
နည်းပညာ Start-up တို့၏ အမှားများ
- Soe Thiha Naung
- Knowledge
- Jun 15, 2019
- Start-up
အခုမှစပြီး ကိုယ်ပိုင်စီးပွားရေး လုပ်နေကြတဲ့သူတွေ မှားတတ်တဲ့ အမှားလေးတွေ ရေးချင်ပါတယ်။ ကိုယ်တိုင် မှားခဲ့တာတွေ ဖြစ်တော့ နောက်လူတွေ အတုယူရအောင်ပါ။
ဒီနေရာမှာ တကယ်စလုပ်နေသူတွေကို ရည်ရွယ်ပါတယ်။ မလုပ်ရသေးတဲ့သူတွေ မစရသေးတဲ့သူတွေကတော့ ဗဟုသုတပဲ ဖြစ်မှာပါ။
အမှား (၁) – Plan B မရှိခြင်း
အခုမှ စလုပ်နေတဲ့သူ ဖြစ်တဲ့အတွက် Plan တစ်ခုကို အသေအချာ ချထားတတ်ကြပါတယ်။ Plan A တစ်ခုတည်းကို ချရတာတောင် အခုမှ စသူတွေအတွက် အင်မတန် ပင်ပန်းပါတယ်။ အဲဒီမှာ Plan A မအောင်မြင်တော့တဲ့အချိန် နောက်ထပ် Alternative မရှိတော့ပဲ အားအင်ကုန်ခမ်း စိတ်ဓာတ်ကျသွားတတ်ပါတယ်။
တကယ်တော့ ခေါင်းစဉ်အရ Plan B လို့ ပေးထားပေမယ့် ကိုယ့်မှာရှိတဲ့ SWOT အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိတဲ့ ပုံစံဖြစ်နေဖို့ လိုပါတယ်။ ဒီ Plan က မအောင်မြင်ရင် ခဏရပ်ထားပြီး နောက် Plan တစ်ခုကို အစားထိုးပြောင်းလဲနိုင်ဖို့လိုပါတယ်။
အမှား (၂) – Marketing နဲ့ ပတ်သက်ပြီး မဝံ့မရဲဖြစ်ခြင်း
ငါက အခုမှ စတာပဲ။ Marketing မလိုသေးပါဘူးဆိုပြီး မဝံ့မရဲဖြစ်တတ်ကြပါတယ်။ ကိုင်ပိုင်စီးပွားရေးဆိုတာ လူအများနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် Marketing မဖြစ်မနေလိုပါတယ်။ အလွန်အကျွံ Marketing မဖြစ်ဖို့သာ သတိထားရမှာပါ။ သူ့အိုးနဲ့ သူ့ဆန်တန်တဲ့ Marketing လိုပါတယ်။
နောက်ပြီး သတိထားရမှာက Marketing ဆိုတာ အချိန်ယူရပါတယ်။ အချိန်ပေးရပါတယ်။ တစ်ချို့ Marketing တွေဆိုရင် လုပ်ငန်းမစစဉ်ကတည်းက အချိန်ယူပြီး လုပ်ထားဖို့လိုပါတယ်။ Marketing နဲ့ ပတ်သက်ပြီး သင်တန်းတွေ တက်တာ မတက်တာထက် လူအများဆီရောက်မယ့် Trend ကို သေသေချာချာ လေ့လာထားဖို့ အသုံးချထားလို့ လိုပါတယ်။
တစ်ချို့ Plan တွေ မအောင်မြင်ရခြင်း အဓိက အကျဆုံး အချက်တစ်ခုက Marketing မရှိခြင်းဆိုတာ သတိပြုမိဖို့ လိုပါတယ်။
