
5G ဆိုတာ ဘာလဲ
- Soe Thiha Naung
- Knowledge
- May 25, 2019
- 5G
ခုနောက်ပိုင်း အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး စစ်ပွဲမှာ Huawei နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့ရေး လှုပ်ရှားမှုတွေ ပြင်းထန်လာတာ သိကြပါလိမ့်မယ်။ လူတွေ သတိထားမိတဲ့ အပိုင်းက ဟွာဝေးက ထုတ်တဲ့ ဖုန်းတွေကို Google က ပိတ်လိုက်တယ်။ အဲဒီအတွက် Update တွေ ရမှာမဟုတ်တော့ဘူး။ အဲဒီလောက်ပဲ သိကြပါတယ်။ တကယ်တန်းတော့ အမေရိကန်က ဟွာဝေးကို တိုက်ချင်တာ မိုဘိုင်းဖုန်းတွေ မဟုတ်ပါဘူး။ 5G လို့ခေါ်တဲ့ ကွန်ယက်ဖွဲ့ချိတ်ဆက်မှု အပိုင်းမှာ ဟွာဝေးရဲ့ ရှေ့ကိုရောက်နေတဲ့ လက်တံတွေကို ဖြတ်ပစ်ချင်တာပါ။
အဲဒီအတွက် နည်းလမ်းမျိုးစုံသုံးပြီးတော့ကို ဟွာဝေးကို ပိတ်ဆို့ဖို့ ဒေါ်နယ်ထရန့်အနေနဲ့ ကြိုးစားနေပေမယ့် သူ့နဲ့အတူ ပူးပေါင်းမယ့် နိုင်ငံဆိုလို့ Australia နဲ့ Japan လောက်ပဲ ရှိပါတယ်။ အမေရိကန်နဲ့ အမြဲလိုလို ပူးပေါင်းလေ့ရှိတဲ့ ဗြိတိန်လိုနိုင်ငံတောင် 5G နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ပူးပေါင်းပိတ်ဆို့ဖို့ တွန့်ဆုတ်နေပါတယ်။ ဘာဖြစ်လို့ အဲဒီလောက်အထိတောင် 5G အပေါ် အမေရိကန်က အတင်းလိုက်ပိတ်နေတာလဲ။ (သူတို့အကြောင်းပြတဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘာကြောင့် တစ်ခြားနိုင်ငံတွေက မယုံကြည်ကြတာလဲ၊ အဲဒါလဲ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။)
ကျွန်တော်တို့ကတော့ “5G ဆိုတာ ဘာလဲ” လေ့လာကြည့်ရအောင်ဗျ။
5G ဆိုတာဘာလဲ
5G ဆိုတာကတော့ ကျွန်တော်တို့ သိထားတဲ့ 3G, 4G စတဲ့ မိုဘိုင်းကွန်ယက်ချိတ်ဆက်မှုရဲ့ ပဉ္စမမြောက်မျိုးဆက် ဖြစ်ပါတယ်။ 3G ကနေ 4G ချိန်းတဲ့အချိန်တုန်းက အဲဒီလောက်အထိ အသံတွေ မထွက်ခဲ့ပေမယ့် အခုမှ ဘာဖြစ်လို့ အသံတွေ ထွက်လာရတာလဲ။ အရင်ဆုံး Speed ကွာခြားချက်ကို လေ့လာကြည့်ရအောင်

3G တုန်းကတော့ အလွန်ဆုံး 384 Kbps အထိပဲ ရခဲ့ပါတယ်။ နောက်ပိုင်း 4G ကွန်ယက်မှာတော့ 100 Mbps အထိ ရလာပါတယ်။ ဒါပေမယ့် 5G မှာတော့ လုံးဝ မတူတော့ပါဘူး။ 1 Gbps ကနေ 10 Gbps အထိ ဖြစ်လာပါတယ်။ 1024 Mb မှာ 1 Gb ရှိတာဆိုတော့ ဘယ်နှစ်ဆအထိ မြန်သွားလဲဆိုတာ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကတော့ အမြန်နှုန်းပါ။
နောက်တစ်ခုကတော့ Latency အပိုင်းပါ။ ကားတစ်စီးက ရွေ့နေတယ်ဆိုပါစို့။ အဲဒီ ရွေ့နေတဲ့ ကားပေါ်မှာ ကျွန်တော်တို့ ဖုန်းပြောနေတယ်ဆိုပါစို့။ ရွေ့နေတဲ့အတွက် ကွန်ယက်ဖွဲ့ ချိတ်ဆက်မှုအရ Tower တိုင်တစ်ခုနဲ့ တစ်ခု ပြောင်းပြီး ချိတ်ဆက်ရမယ်ဆိုရင် တစ်ခုနဲ့တစ်ခု ပြောင်းသွားတဲ့အခါ ချိတ်ဆက်ဖို့ ကြာမြင့်တဲ့အချိန်တွေ ရှိပါတယ်။ အဲဒါကို Latency လို့ ခေါ်ပါတယ်။

