
Smart Farming အကြောင်း အပိုင်း (၁)
- Soe Thiha Naung
- Knowledge
- May 27, 2019
- 5G, iot, Smart Farming
ကျွန်တော်အသက် ၄၀ နောက်ပိုင်း စိတ်ဝင်စားမိနေတာ တစ်ခုက Smart Farming လို့ခေါ်တဲ့ IoT နည်းပညာသုံး စိုက်ပျိုးရေးပဲ။ (IoT အကြောင်း သိချင်တယ်ဆိုရင် ဒီမှာ ဖတ်ပါ) ရန်ကုန်ရဲ့ ပူအိုက်မွန်းကြပ်တဲ့ ဝန်းကျင်ကနေ ထွက်ပြေးပြီး စိုက်ပျိုးရေးတစ်ခုခု လုပ်ချင်နေမိပါတယ်။ အဲဒီလို စိုက်ပျိုးရေး လုပ်တဲ့အခါကြရင်လဲ နည်းပညာသမားပီပီ Smart Farming လိုမျိုးကို စမ်းသပ်ကြည့်ချင်မိပါတယ်။ အိုင်အိုတီခေတ်ဆိုတာ အိုင်တီခေတ်ရဲ့ နောက်မှာ ဖြစ်လာမယ့် ခေတ်ကြီးလို့ ဆိုကြပါတယ်။ ကျွန်တော်တို့ Smart Farming အကြောင်း လေ့လာကြည့်ရအောင် …

Smart Farming ဆိုတာ ဘာလဲ
Smart Farming ဆိုတာကတော့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေကို သုံးပြီး ထုတ်ကုန်တွေရဲ့ အရည်အသွေးတွေ ပိုမြင့်လာအောင်၊ အရေအတွက်တွေ ပိုထွက်လာအောက် လုပ်တဲ့ နည်းပညာပါပဲ။
တောင်သူလယ်သမားတွေအတွက် ယခုလက်ရှိအနေအထားအရ Smart Farming မှာ အောက်ပါ နည်းပညာတွေ သုံးလို့ရနေပါပြီ။
အရည်အသွေးတိုင်းတာ စစ်ဆေးခြင်းဆိုင်ရာ နည်းပညာများ
အရည်အသွေး တိုင်းတာ စစ်ဆေးခြင်းဆိုင်ရာ နည်းပညာတွေထဲမှာ မြေဆီလွှာ အရည်အသွေးတိုင်းခြင်း၊ ရေ၏ အရည်အသွေးတိုင်းတာခြင်း၊ အလင်း၊ စိုထိုင်းစ၊ အပူချိန် စသည်ဖြင့် တိုင်းတာတာတွေ ပါဝင်ပါတယ်။
အပေါ်မှာ ပြထားတာကတော့ Soil Scanner အမျိုးအစားတစ်ခုကို အသုံးပြုပြတာ ဖြစ်ပါတယ်။ Soil Scanner တစ်ခုရဲက တန်ဖိုးက သေးတော့ မသေးပါဘူး။ ရွာတွေမှာဆိုရင်တော့ ဘုံသုံးလို့ရတဲ့ Soil Scanner တစ်ခုကို စုဝယ်ထားတယ်ဆိုတာနဲ့တင် လုံလောက်မယ် ထင်ပါတယ်။ မြေဆီလွှာရဲ့ အရည်အသွေးကို တိုင်းတာပြီး ဘာတွေ ထပ်ဖြည့်ဖို့လိုမယ်၊ ဘာတွေပြုပြင်ဖို့ လိုမယ်ဆိုတာ သိနိုင်ပါတယ်။ တရုတ်ကထုတ်တဲ့ စျေးပေါတဲ့ Soil Tester တွေလဲ ဝယ်လို့ရနိုင်မယ် ထင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တစ်ခြား စိုက်ပျိုးရေးသုံး Scanner တွေလဲ အများကြီး ရှိနေပြီ ဖြစ်ပါတယ်။
Software Application များ
ကိုယ်စိုက်လိုတဲ့ Farm အမျိုးအစားအတွက် အသုံးပြုလို့ရမယ့် Software တွေလဲ အများကြီး ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအပြင် ဘယ်လို Crop အမျိုးအစားအတွက်မဆို သုံးလို့ရနိုင်တဲ့ Software တွေလဲ ရနိုင်နေပြီဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ IT နည်းပညာရှင်တွေအနေနဲ့ ရင်းနှီးမြှတ်နှံမယ်ဆိုရင်လဲ အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ကျွန်တော် မြင်ပါတယ်။
အပေါ်မှာ ပြထားတာကတော့ Smart Farming Software တစ်ခုရဲ့ နမူနာပုံစံဖြစ်ပါတယ်။
ဆက်သွယ်ရေးနည်းပညာများ