အမှား (၃) – စီးပွားရေးကို မြေစမ်းခရမ်းပျိုးခြင်း
အခုမှ စလုပ်တဲ့သူတွေ ဖြစ်တဲ့အတွက် စိုးရိမ်စိတ်၊ မဝံ့မရဲစိတ်တွေ ရှိတတ်ပါတယ်။ အဲဒီအတွက် မြေစမ်းခရမ်းပျိုးတတ်ကြပါတယ်။ တကယ်တော့ စီးပွားရေး လုပ်ငန်းဆိုတာ အဲဒီလို တို့စိတို့စိ လုပ်လို့မရပါဘူး။ မြေကိုကြိုစမ်းထားဖို့လိုပါမယ်။ ပြီးရင် တကယ် စိုက်ရပါမယ်။
စီးပွားရေးမှာ စမ်းလုပ်လို့ရတာ မရှိပါဘူး။ တကယ်လုပ်လို့ ရတာပဲ ရှိပါတယ်။ စမ်းလုပ်တာ ဖြစ်တဲ့အတွက် အားအပြည့်လဲ မပါပါဘူး။ Plan လဲ အပြည့်မပါပါဘူး။ စမ်းပါတယ်ဆိုမှ Marketing လဲ မပါတော့ပါဘူး။ စီးပွားရေး လုပ်မယ်ဆိုရင် စမ်းမလုပ်နဲ့ တကယ်လုပ်ပါ။
အမှား (၄) – လုပ်ငန်း၏ ရုပ်ပိုင်းဆိုင်ရာကို ပြင်ဆင်လွန်းခြင်း
စီးပွားရေးတစ်ခု လုပ်တော့မယ်ဆိုရင် ရုံးခန်းတို့ အလုပ်နေရာတို့ စတာတွေ လိုပါတယ်။ စီးပွားရေး မစခင်ကတည်းက ကိုယ့်ရုံးခန်းလေးကို ဘယ်လိုပြင်ဆင်လိုက်မယ်။ ဘယ်လိုထားမယ်။ ဘယ်လို တည်ဆောက်မယ် စသည်ဖြင့် ကြိုတင်စိတ်ကူးယာဉ်တတ်ပါတယ်။
အဲဒါတွေကို First Investment မှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် Expend လုပ်တဲ့အခါဖြစ်ဖြစ် အကြီးအကျယ် ပြင်ဆင်ကြပါတယ်။ အဲဒီမှာ သူ့အိုးနဲ့ သူ့ဆန် တန်ရုံမဟုတ်တော့ပဲ အကုန်အကျတွေ များသွားတတ်ကြပါတယ်။
တကယ်တော့ စီးပွားရေး လုပ်မယ်ဆိုရင် ငွေကို ဘယ်တော့မှ ခံစားချက်နဲ့ မသုံးပါနဲ့။ ဦးနှောက်နဲ့ သုံးဖို့လိုပါတယ်။ ဦးနှောက်နဲ့ သုံးတယ်ဆိုတာတောင် အတွေ့အကြုံ နုသေးတဲ့အချိန်မှာ အမှားအယွင်းတွေ အများကြီး ရှိတတ်တဲ့အတွက် ခံစားချက်နဲ့ သုံးရင် မှားဖို့က ၁၀၀% ဖြစ်ပါတယ်။
အမှား (၅) – ဝန်းကျင်အမှားကို ချဉ်းကပ်ခြင်း
အခုမှစလုပ်တဲ့အခါ ဘယ်ဝန်းကျင်ဟာ ကိုယ့်စီးပွားရေးအတွက် အထောက်အကူဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ အဲဒီအတွက် ဝန်းကျင်အမှားကို ဝင်တတ်၊ ချဉ်းကပ်မိတတ်ပါတယ်။
တကယ်တော့ ဝန်းကျင်တစ်ခုကို ဝင်တယ်ဆိုတာ ဒီအတိုင်း ဝင်လို့ မရပါဘူး။ သူ့ကိုကျွေးရတာ ရှိသလို၊ ကိုယ်က ပြန်ကျွေးရတာလဲ ရှိပါတယ်။ ကိုယ် ချဉ်းကပ်မိတဲ့ ဝန်းကျင်က ကြီးရင် ကြီးသလို အကုန်အကျလဲ များပါတယ်။ အဲဒီအတွက် ဝန်းကျင်အမှန်ကို သေသေချာချာ ရွေးချယ်ပြီး ချဉ်းကပ်တတ်ဖို့ လိုပါတယ်။