2G ကွန်ယက်မှ Tower တိုင်တစ်ခုနဲ့ တစ်ခုအပြောင်း ချိတ်ဆက်မိဖို့အတွက် 629 ms ကြပါတယ်။ (ms ဆိုတာ မီလီစက္ကန့် ဖြစ်ပါတယ်) 3G မှာ 212 ms ကြာပါတယ်။ 4G LTE မှာတော့ 98 ms ကြာပါတယ်။ အဲ … 5G မှာဆိုရင်တော့ 1ms လောက်ပဲ ကြာပါတော့တယ်။
5G ရဲ့ အားသာချက်များ
5G အနေနဲ့ Speed အဆမတန် မြန်သွားတဲ့အပြင် Latency လဲ 1ms လောက်ပဲ ရှိတော့မယ်ဆိုတော့ ဘာတွေ ပြောင်းလဲလာမလဲ။ Speed မြန်သွားတာပဲလား၊ Latency နည်းသွားတာပဲလား မဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မိုဘိုင်းကွန်ယက် ချိတ်ဆက်မှု LifeStyle တစ်ခုလုံး ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။
အမြင်သာဆုံး အပြောင်းအလဲတစ်ခုကို ပြပါဆိုရင် 4K ရုပ်ရှင်ကားတစ်ကားကို Buffer လို့ခေါ်တဲ့ ကြားခံ မှတ်သားသိမ်းဆည်းရတာ မလိုပဲ ဒီအတိုင်း ကြည့်နိုင်ပါလိမ့်မယ်။
အဲဒီလောက်လေးနဲ့ အသည်းအသန် ဖြစ်စရာလိုလို့လား။ တစ်ခြားအားသာချက်တွေကိုလဲ လေ့လာကြည့်လိုက်ရအောင်

5G ရလာတဲ့အတွက်
Autonomous Driving – ကားကို အလိုအလျှောက် ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စနစ်တွေ ရလာပါလိမ့်မယ်။ အရင်က 4G LTE မှာတုန်းက အလိုအလျှောက် မောင်းနှင်တဲ့အခါ Latency ကြောင့် အခက်အခဲတွေ အများကြီး ရှိခဲ့ပေမယ့် အခု Latency 1ms ဆိုတော့ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
Augmented Reality – AR အကြောင်းကို နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင်တော့ အရင်က ကျွန်တော်တို့ Pokémon GO ဆိုတဲ့ ဂိမ်းကို ကစားဖူးကြမယ် ထင်ပါတယ်။ အဲဒီမှာ လမ်းပေါ်က ပီကာချူးလေးတွေကို အလုံးလေးနဲ့ ပစ်ပြီး ဖမ်းကြတာပေါ။ တကယ်တန်း လမ်းပေါ်မှာ ပီကာချူးမရှိပါဘူး။ ကင်မယာထဲကသာ မြင်နေရတာပါ။ အဲဒါ Augmented Reality ပါပဲ။

ဒါပေမယ့် အဲဒီမှာလဲ Connection Speed ကြောင့် ကိုယ်မြင်ချင်တဲ့ ပီကာချူးကို ချက်ချင်းမြင်ရဖို့ Real Time ဖြစ်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။ တကယ်တန်း Argmented Reality ဆိုတာ လူနာကို ခွဲစိတ်တာက အစ၊ စက်ပစ္စည်းအဆုံး Real Time ရမယ်ဆိုရင် သုံးစရာနေရာ အများကြီးပါ။ အဲဒီလို Real Time ရဖို့အတွက် 5G က ကူညီပေးနိုင်ပါတယ်။
