလိုမျိုး ချမှတ်အကောင်အထည်ဖော်နေဖို့ လိုပါတယ်။ ဒါပေမယ့် တကယ်တန်း လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ကလေးတွေ Mobile Application တစ်ခု ရေးချင်လို့ မြို့နယ်ဆိုင်ရာ အချက်အလက်တွေ ထည့်ချင်တယ်၊ လမ်းနဲ့ ပတ်သက်တာတွေ ထည့်ချင်တယ်ဆိုရင် အလွယ်တကူ မရနိုင်ပါဘူး။ ကိုယ်တိုင် ရိုက်ထည့်မှသာ ရနိုင်ပါတယ်။

နိုင်ငံခြားက အဖွဲ့အစည်းတွေအနေနဲ့ Data Collection အပိုင်းမှာ စျေးပေါပေါနဲ့ကို ကောက်ယူနိုင်ကြတာလဲ တွေ့နေမြင်နေရပါတယ်။ သူတို့ ဒေါ်လာနှစ်သောင်းလောက် အကုန်အကျခံ ကောက်ယူသွားတဲ့ ဒေတာ အစိတ်အပိုင်းတွေဟာ အားလုံးပြည့်စုံနေတဲ့ အချက်အလက် Big Data တွေထဲ ပေါင်းထည့်လိုက်တယ်ဆိုရင် ဒေါ်လာ နှစ်သန်းလဲ ဖြစ်သွားနိုင်ပါတယ်။ အချက်အလက် သိမ်းဆည်းနိုင်မှုရဲ့ နောက်မှာ အကာအကွယ်ပေးခြင်းဆိုတာပါ တစ်ခါတည်း လိုက်လာဖို့ လိုပါတယ်။ အခုလက်ရှိအနေအထားအရ ကျွန်တော်တို့ နိုင်ငံရဲ့ အချက်အလက်ကို ကျွန်တော်တို့ထက် Facebook က ပိုသိနေနိုင်ပါတယ်။ အကယ်၍သာ Corporate-sponsored Attack သာ လုပ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်အလွယ်တကူ ပျက်သွားနိုင်တဲ့ အနေအထားပါ။

အချက်အလက်ဆိုတာ အသုံးချလိုက်မှသာ အသုံးချနိုင်မှသာ အရသာရှိရှိ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ ရတာမျိုး မဟုတ်ပါဘူး။ အမျှော်အမြင်ရှိရှိ ပေါ်လစီချပြီး အဆင့်ဆင့် တည်ဆောက်မှသာ အောင်မြင်နိုင်တာမျိုးဖြစ်ပါတယ်။

ကျွန်တော်ဖတ်ဖူးတဲ့ နိုင်ငံခြားက ရေးတဲ့ စာအုပ်တစ်အုပ်မှာ နိုင်ငံခြားသား နှစ်ယောက်က လက်ဆောင် ပဏ္ဏာတွေနဲ့ မြန်မာဘုရင်ဆီ ရောက်လာပါတယ်။ ဝင်ရောက်ဖူးမျှော်ပြီး ဘုန်းတော်ကြီးမြတ်လှစွာသော ဘာညာသာရကာ ဂါလိုက်တော့ ဘုရင်ကလဲ သဘောကျသွားပြီး ဘုရင့်ဧည့်ခန်းဆောင်မှ နေစေပါတယ်၊ နောက်တော့ ဘုရင့်အစီအမံနဲ့ တိုင်းပြည်ကို လှည့်လှည်ပြသပါတယ်။ စစ်စခန်းတွေပါ အကုန်ပြပါတယ်။

အဲဒီ နိုင်ငံခြားသားနှစ်ယောက်က နေ့လည်ပိုင်းမှာ လှည့်ပတ်ကြည့်၊ ညနေပိုင်းမှာ မြေပုံတွေဆွဲတယ်လို့ ဆိုပါတယ်။ သူတို့ လိုချင်တဲ့ အချက်အလက်တွေ ပြည့်စုံပြီးတဲ့ နောက်မှာတော့ သူတို့ တိုင်းပြည်က မိန်းမတွေကို လွမ်းလို့ ပြန်ဦးမယ်။ နောက်တစ်ခါ ပြန်လာခဲ့မယ်၊ အဲဒီမှာ လက်ဆောင်ပဏ္ဍာတွေ ထပ်ယူလာဦးမယ် စသည်ဖြင့် ပြောပြီး ပြန်သွားပါတယ်။ သူတို့ စုဆောင်းလာတဲ့ မြေပုံတွေကို အင်္ဂလိပ်တွေကို ရောင်းစားသွားတယ်လို့ ရေးထားပါတယ်။