တစ်ခါတစ်လေ အဲဒီ ဝန်းကျင်က ရှိကို ရှိမနေတာလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဝန်းကျင် ကိုယ်ပြန်တည်ဆောက်ရမှာလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် အခုမှ စလုပ်မယ့်သူတွေအတွက် အဲဒီ ဝန်းကျင်ကို သိဖို့ အင်မတန်ခက်ပါတယ်။ အဲဒီအတွက် ဘယ်ဝန်းကျင်မှ ပုံပြီး မချဉ်းမိဖို့ ကိုယ်လုပ်ငန်းရဲ့ ROI နဲ့ ချိန်ကြည့်ဖို့ လိုကို လိုအပ်ပါတယ်။
အမှား (၆) – ရေတိုအလိုက်များခြင်း
ရေရှည်အလုပ်တွေဟာ အင်မတန်အချိန်ကြာပါတယ်။ အချိန်ယူ တည်ဆောက်ရပါတယ်။ ပြင်ဆင်ရပါတယ်။ အဲဒီမှာ အခုမှ စလုပ်တဲ့သူတွေအနေနဲ့ ရေတိုတွေ ပေါ်ပင်တွေ လိုက်တတ်ကြပါတယ်။ ငွေပေါ်ဖို့ မဖြစ်မနေ လိုနေတာကြောင့်လဲ ပါပါတယ်။ တကယ်တော့ ရော်ဘာပင်လဲ စိုက်သလို ကြားညှပ်ပြီး ချဉ်ပေါင်ပင်လဲ စိုက်ရမှာပါ။
အမှား (၇) – ဝန်ထမ်းများကို ပုံလွန်းခြင်း၊ ယုံလွန်းခြင်း
အခုမှ စပြီးစီးပွားရေး လုပ်မယ်ဆိုတဲ့အတွက် ဝန်ထမ်းတွေကိုလဲ ကိုယ်နဲ့အတူတူ ရုန်းကန်စေချင်ပါတယ်။ ကိုယ်သိသလို သိစေချင်တဲ့စိတ်၊ ကောင်းအတူဆိုးအတူ မိသားစုလို သွားလိုစိတ်တွေ များနေတတ်ပါတယ်။
ဒီနေရာမှာ တစ်ခုသိထားဖို့ လိုတာက ဝန်ထမ်းက ဝန်းထမ်းပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ အချိန်တန် လစာရနေဖို့ လိုပါတယ်။ ကိုယ်လစာမရတိုင်း သူတို့ကို လစာ မပေးလို့ မရပါဘူး။ နောက်တစ်ခုက ယုံလွန်းခြင်း ဖြစ်ပါတယ်။ လုပ်ငန်းခွင်ရဲ့ ရှိသမျှသော အကြောင်းအရာ အကုန်လုံးကို ဝန်ထမ်းတွေကို ယုံပြီး အကုန် အသိပေးထားခြင်း၊ ဝန်းထမ်းတွေကို နေရာတိုင်း ပါခွင့်ပြုခြင်း စတာတွေ လုပ်တတ်ကြပါတယ်။
အဲဒီမှာ ဝန်ထမ်းတွေက သူတို့ အခွင့်အရေးရတဲ့ အချိန် သူတို့ဘဝ တိုးတက်လမ်းအတွက် ရွှေးချယ်သွားတဲ့အခါ ရင်ကွဲရပါတယ်။ ဒါပေမယ့် အဲဒါ ကိုယ့်အမှားလို့ မှတ်ပါ။ ကိုယ်က လိုသည်ထက်ပိုပြီး ပုံလွန်း၊ ယုံလွန်းတာကြောင် ဖြစ်လာရတာပါ။