
Synology NAS နှင့် နှစ်ဆယ့်လေးနာရီ
- Soe Thiha Naung
- Knowledge
- Jun 13, 2019
- DS718+, NAS, Synology
NAS ဆိုတာ Network-Attached Storage ကို ခေါ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ ဒေတာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် NAS တွေက ဒီထက် ပိုပါတယ်။ ကျွန်တော်တို့ NAS တွေကို အကြမ်းအားဖြင့် ဒီရည်ရွယ်ချက်တွေနဲ့ သုံးကြပါတယ်။
- အချက်အလက်တွေက စက်ထဲရှိတဲ့ Storage Space လောက်နဲ့ မလုံလောက်တော့ဘူးဆိုလျှင်
- Private Cloud တစ်ခုအနေနဲ့ သုံးလိုလျှင်
- အချက်အလက်များကို အလိုအလျှောက် Backup ပြုလုပ်လိုလျှင်
- ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ဒေတာတွေ (ဥပမာ – ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ) မပျောက်ပျက်အောင် ထိန်းသိမ်းလိုလျှင်
- အချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်လိုလျှင်
- တကယ့် Server ကြီးတွေ ထိုင်ရသလို မရှုပ်ထွေးပဲ လွယ်လွယ်ကူကူ Setup ပြုလုပ်လိုလျှင်
တကယ်တော့ ကျွန်တော်တို့ HDD တွေဆိုတာ ဘယ်လောက်ကြီးတာထည့်ထည့် ဘေးမှာ External HDD တော့ ထပ်ဖြည့်ရတာပါပဲ။ အဲဒီတော့ External HDD နဲ့ NAS တွေ ဘာကွာလဲဆိုတာ အရင်လေ့လာကြည့်ဖို့ လိုပါတယ်။ NAS တွေမှာ Server တွေမှာ သုံးတဲ့ Technology တွေဖြစ်တဲ့ RAID Technology တွေ ပါပါတယ်။

4TB နှစ်လုံး ရှိတယ်ဆိုပါစို့။ အပြင်မှာ External အနေနဲ့ သုံးမယ်ဆိုရင် တစ်လုံးစီ ချိတ်သုံးရပါမယ်။ နှစ်လုံးစလုံး တစ်ပြိုင်တည်းမှတ် တစ်ပြိုင်တည်း သိမ်းမယ်ဆိုရင် ကိုယ်တိုင် လုပ်ပေးမှ ရပါမယ်။ RAID မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ RAID 1 လို့ ပြောလိုက်တာနဲ့ တစ်လုံးက Backup ဆိုတာ အလိုလို သိပါတယ်။ အဲဒီအတွက် HDD တစ်လုံး ပျက်သွားရင်တော့ တစ်လုံးက Data နဲ့ ပြန်ပြီး Recovery လုပ်လို့ရပါတယ်။
အပေါ်မှာ ပြထားတာက Synology ရဲ့ RAID Calculator ပါ။ ကိုယ်သုံးမယ့် HDD ဘယ်နှစ်လုံးဆိုတာ ရွေးချယ်ပြီး ဘယ်လို RAID အမျိုးအစားသုံးမယ်ဆိုတာ ရွေးချယ်လို့ရပါတယ်။ Synology မှာတော့ SHR နဲ့ SHR2 ဆိုပြီး ရွေးချယ်စရာ အပို ပါလာပါတယ်။ အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း 4TB HDD သုံးလုံး သုံးမယ်ဆိုရင် RAID 1 နဲ့ ရိုက်တဲ့အခါ 4TB ပဲ သုံးလို့ရမှာ ဖြစ်ပေမယ့် SHR နဲ့ဆိုရင် 8TB က အသုံး၊ 4TB က Backup ထားလို့ရပါတယ်။
နောက် NAS နဲ့ External HDD ကွာတာကတော့ NAS က LAN က သွားပြီး External HDD က USB ကသွားတာပါ။ ဒါပေမယ့် တစ်ချို့ HDD တွေမှာဆိုရင် Internet Network က သုံးလို့ရတာတွေ ရှိပါတယ်။ ကိုယ်တိုင် Web Server တစ်ခုလို သုံးလို့ရတာတွေ ရှိပါတယ်။
ကျွန်တော်တို့ ပုံမှန်အတိုင်းတော့ Cloud Storage တွေကို အသုံးပြုပြီး Backup တွေ ပြုလုပ်လေ့ရှိပါတယ်။ ဥပမာ – Google Drive တို့ iCloud တို့ပါ။ တော်ရုံ Storage တွေက အခမဲ့ရပေမယ့် Storage လိုအပ်ချက် များလာတာနဲ့အမျှ ပိုက်ဆံပေးလာရပါတယ်။ အဲဒီလို ပေးလာရပြီဆိုရင် TB နဲ့ ချီတဲ့ ဒေတာတွေအတွက် လစဉ်ပေးရတာ သက်သာမှာ မဟုတ်ပါဘူး။ NAS ကို သုံးမယ်ဆိုရင်တော့ Private Cloud အနေနဲ့ အသုံးပြုလို့ရပါတယ်။ Synology မှာတော့ Private Cloud ကို LAN အတွင်းမှာ သုံးလို့ရသလို QuickConnect သုံးပြီး Internet ကတစ်ဆင့် လှမ်းယူအသုံးပြုလို့လဲ ရပါတယ်။

အပေါ်မှာ ပြထားတာတွေကတော့ Synology NAS အတွက် ထုတ်ပေးထားတဲ့ Official App တွေပါ။ အဲဒါတွေ သုံးပြီး Personal Cloud သုံးလို့ရနိုင်ပါတယ်။ နောက်ထပ် NAS သုံးပြီး ကိုယ့်ဖုန်းထဲက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အလိုအလျှောက် Backup လုပ်ထားလို့ ရပါတယ်။
NAS ကို အသုံးပြုရခြင်း နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့ Team Collaboration ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ Synology NAS မှာဆိုရင် Chat တို့ Drive တို့ ပါပါတယ်။ အဲဒါတွေက ကိုယ့် အဖွဲ့အတွင်း ကိုယ့်ရုံးတွင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်အဆင်ပြေပါတယ်။
Synology NAS ကို အသုံးပြုရင်း နောက်ဆုံး နှစ်သက်မိတာ တစ်ခုက Docker လိုဟာတွေပါ သုံးလို့ရတာပါ။ အဲဒီအပြင် Joomla, WordPress, Drupal စသည်ဖြင့် Web Development နဲ့ ပတ်သက်ပြီး အတော်လေးကို စုံစုံလင်လင် အသုံးပြုလို့ရတာပါ။
ဒါကတော့ ၂၄ နာရီလောက် အသုံးပြုထားတဲ့ အတွေ့အကြုံကို ဝေမျှတာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။