Tactile Internet – Tactile Internet ဆိုတာကတော့ Latency အနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး၊ လုံခြုံမှုအရှိဆုံး၊ အကြားအလပ်မရှိဆုံး Real Time အင်တာနက် ဝန်ဆောင်မှုကို ဆိုလိုပါတယ်။ IoT (Internet of Things) လို့ခေါ်တဲ့ အင်တာနက်က တဆင့် ထိန်းချုပ် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာတွေမှာ 5G ကွန်ယက်ဟာ အကြီးမားဆုံးသော အပြောင်းအလဲတွေကို ယူဆောင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ စိုက်ထားတဲ့ အပင်တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ်။ လူနာတွေကို အဝေးကနေ ခွဲစိတ်နိုင်မယ်။ အများကြီး အများကြီးပါပဲ။ IoT တွေရဲ့ အသုံးဝင်မှုတွေကို အများကြီး အဆင့်မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။
ဒါက 5G ရဲ့ အားသာချက် အကျဉ်းချုပ်လောက်ပဲ ဖြစ်ပါတယ်။ တခြားအားသားချက်တွေ အများကြီး ရှိပါလိမ့်ဦးမယ်။
5G အပေါ် စိုးရိမ်မှုများ
5G အနေနဲ့ အားသာချက်တွေလဲ ရှိသလို စိုးရိမ်မှုတွေလဲ ရှိပါတယ်။ အမေရိကန်က ဒေါ်နယ်ထရန့်တို့ အကြောင်းပြနေတဲ့ နိုင်ငံတော် လုံခြုံရေးလိုဟာတွေပေါ့။ သိပ်မြန်လွန်းတဲ့ ကွန်ယက်မှာ နိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို အချိန်ခဏလေးအတွင်းမှာ ရယူသွားမလားပေါ့။ အရာရာ Cloud Based သွားနေတဲ့ အနေအထားမှာ Data တွေဟာ အမြန်ဆုံး စီးဆင်းသွားပြီး နိုင်ငံတော် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာမလားပေါ့။ ဒါကလဲ ဖြစ်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 5G မှ မဟုတ်၊ 4G လောက်ကတည်းက အကုန်မြင်နေရတဲ့ အနေအထား ဖြစ်ပါတယ်။
နောက်တစ်ခု စိုးရိမ်မှုက ကျန်းမာရေး ရှုထောင့်က ဖြစ်ပါတယ်။ 5G ရဲ့ မြန်နှုန်းမြင့် ကွန်ယက်တွေရဲ့ သက်ရောက်မှုကြောင့် လူတွေအတွက် ဘာတွေ အန္တရယ်ဖြစ်လာမလဲ စိုးရိမ် ပူပန်ကြပါတယ်။ ဒါလဲ စောင့်ကြည့်ရမယ့် အနေအထားပဲ ရှိပါသေးတယ်။ အရင်က ကမ်းရိုးတန်းဖုန်းတွေကို ကိုင်တဲ့အခါ သတိထားရမယ့် အနေအထားတွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။
5G နှင့် နိုင်ငံတကာ အားပြိုင်မှုများ
5G နဲ့ ပတ်သက်ပြီး ဟွာဝေးအနေနဲ့ ဘယ်လောက်အထိ လက်တံရှည်နေပြီဆိုတာ အတိအကျ စာရင်းဇယားတွေ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဟွာဝေးကို ပိတ်ပစ်ဖို့ လှုံ့ဆော်တဲ့ အမေရိကန်ရဲ့ အဖွဲ့ထဲကို ဩဇီနဲ့ ဂျပန်ပဲ ပါသေးတယ်ဆိုတာ ကြည့်မယ်ဆိုရင် လက်တံအတော်ရှည်နေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ 5G နဲ့ ပတ်သက်ပြီး ရှေ့ဆက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်မယ့် အနေအထားမှာ ရှိပါတယ်။ Win-Win Competition တွေထက် Win-Lose Competition ပုံစံတွေ Lose-Lose Competition ပုံစံတွေနဲ့ ယှဉ်ပြိုင်ကြမယ့် အနေအထားလို့ ဆိုနိုင်ပါတယ်။
(ကျွန်တော် လေ့လာမိသလောက် မျှဝေခြင်း ဖြစ်ပါတယ်။ အမှားအယွင်းများ ပါရှိပါက ထောက်ပြ ဆွေးနွေးနိုင်ပါတယ်။ ထပ်ဖြည့် ဆွေးနွေးလိုပါကလဲ ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ၊)