IoT ဆိုတာ ဘာလဲ

IoT ဆိုတာ ဘာလဲ မပြောခင်မှာ ကျွန်တော် စိတ်ကူးယဉ်ကြည့်နေတာလေးကို အရင်ပြောချင်ပါတယ်။

Image from SciForce

ကျွန်တော့်မှာ စိုက်ခင်းလေး တစ်ခုရှိတယ်ဆိုပါစို့။ စိုက်ခင်းရဲ့ မြေဆီလွှာအနေအထားကို တိုင်းတဲ့စက်လေးနဲ့ တိုင်းမယ်။ ရေလိုနေလားဆိုတာကိုလဲ အဲဒီလိုပဲ တိုင်းမယ်။ အရာအားလုံးကို ကျွန်တော် စိုက်ခင်းလေးဆီ မရောက်ခင်မှာ ကျွန်တော် ဖုန်းကတစ်ဆင့် အကုန်ကြည့်လို့ရနေမယ်။ လိုအပ်ရင် ရေပါ လှမ်းလောင်းထားလို့ ရမယ်ပေါ့။ အောက်မှာ ပြထားတဲ့ YouTube ကတော့ China ကပါ။

Smart Agriculture

အဲဒီ YouTube Video လေးဟာ IoT ရဲ့ နမူနာ ပုံစံတစ်ခုပါပဲ။

IoT ဆိုတာ

IoT ဆိုတာ The Internet of Things ရဲ့ အတိုကောက်ဖြစ်ပါတယ်။ အရာအားလုံးကို အင်တာနက်နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ်ကွက်ကဲ ခိုင်းစေ စစ်ဆေးလို့ရတဲ့ စနစ်ကြီးကို IoT လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း အသုံတွေ ဆူညံလာတဲ့ 5G မှာ IoT ဟာလဲ အများကြီး တိုးတက်ပြောင်းလဲလာမယ်လို့ မျှော်လင့်နေကြပါတယ်။ (ဖတ်ရန် – 5G ဆိုတာ ဘာလဲ)

IoT Eco-System

ကျွန်တော်တို့တွေ စိုက်ပျိုးရေး ခေတ်၊ စက်မှုလက်မှုခေတ်၊ အခုလက်ရှိ အိုင်တီခေတ် (သို့) သတင်းအချက်အလက် နည်းပညာခေတ် ဆိုပြီး ပြောကြပါတယ်။ သေချာပါတယ်။ နောက်တစ်ခေတ်ဟာ IoT Age လို့ခေါ်တဲ့ အိုင်အိုတီခေတ်ကြီးဖြစ်ပါလိမ့်မယ်။ IT ဟာ စိုက်ပျိုးရေးနဲ့ ပေါင်းသွားတယ်။ စက်မှုလက်မှုတွေနဲ့ ပေါင်းသွားတယ်။ အဲဒီလို အရာအားလုံး ပေါင်းစပ်သွားတဲ့ အခြေအနေရောက်အောင် IoT က စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

IoT မှာ ဘယ်နယ်ပယ်တွေ ပါလဲ

IoT မှာ နယ်ပယ်တိုင်း ပါတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ကိုယ်တွေ အပေါ့အလေးသွားတာက စလို့ နောက်ဆုံး သေတဲ့အထိ အိုင်အိုတီနဲ့ ချိတ်ဆက်လို့ ရတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။

အခုနောက်ပိုင်း Smart နဲ့ စတဲ့ စကားလုံးတိုင်းဟာ နောက်မှာ IoT ဆိုတာ တွဲပါလာနေပါတယ်။ ဥပမာ Smart Home ဆိုပါစို့။ ကိုယ့်အိမ်ခန်းထဲ ဝင်လာတာနဲ့ အပူချိန်ကို တိုင်းပြီး အဲယားကွန်းဖွင့်ပေးမယ်။ မီးတွေ ဖွင့်ပေးမယ်ဆိုပါစို့။ IoT သာ ပါလာခဲ့ရင် အိမ်ကိုမရောက်ခင်ကတည်းက လိုအပ်တာတွေ အကုန်လှမ်းခိုင်းထားလို့ရနေပါလိမ့်မယ်။ အဲယားကွန်းဖွင့်ထား၊ ထမင်းအိုးတည်ထား၊ ရေနွေးအိုးတည်ထား စသည်ဖြင့်ပေါ့။ (မြန်မာပြည်မှာ ဆိုရင်တော့ မီးပျက်နေတာနဲ့ IoT တွေ အလုပ်လုပ်ချင်မှာ လုပ်ပါလိမ့်မယ် :P)

Life Simplified with Connected Devices

ဒါတွေကတော့ IoT ရဲ့ နမူနာ ပုံစံတွေ ဖြစ်ပါတယ်။ နယ်ပယ်စုံဆိုတော့ IoT နဲ့ ချိတ်မရတာ ဘာမှ မရှိပါဘူး။

IoT နဲ့ ပတ်သက်ပြီး စိုးရိမ်မှုများ​​​

IoT နည်းပညာတွေ ခေတ်စားလာတာနဲ့အမျှ စိုးရိမ်စရာတွေလဲ ရှိလာတာအမှန်ပါပဲ။ ကွန်ပျူတာတွေ စပေါ်ခါစ အကိုကြီးမျက်လုံးလို အရာရာကို စောင့်ကြည့်နိုင်စွမ်းက IoT တွေမှာ ရှိနေပါတယ်။ 5G လို နည်းပညာတွေနဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အချက်အလက်တွေဟာ ဟိုကနေ ဒီကို အချိန်တိုလေးအတွက် ကူးပြောင်းရယူသွားနိုင်ပါတယ်။ IoT Devices တွေရဲ့ လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူပြီး မသမာမှုတွေလဲ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် သေချာတာ တစ်ခုကတော့ အိုင်တီခေတ်ကြီးရဲ့ နောက်မှာ အိုင်အိုတီခေတ်ကြီး ရှိနေပါပြီ။ တစ်ချို့နိုင်ငံတွေဟာ ရောက်သင့်သလောက်ရောက် ပေါက်သင့်သလောက် ပေါက်နေကြပါပြီ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ရော အိုင်အိုတီခေတ်ကြီးကို အမှီလိုက်နိုင်မယ်လို့ သင်ထင်ပါသလား။