Smart Farming ကနေ IoT အသုံးပြု Smart Farming လုပ်မယ်ဆိုရင် ဆက်သွယ်ရေးနည်းပညာတွေက မဖြစ်မနေ လိုအပ်ပါတယ်။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ 5G ဟာဆိုရင် IoT Smart Farming အတွက် အများကြီး အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ (5G အကြောင်း ဖတ်ချင်တယ်ဆိုရင် ဒီမှာ ဖတ်ပါ) ကိုယ့် စိုက်ခင်းထဲကို မသွားပဲ ကိုယ့်ဖုန်းကနေ အခြေအနေအားလုံးကို ကြည့်ရှု ထိန်းချုပ်နိုင်ဖို့ ဆက်သွယ်ရေး နည်းပညာက အဓိကကြတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
အပေါ်မှာ ပြထားတာကတော့ အိန္ဒိယက ICT နဲ့ Farming ကို ချိတ်ဆက်ပြထားတဲ့ ဗီဒီယိုလေး ဖြစ်ပါတယ်။
နေရာရှာဖွေသတ်မှတ်ခြင်းဆိုင်ရာ နည်းပညာများ (GPS)
ကျွန်တော်တို့ မွေးထားတဲ့ နွားတွေမှာ GPS Device လေးတွေ တပ်ပေးထားမယ်ဆိုရင် ကိုယ်နွားတွေ ဘယ်နေရာကို သွားနေသလဲ၊ ဘယ်နေရာမှာ စားနေသလဲဆိုတာ အလွယ်တကူ သိနိုင်ပါလိမ့်မယ်။ တကယ်တော့ GPS စနစ်ဟာ လယ်ထွန်စက်တွေကို အလိုအလျှောက်သွားပြီး လယ်ထွန်ခိုင်းတဲ့အထိ အသုံးဝင်ပါတယ်။ (ကျွန်တော်တို့ နိုင်ငံ အနေအထားအရ အဲဒီလို GPS အသုံးပြုပြီး လယ်ထွန်ဖို့ဆိုတာ တစ်ခြား မြေပြင်အနေအထား ဆိုင်ရာ ပြုပြင်မှုတွေပါ အများကြီး လုပ်ဖို့ လိုဦးမယ် ထင်ပါတယ်။) Drone တွေ အသုံးပြုပြီး ဆေးဖြန်းတာက အစ အခြား အသုံးပြုလို့ရနိုင်တဲ့ GPS ဆိုင်ရာ အသုံးဝင်မှုတွေ အများကြီး ရှိနေနိုင်ပါသေးတယ်။
အပေါ်မှာ ပြထားတာကတော့ Precision Agriculture ဆိုင်ရာ နည်းပညာအကြောင်းကို ရှင်းပြထားတာ ဖြစ်ပါတယ်။
IoT-based အသုံးချ နည်းပညာများ၊ ရိုဘော့များနှင့် Automation (အလိုအလျှောက် ပြုလုပ်နိုင်သည့် နည်းပညာများ)
ဒီအပိုင်းကတော့ ကနဦးကုန်ကျစရိတ် အများဆုံး အစိတ်အပိုင်းတွေလို့ ဆိုနိုင်ပါတယ်။ Return on Investment (ရင်းနှီးမြှတ်နှံလိုက်မယ်ဆိုရင် ပြန်ရနိုင်မယ့် အရာများ) အပေါ် သေချာတွက်ချက်ဖို့ လိုမယ်လို့ မြင်ပါတယ်။ တီထွင်ထားတဲ့ Devices အများစုဟာ နိုင်ငံခြားက ပုံစံတွေ ဖြစ်နေတာ များပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကိုက်မကိုက်ကို ပြန်ချိန်ညှိဖို့ လိုနိုင်ပါတယ်။
အပေါ်မှာ ပြထားတာကတော့ The Future of Farming & Agriculture ဆိုတဲ့ ဗီဒီယိုလေး ဖြစ်ပါတယ်။
အချက်အလက်များ စုဆောင်းခြင်း၊ ပေါင်းစပ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် ခန့်မှန်းခြင်း
တကယ်တော့ Smart Farming တစ်ခုလုံးရဲ့ အသက်ဟာ ဒေတာ ဖြစ်ပါတယ်။ အချိန်နဲ့ တစ်ပြေးညီဖြစ်ချင်တယ်ဆိုရင် ဆိုသလောက် အချက်အလက်တွေဟာ Big Data လို့ခေါ်တဲ့ ဧရာမဒေတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို Big Data တွေကို အကောင်းဆုံး ကိုင်တွယ်နိုင်မှသာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ အကောင်းဆုံး ခန့်မှန်းချက်တွေ ပြုလုပ်နိုင်မှာပါ။
ဒီ ဗီဒီယိုလေးကတော့ အချက်အလက်တွေကို အသုံးပြုပြီး Farming လုပ်တဲ့အခါ စိုက်ပျိုးရေးကို ဘယ်လို ပြောင်းလဲနိုင်သလဲဆိုတာ ပြောပြထားတာ ဖြစ်ပါတယ်။
ဆက်ပါဦးမယ် …