ဒီအဖြစ်အပျက်ဟာ တကယ့်အဖြစ်အပျက် ဟုတ်တာမဟုတ်တာ အပထား ဖြစ်နိုင်တဲ့ အချက်ဖြစ်နေပါတယ်။ တကယ်တန်း အင်္ဂလိပ်တွေ ဝင်လာတော့ အလွယ်တကူ သိမ်းပိုက်သွားတာ အားလုံးအသိပါ။ ကျွန်တော်တို့ အခုလက်ရှိအနေအထားအရရော အဲဒီလိုအချက်အလက်တွေကို တန်ဖိုးထားတတ်ပြီလား၊ စုဆောင်းတတ်ပြီလား၊ ကာကွယ်တတ်ပြီလား မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာကြီးက အိုင်တီဆိုင်ရာ တီထွင်ဖန်တီးမှုတွေကို အလွယ်တကူ အဝင်မခံပါဘူး။ ဥပမာ Facebook အစား သူတို့ဆီမှာ ကိုယ်ပိုင် Facebook ပုံစံမျိုး တီထွင်ဖန်တီးပြီး သုံးစေပါတယ်။ ဒါဟာ တစ်ဖက်ကကြည့်ရင် သူ့နိုင်ငံကလူတွေကို ထိန်းချုပ်ဖို့ဖြစ်တယ်လို့ မြင်လို့လဲရနိုင်သလို တစ်ဖက်ကလဲ သူ့နိုင်ငံက အချက်အလက်တွေကို စုဆောင်းထိန်းသိမ်းနိုင်ဖို့အတွက်လဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးအကြောင်းကို အလွယ်တကူ သင်ယူဖို့ လွယ်ပေမယ့် တရုတ်အကြောင်းတော့ အလွယ်တကူ သင်ယူဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သူတို့မှာ ပေါ်လစီမရှိလို့မဟုတ်၊ မလုပ်လို့ မဟုတ်ဘူးဆိုတာ သတိထားဖို့ လိုပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ စာအုပ်ထဲမှာ တစ်နိုင်ငံလုံး 4G လွှမ်းခြုံနိုင်ရမယ်လို့ပဲ ပါပါတယ်။ အခုအချိန်မှာတော့ တကမ္ဘာလုံး 5G လွှမ်းနိုင်ဖို့ သွားနေတဲ့ အနေအထားအထိ တရုတ်က လှမ်းနိုင်နေပြီ ဖြစ်ပါတယ်။

Creating a new jobs

အိုင်တီခေတ်ရဲ့ အထင်ရှားဆုံး ပြယုဒ်တစ်ခုကတော့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ အများကြီး ဖန်တီးနိုင်တာပါ။ ဘာမှမဟုတ်တဲ့ အခွင့်အလမ်းတစ်ခု မဟုတ်ပါဘူး။ အိုင်တီပညာသင်နေတဲ့ ကလေးတွေကို အမေတွေက အဖေတွေက သူတို့အနာဂတ်ရဲ့ မျှော်လင့်ချက်ကြီးအဖြစ် ဖူးဖူးမှုတ်ထားတာမျိုး၊ ကုမ္ပဏီတွေက ကျောင်းအထိလိုက်ပြီး အသည်းအသန် Head Hunting လုပ်နေသလိုမျိုး အိုင်တီအလုပ်အကိုင် အခွင့်အလမ်းတွေ အစွမ်းကုန် များပြားနေတာကို ဆိုလိုပါတယ်။

Photo Credit – The Business Journals

ဥပမာ အိန္ဒိယလိုပေါ့။ ရွာမှာနေကတည်းက အလုံပိတ်ကွန်ပျူတာကို Touch Panel က သုံးရင်း ရင်းနှီးလာတာကနေ သူတို့ ဘဝထွက်ပေါက်ဟာ၊ သူတို့ မိသားစု တစ်စုလုံးရဲ့ ထွက်ပေါက်ဟာ အိုင်တီ အလုပ်ဆိုတာမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေ ထွန်းကားနေပါတယ်။ အခုနောက်ပိုင်းဆိုရင် ဗီယက်နမ်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာတော့ အဲဒီလို ထွန်းကားနေပြီလားဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ အဲဒီလို အသည်းအသန် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်နေပြီဆိုရင် သေချာပေါက် ကျွန်တော်တို့ အိုင်တီခေတ် ရောက်ပါပြီ။

ကျွန်တော်နယ်တွေဖက်ရောက်တော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးလေ့ရှိပါတယ်။ ခင်ဗျားတို့ ကွန်ပျူတာ ကျောင်းသားတွေ အခုနယ်မှာ အလုပ်ဝင်မယ်ဆိုရင် ဘယ်မှာ ဝင်လို့ရလဲဆိုတော့ အများစုက စာစီစာရိုက်ဆိုင်မှာ ဝင်လို့ရတယ်၊ နောက် ဘဏ်မှာ ဝင်လို့ရတယ်လို့ ပြောပါတယ်။ စာစီစာရိုက်ဆိုင်က နှစ်ဆိုင်လားရှိပါတယ်။ တကယ်တန်း ဘဏ်တွေမှာ ဝင်တယ်ဆိုတာ တကယ့် အိုင်တီအလုပ် ဟုတ်မဟုတ် မသိပါဘူး။ အိုင်တီဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းက ရန်ကုန်မှာသာ ထိုက်သင့်သလောက် ရှိပေမယ့် ကျန်တဲ့နေရာမှာတော့ အတော့်ကို အားနည်းနေတာ တွေ့ရပါတယ်။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးခေတ်လဲ အမှန်အကန်မရောက်ခဲ့သလို Supply Chain ကြီးတွေနဲ့ ယှဉ်ပြိုင်ကြတဲ့ စက်မှုလက်မှုခေတ်ကိုလဲ အမှန်အကန်မရောက်ခဲ့ပါဘူး။ အဲဒီလိုပဲ အိုင်တီခေတ်ကိုလဲ အမှန်အကန် မရောက်သေးဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ရော ဘယ်လိုထင်ပါသလဲ။

ဒီအပိုင်းမှာတော့ ကျွန်တော် ပြောသမျှ အဆိုးတွေများပါလိမ့်မယ်။ နောက်တစ်ပိုင်းမှာတော့ အိုင်တီခေတ်ရောက်အောင် ဘယ်လိုသွားကြမလဲဆိုတဲ့ အပိုင်းကို ရေးပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။